ဝါးစိမ်းတောင်ဒေသ ဓာတ်သတ္ထုစမ်းသပ်တူးဖော်ရေးစီမံကိန်းကို ကန့်ကွက်ကြောင်း ပူးတွဲသဘောထား ထုတ်ပြန်ကြေညာချက်

ထုတ်ပြန်ကြေညာချက်

(၃၀၊၉၊၂၀၁၉)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝါးစိမ်းတောင်ဒေသတွင် ဓာတ်သတ္ထုစမ်းသပ်တူးဖော်ရေး လုပ်ပိုင်ခွင့်ကို တရုတ်နိုင်ငံ မြန်မာယန်စီကုမ္ပဏီ (Myanmar Yang Tse Copper Ltd.)အား စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဒေသခံလူထု၏ သဘောထားများကို ဆန့်ကျင်လျက် ခွင့်ပြုလိုက်သည်ဟု သိရှိရပါသည်။
ဝါးစိမ်းတောင် သတ္ထုစမ်းသပ်တူးဖော်ရေးစီမံကိန်း အပြည့်အစုံမှာ ယင်းမာပင်၊ ဆားလင်းကြီးနှင့် ကနီမြို့နယ် ၃ ခုမှ မြေဧရိယာ အကျယ်အဝန်း ၁၁၂,၉၈၂ ဧက ဖြစ်ပြီး ယခု ကနဦး ၂၈,၁၃၆ ဧကကို ခွင့်ပြုလိုက်ခြင်း ဖြစ်ပါသည်။
ဒေသခံလူထုအနေဖြင့် ဝါးစိမ်းတောင် သတ္တုတူးဖော်ရေးစီမံကိန်းကြောင့် စိုက်ပျိုးမြေများနှင့် သောက်သုံးရေပါ ပျက်စီးဆုံးရှုံးသွားပြီး လက်ပံတောင်းစီမံကိန်းထက်ပင် ကြီးမားသည့်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်သည်ဟု စိုးရိမ်နေကြသည့်အတွက် ကန့်ကွက်ကြောင်း ၎င်းတို့၏သဘောထားကို တိုင်းဒေသကြီးအစိုးရထံ အကြိမ်ကြိမ် တင်ပြခဲ့ပြီး ဖြစ်သည်။
မိမိတို့၏ လေ့လာမှုအရ စီမံကိန်းဆောင်ရွက်လာပြီဆိုလျှင် စီမံကိန်းဧရိယာက ကျေးရွာပေါင်း ၁၂၀၊ စာသင်ကျောင်း ၈၆ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၁၃၉ ကျောင်း၊ စိုက်ပျိုးမြေ၊ စားကျက်မြေ၊ သာသနာ့မြေ၊ ကြိုးဝိုင်းကြိုးပြင် သစ်တောမြေနှင့် ဒေသခံကျေးရွာသား ၈၀,ဝ၀ဝ ကျော်တို့၏ လူမှုဘဝ၊ စီးပွားရေးဘဝများ ထိခိုက်ပျက်စီးသွားနိုင်သည်ဟု သိရှိရပါသည်။
ဤကဲ့သို့သော စီမံကိန်းကြီးများကို ဆောင်ရွက်မည်ဆိုလျှင် စီမံကိန်းကြောင့် ရရှိနိုင်မည့်အကျိုးကျေးဇူး၊ ထိခိုက် ဆုံးရှုံးနိုင်မည့် အပျက်အစီး၊ ချုပ်ဆိုကြမည့်စာချုပ်၏ သဘောသဘာဝ စသည်တို့ကို ဒေသခံပြည်သူလူထု၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများထံ အသေအချာချပြပြီး ဖြစ်ပေါ်နိုင်သည့် အကျိုးအပြစ်များကို ဘက်ပေါင်းစုံ တွက်ချက်ပြီး အကျေလည်ဆုံးသောသဘောထားဖြင့် ဆုံးဖြတ်ကြရမည် ဖြစ်ပါသည်။
ထို့အတွက် ယင်းမာပင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီကိုယ်တိုင် ၂၀၁၉ခုနှစ် ဇွန်လ ၂၄ ရက်နေ့က ဝါးစိမ်းတောင်စီမံကိန်းနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်၌ မေးခွန်းမေးမြန်းခဲ့ရာ စီမံကိန်းကို ဒေသခံပြည်သူလူထုလက်ခံမှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်ကိုလည်း အသိပေးမည်ဖြစ်ကြောင်း အစိုးရအဖွဲ့က ပြန်လည်ဖြေကြားထားပြီး ဖြစ်သည်။
ယခုကိစ္စမှာ လွှတ်တော်ကိုလည်း အသိမပေး၊ ဒေသခံပြည်သူလူထု၏ သဘောဆန္ဒကိုလည်း လျစ်လျူရှုကာ တိုင်းဒေသကြီးအစိုးရက ဒီမိုကရေစီလုပ်ဟန်ကင်းမဲ့စွာ အာဏာရှင်ဆန်ဆန် ၂၈,၁၃၆ ဧကကို စမ်းသပ်တူးဖော်ခွင့် ချပေးလိုက်ခြင်းဖြစ်ရာ ဤလုပ်ရပ်အပေါ် မိမိတို့က ပြင်းထန်စွာ ကန်ကွက်ရှုတ်ချပါသည်။
မိမိတို့အင်အားစုအသီးသီးအနေဖြင့် စမ်းသပ်တူးဖော်ရေးစီမံကိန်းဖျက်သိမ်းရေး ဝါးစိမ်းတောင်ဒေသပြည်သူများ၏ ကန့်ကွက်ဆန္ဒထုတ်ဖော်မှုကို အပြည့်အဝ စာနာထောက်ခံပြီး ကူညီဝန်းရံသွားမည် ဖြစ်ပါသည်။
တိုင်းဒေသကြီးအစိုးရအနေနှင့်ဖြစ်စေ၊ ပြည်ထောင်စုအစိုးရအနေနှင့်ဖြစ်စေ ဒေသခံပြည်သူများ၏ ဆန္ဒသဘောထားကို အလေးထားပြီး ခွင့်ပြုမှုနှင့်ပတ်သက်၍ အမြန်ဆုံး ပြန်လည်စဉ်းစားပြီး ဒေသခံလူထု၏ဆန္ဒနှင့်အညီ ပြောင်းလဲဆုံးဖြတ်ပေးပါရန် အလေးအနက် အကြံပြုတိုက်တွန်းအပ်ပါသည်။

ပူးတွဲသဘောထားထုတ်ပြန်ကြသည့် အဖွဲ့အစည်းများ

၁။ ကျေးလက်လူထုလှုပ်ရှားမှုဝန်းရံရေးကော်မတီ
၂။ တရားမျှတရေးနှင့်အမှန်တရားဖေါ်ထုတ်ရေးကော်မတီ
၃။ တိုးတက်သောဒီမိုကရက်တစ်အင်အားစု (PDF)
၄။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်
၅။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)
၆။ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး (SDUF)
၇။ ၁၉၇၄၊ ၇၅၊ ၇၆ နိုင်ငံရေးအင်အားစု
၈။ ၁၉၇၄၊၁၉၇၅ သပိတ်မှောက်အကျဉ်းကျ အလုပ်သမားဟောင်းကြီးများကွန်ရက်
၉။ လူ့ဘောင်သစ်လူငယ် (YNS)
၁၀။ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့ (UNDO)
၁၁။ တောင်သူလယ်သမားအရေး လှုပ်ရှားဆောင်ရွက်သူများအဖွဲ့ (AGFA)
၁၂။ ၁၉၉၀ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့
၁၃။ ကရင်အမျိုးသမီးအစည်းအရုံး (KWU)
၁၄။ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ စုံစမ်းရေးကော်မတီ
၁၅။ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂအဖွဲ့
၁၆။ ဗမာနိုင်ငံလုံးဆိုင်ရာ တောင်သူလယ်သမားများကွန်ရက်
၁၇။ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအမျိုးသမီးအဖွဲ့ (DPW)
၁၈။ စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့ (GPS)

ဆက်သွယ်ရန်
၁။ ဦးငွေလင်း (ဝ၉ ၉၇၅၄ ၈၆၈၈၃)
၂။ ဦးစိုးမိုးနိုင် (ဝ၉ ၄၄၁၂၅ ၈၄၈၉)

[ngg src=”galleries” ids=”685″ display=”basic_thumbnail”]