ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on April 30th, 2016
စစ်ကိုင်း၊ ပတ္တမြားစက်မှုဇုန်၊ Myanmar Veneer သစ်အချောထည်စက်ရုံ အလုပ်သမားသပိတ်စစ်ကြောင်းသည် စစ်ကိုင်းမှ နေပြည်တော်သို့ ချီတက်လာခဲ့ကြပါသည်။ ထို့အတွက် ၃၀၊ ၄၊ ၂၀၁၆ ရက်နေ့တွင် မန္တလေးတိုင်း၊ စဥ့်ကိုင်မြို့၊ လေးမျက်နှာဘုရားတန်ဆောင်း အရောက်တွင် လိုအပ်နေသော သောက်ရေသန့်၊ ဓါတ်ဆား၊ ခမောက်နှင့် ဖိနပ်များကို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ရဲဘော် များက သွားရောက်လှူဒါန်းခဲ့ပါသည်။ ထိုသို့သွားရောက်လှူဒါန်းစဉ် ပါတီဗဟိုဦးဆောင်ကော်မတီဝင် ဦးထွဋ်ဦးလှိုင်၊ ဗဟိုစည်းရုံးရေးကော်မတီဝင် ဦးသန့်စင် တို့က သပိတ်မှောက်အလုပ်သမားများ၏ ကျန်းမာရေးအခြေအနေများနှင့် အခြားလိုအပ်နိုင်သည့် ကိစ္စများကိုလည်း အလုပ်သမားခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ကြပါသည်။ ပါတီသည် အလုပ်သမားများ၏ အခွင့်အရေးနှင့် အခြေခံရပိုင်ခွင့်များဆိုင်ရာ မှန်ကန်သော တောင်းဆိုတိုက်ပွဲဝင်မှုများ နှင့်ပတ်သက်၍ ပါတီ၏ မူဝါဒများနှင့်အညီ အစဉ်အမြဲထောက်ခံသွားမည်ဖြစ်ပြီး လိုအပ်သလို ၀န်းရံသွားမည် ဖြစ်ပါ သည်။
By DPNS INFORMATION, on April 30th, 2016 ၁။ အလုပ်သမား တစ်ရာကျော် တဘက်သတ် အလုပ်ထုတ်ခံရသည့်အတွက် ကန့်ကွက် ဆန္ဓပြ တောင်းဆိုကြသည့် စစ်ကိုင်း၊ ပတ္တမြားစက်မှုဇုန် Myanmar Venner သစ်အချောထည်စက်ရုံ အလုပ်သမား များသည် စစ်ကိုင်းမှ နေပြည်တော်သို့ ခြေလျှင်ခရီး သပိတ်မှောက် ချီတက်လျက်ရှိကြောင်း သိရှိရပါသည်။ ၂။ အလုပ်သမားများ၏တောင်းဆိုချက် (၆)ချက်မှာ အခြေခံကျသော ရပိုင်ခွင့်များသာဖြစ်လျက် တရားမျှတသော တောင်းဆိုချက်များအဖြစ် မိမိတို့ပါတီက အပြည့်အဝ ထောက်ခံပါသည်။ ၃။ သက်ဆိုင်ရာ လုပ်ငန်းရှင်များသည်လည်းကောင်း၊ နိုင်ငံတော်အစိုးရ၏ တာဝန်ရှိသူအသီးသီး သည်လည်းကောင်း အချိန်ကာလ ရှည်လျားစွာ နစ်နာခဲ့ကြရပြီး ပြင်းထန်သည့် ရာသီဥတုဒဏ်အောက်ဝယ် ခြေလျှင်ခရီးရှည် ချီတက်နေရသော အလုပ်သမားများအား စာနာထောက်ထားလျက် ၎င်းတို့ တရားမျှတစွာ တောင်းဆိုလျက်ရှိသည့် (၃)ပွင့်ဆိုင် ဆွေးနွေး အဖြေရှာ ညှိနှိုင်းမှုကို အမြန်ဆုံး ဆောင်ရွက်ပေးကြပါရန်နှင့် အစဉ်လာဆိုးဖြစ်သော အကြမ်းဖက် ဖြိုခွင်း၊နှိပ်ကွပ်ခြင်းမျိုး လုံးဝ မပြုလုပ်ပါရန် မိမိတို့ပါတီက အလေး အနက် တောင်းဆိုအပ်ပါသည်။ ၄။ အခြားသော အလုပ်သမားအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ အပါအဝင် အသီးသီးသော လူထုအဖွဲ့အစည်းများနှင့် ပြည်သူအများကလည်း ၎င်းတို့၏ အခြေခံရပိုင်ခွင့် အတွက် ခရီးရှည် လမ်းလျှောက် ချီတက်နေကြရသည့် သပိတ်မှောက်အလုပ်သမားများအား မိမိတို့ တတ်နိုင်သည့်နည်းဖြင့် ဝန်းရံ ကူညီ စောင့်ရှောက်ပေးကြပါရန် မိမိတို့ပါတီက လေးစားစွာ မေတ္တာရပ်ခံ၊ နှိုးဆော်အပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ ဧပြီလ (၃၀) ရက်။
By DPNS INFORMATION, on April 28th, 2016
မြန်မာပါတီစုံဒီမိုကရေစီအစီအစဉ်မှ စီစဉ်ကျင်းပသော ရွေးကောက်ပွဲဆိုင်ရာ ပြန်လည်သုံးသပ်ခြင်း ဒေသအဆင့် ပါတီစုံဆွေးနွေးပွဲကို မန္တလေးမြို့တွင် ၂၀၁၆ ဧပြီလ ၂၈ ရက်နေ့က ကျင်းပခဲ့ပါသည်။ ထိုဆွေးနွေးပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ဗဟိုဦးဆောင်ကော်မတီဝင် ဦးတင်ကိုအောင်နှင့် ဗဟိုစည်းရုံး ရေးကော်မတီဝင် ဦးသန့်စင်တို့ တက်ရောက်ပြီး ပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ သဘောထားများကို ဆွေးနွေးခဲ့ကြပါ သည်။ ပါတီသည် ၂၀၁၅ ပါတီစုံရွေးကောက်ပွဲတွင် လွှတ်တော် ၃ ရပ်အတွက် ကိုယ်စားလှယ်လောင်း (၂၁) ဦး ၀င်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း၊ ပါတီအနေဖြင့် မိမိတို့ပါတီ ၀င်ရောက်ယှဉ်ပြိုင်ခြင်း မရှိသည့်နေရာများတွင် ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို အာမခံနိုင်သည်ဟု ယူဆရသည့် ပါတီများ အနိုင်ရရေးအတွက် ၀ိုင်းဝန်းဆောင်ရွက်ရန် ပါတီမှ မူ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ ပါတီအနေဖြင့် ရွေးကောက်ပွဲတွင် တနေရာမှ အနိုင်မရရှိခဲ့သော်လည်း မိမိတို့၏လူထုကြားတွင် စည်းရုံးလှုပ်ရှားခဲ့ရ သည့် တန်ဖိုးမဖြတ်နိုင်သည့် အတွေ့အကြုံများကို ရရှိခဲ့ကြောင်း ထည့်သွင်း ဆွေးနွေးတင်ပြခဲ့ကြပါသည်။
By DPNS INFORMATION, on April 25th, 2016
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီဝင်များနှင့် ပါတီဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေး ကွန်ရက် တာဝန်ရှိသူများသည် ၂၅၊ ၄၊ ၂၀၁၆ ရက်နေ့က ရန်ကုန်မြို့ ဆိပ်ကမ်းသာလမ်းရှိ ပါတီဌာနချုပ်ရုံးခန်းတွင် တွေ့ ဆုံခဲ့ကြပါသည်။ တွေ့ဆုံပွဲတွင် လက်ရှိနိုင်ငံရေး အခြေအနေများ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စရပ်များနှင့် ပတ်သက်သော အမြင် သဘောထားများကို ရင်းရင်းနှီးနှီး ဆွေးနွေး ဖလှယ်ခဲ့ကြသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်း သို့မဟုတ် အသစ်ရေးဆွဲခြင်း မပြုလုပ်နိုင်သေးသမျှ စစ်အာဏာရှင်စနစ် ၏ ဗိုလ်ကျစိုးမိုးမှုများသည် ပုံသဏ္ဍာန်အမျိုးမျိုးနှင့် ရှိနေဦးမည် ဖြစ်ကြောင်း၊ ထို့အတွက် အစိုးရသစ်အပါအ၀င် အင်အားစု အားလုံးက ၎င်းကိစ္စအပေါ် အလေးအနက်ထားကြရန် လိုအပ်ကြောင်း၊ စစ်မှန်သည့် ငြိမ်းချမ်းရေး တနည်း အရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးကို ရရှိဖို့ ဆိုသည်မှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ခြင်းနှင့် တိုက်ရိုက်အချိုးကျ နေကြောင်း ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on April 23rd, 2016
ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) ပြည်နယ်နှင့်တိုင်း လုပ်ငန်းအဖွဲ့များ၏ ၆ လပတ် အစည်းအဝေးကို ၂၀၁၆၊ ဧပြီလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ရှိ ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမ၌ ကျင်းပ ခဲ့ပါသည်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တွင် အဖွဲ့ဝင် အဖွဲ့အစည်းဖြစ်သဖြင့် ထို အစည်းအဝေးကို ပါတီမှ ဒေါ်နှင်းနှင်းမွှေးက တာဝန်ယူ၍ တက်ရောက်ခဲ့ပါသည်။ အစည်းအဝေးတွင် NNER လုပ်ငန်းအဖွဲ့၏ အစီရင်ခံစာ၊ ပြည်နယ်နှင့်တိုင်း လုပ်ငန်းအဖွဲ့များ၏ ဆောင်ရွက်ပြီးစီးမှုအခြေ အနေ၊ ရွှေ့ပြောင်းဒေသနှင့် ဒုက္ခသည်စခန်းများ၏ ပညာရေးအခြေအနေတို့ကို လုပ်ငန်းအစီရင်ခံစာများ တင်သွင်းခဲ့ကြပါ သည်။ အစည်းအဝေးသို့ ကျောင်းသားများ၏ ရပ်တည်ချက် သဘောထားများနှင့်ပတ်သက်၍ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်း ကော်မတီကိုယ်စား ကိုနန္ဒာစစ်အောင်ကလည်းကောင်း၊ ထားဝယ်ခရိုင် ကျောင်းသားများသမဂ္ဂကိုယ်စား ကိုမင်းလွင်ဦးက လည်းကောင်း၊ မကွေးဆေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂကိုယ်စား ကိုဗထူးခန့်ကလည်းကောင်း တင်ပြခဲ့ကြပါသည်။ NNER ၏ပညာရေးမူဝါဒကို ဖက်ဒရယ်ပြည်ထောင်စုစနစ်နှင့် ကိုက်ညီသော ပညာရေးမူဝါဒအဖြစ် သတ်မှတ်ကျင့်သုံးရန်နှင့် NNER ဖွဲ့စည်းမှုဆိုင်ရာအဆိုများကို ဒေါက်တာသိန်းလွင်က တင်သွင်းပြီး အစည်းအဝေးတက်ရောက်လာသူများက အတည်ပြုခဲ့ကြပါသည်။ ထို့အပြင် NNER၏ ရှေ့လုပ်ငန်းစဉ်များကိုလည်း အပိုင်း ၃ ပိုင်းခွဲကာ ဆွေးနွေး အတည်ပြုခဲ့ကြ ပါသည်။ ဒုတိယနေ့ဖြစ်သည့် (၂၄၊၄၊၂၀၁၆)ရက်နေ့တွင် ဖက်ဒရယ်နိုင်ငံတော်နှင့် ဒီမိုကရေစီပညာရေးစနစ်ခေါင်းစဉ်ဖြင့် ပညာရေး ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ (၁) ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးနှင့်ပညာရေး၊ (၂) ဖက်ဒရယ်နိုင်ငံနှင့် ဒီမိုကရေစီ ပညာရေးစနစ်၊ (၃) ပညာရေးအရည်အသွေး၊ (၄) ပညာရေး အခွင့်အလမ်းများ ခေါင်းစဉ်တို့ဖြင့် အပြန်အလှန် ဆွေးနွေး ဖလှယ်ခဲ့ကြပါသည်။ ဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ပညာရေးဌာနများ၊ ဘာသာရေးအသင်းအဖွဲ့များ၊ ပညာရေးအဖွဲ့အစည်း များမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ပြည်နယ်နှင့်တိုင်းအသီးသီးမှ NNER ကွန်ရက်အဖွဲ့ဝင်များ၊ ဆရာဆရာမများ၊ ကျောင်းသူ ကျောင်းသားများ၊ စိတ်ပါဝင်စားသူများ စုစုပေါင်း ၆၀၀ နီးပါး တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
By DPNS INFORMATION, on April 20th, 2016
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီနှင့် ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီမှ တာဝန်ရှိ သူများသည် ၂၀၁၆ ဧပြီလ ၂၀ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်းရှိ ပါတီဌာနချုပ်ရုံးခန်းတွင် တွေ့ဆုံ ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးမှုတွင် လူ့ဘောင်သစ်ဒီိမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသော ဗကသများအဖွဲ့ချုပ်ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ ၀န်းရံပြည်သူများကို မိမိတို့ပါတီက လှိုက်လှိုက် လှဲလှဲ ကြိုဆိုဂုဏ်ပြုပါကြောင်း ဦးစွာ ပြောကြားခဲ့ပါသည်။ ၎င်းနောက် လက်ရှိဖြစ်ထွန်းနေသောနိုင်ငံရေးအခြေအနေများသည် များစွာ ရှုပ်ထွေးလျက်ရှိကြောင်း၊ ဗကသများအဖွဲ့ချုပ် နှင့် အာဏာရပါတီတို့အကြား ယုံကြည်မှု ထိခိုက်ပျက်ပြားသွားစေရန် ပြောဆိုရေးသားနေမှုများ ရှိနေသည်ကို အမြော် အမြင်ကြီးကြီးဖြင့် ကျော်လွှားသွားကြရမည်ဟု ပါတီဘက်က အကြံပြုလိုပါကြောင်း၊ သမိုင်းအဆက်ဆက် တာဝန်ကြေခဲ့ သည့် ဗကသများအဖွဲ့ချုပ်၏ အစဉ်အလာအတိုင်း ဆက်လက်ကြိုးပမ်းသွားကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း အလေး အနက်ထား တင်ပြပြောဆိုခဲ့ပါသည်။ ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ကလည်း ပါတီက ယခုကဲ့သို့ တန်ဖိုးထား ဖိတ်ကြားဆွေးနွေး သည်ကို ကျေးဇူးအထူးတင်ပါကြောင်း ဦးစွာ ပြောဆိုပြီး ဗကသများအဖွဲ့ချုပ်၏ သဘောထား ရပ်တည်ချက်များကို ပြန်လည် ရှင်းလင်းတင်ပြပေးခဲ့ပါသည်။ ကိုသီဟ၀င်းတင်၊ ကိုမင်းသွေးသစ်နှင့် မဟန်နီဦးတို့ကလည်း လက်ရှိနိုင်ငံရေးအခြေအနေများနှင့် လတ်တလော ဆောင် ရွက်ရန် ရည်ရွယ်ထားသည်များကို ဆက်လက်ဆွေးနွေးပေးကြပါသည်။ ထို့နောက် နှစ်ဖက် တာဝန်ရှိသူများက လက်ရှိ နိုင်ငံရေးအခြေအနေများကို စဉ်ဆက်မပြတ် လေ့လာသွားကြရန်နှင့် အခါ အားလျော်စွာ တွေ့ဆုံကြပြီး အမြင်ဖလှယ်သွားကြရန် သဘောတူခဲ့ကြပါသည်။
By DPNS INFORMATION, on April 11th, 2016 သဘောထားထုတ်ပြန်ကြေညာချက် (၂ / ၂၀၁၆) ၁။ လွတ်မြောက်လာသော ကျောင်းသားများ၊ ၀န်းရံပြည်သူများ၊ တက်ကြွလှုပ်ရှားသူများကို မိမိတို့ လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီက လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဂုဏ်ယူစွာ ကြိုဆိုနှုတ်ခွန်းဆက်ပါသည်။ ၂။ ထိုသို့ လွတ်မြောက်လာရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသေးသည့် ရဲဘော်များ လွတ်မြောက် ရေးအတွက်လည်း ဆက်လက်ကြိုးပမ်းနေသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အစိုးရသစ်၏ အားထုတ်မှုများအပေါ် မိမိတို့ပါတီက လေးစားအသိအမှတ်ပြုပါသည်။ ၃။ ပြန်လည်လွတ်မြောက်လာပြီး (၉၊၄၊၂၀၁၆) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်သည့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂများအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်ပါ ရပ်တည်ချက်များနှင့် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်း ဆောင်များ၏ တရားဝင် ထုတ်ဖေါ်ပြောကြားချက်များကို မိမိတို့ပါတီက အပြည့်အ၀ ထောက်ခံပါသည်။ ၄။ ကျောင်းသားထုနှင့် လူမျိုးစုံမြန်မာပြည်သူတရပ်လုံး၏ ရေရှည်အကျိုးကို အပြည့်အ၀အာမခံသည့် အမျိုးသားပညာ ရေးဥပဒေတရပ် အခိုင်အမာ ပေါ်ထွက်လာရေးအတွက် ယခင်အစိုးရက ပစ်ပယ်ထားခဲ့သော လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးပွဲကို အစိုးရသစ်၊ လွှတ်တော်သစ်တို့နှင့် ဆက်လက်ဆောင်ရွက်သွားကြရန် သက်ဆိုင်သူအားလုံးကို မိမိတို့ ပါတီက အလေးအနက် တိုက်တွန်းအပ်ပါသည်။ ၅။ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ ဒီမိုကရေစီပညာရေးလှုပ်ရှားမှုဦးဆောင်ကော်မတီတို့ အပါ အ၀င် ကျောင်းသားသမဂ္ဂများနှင့် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ဒီမို ကရေစီပညာရေးလှုပ်ရှားမှုနှင့် မပြီးဆုံးသေးသော ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို ဆက်လက် သယ် ဆောင်ကြရမည့် ဒီမိုကရေစီအရေးတော်ပုံတပ်သားများ ဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ ၆။ သို့ပါ၍ ဒီမိုကရေစီအရေးတော်ပုံတပ်သားများ အချင်းချင်းအကြား သွေးစည်းညီညွတ်မှု ပျက်ပြားအောင်၊ အထင်အ မြင် လွဲမှားအောင်၊ အပြန်အလှန်တန်ဖိုးထားမှု လျော့ပါးအောင် ရည်ရွယ်ချက်ရှိရှိ အကွက်ချ ပြောဆိုရေးသားနေမှုများ ကို မိမိတို့ပါတီက အပြင်းအထန် ကန့်ကွက်ရှုတ်ချပါသည်။ ၇။ မိမိတို့ပါတီသည် ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေး အပါအဝင် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင် အစိုးရသစ်၏ လွှတ်တော်တွင်းဆောင်ရွက်မှုများနှင့် ဆက်စပ်၊ အကောင်အထည်ဖော်သွားရေးအတွက် မိတ်ဆွေ နိုင်ငံ ရေးအင်အားစုများ၊ ဗကသများအဖွဲ့ချုပ် အပါအဝင် ကျောင်းသားအင်အားစုများ၊ တိုင်းရင်းသားပြည်သူများ၊ အရပ်ဖက် အင်အားစုများ၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက်(NNER)တို့နှင့် ဆက်လက် ပူးပေါင်းဆောင် ရွက်၊ အားထုတ်ကြိုးပမ်းသွားမည် ဖြစ်ပါကြောင်း လေးလေးနက်နက် ဖော်ပြအပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ ဧပြီလ၊ ၁၁ ရက်။
By DPNS INFORMATION, on April 10th, 2016
၂၀၁၆ ဧပြီလ ၁၀ရက်နေ့တွင် ကျရောက်သည့် (၁၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ အခမ်းအနားကို နေပြည် တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်ရှိ အောင်နန်းချို ကျေးရွာတွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အထွေထွေအတွင်းရေးမှူး၊ အတွင်းရေးမှူး(၂) နှင့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါ သည်။ ပါတီမှ ဂုဏ်ပြုသ၀ဏ်လွှာလည်း ပေးပို့ခဲ့ပါသည်။ အခမ်းအနားတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ကယန်းတိုင်းရင်းသားရေးရာဝန်ကြီးတို့ တက်ရောက် မိန့်ခွန်းပြော ကြားခဲ့ကြသည်။ အခမ်းအနားသို့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တိုင်းရင်းသားလူမျိုးများရေးရာ ပြည်ထောင်စုဝန်ကြီး၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်များ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ တက္ကသိုလ် ဆရာ၊ဆရာမများသမဂ္ဂနှင့် အခြား နိုင်ငံရေးအဖွဲ့အစည်းများကလည်း သဝဏ်လွှာများ ပေးပို့ခဲ့ကြပါသည်။ အခမ်းအနားတွင် ပညာရေး၊ အားကစား၊ အနုပညာစသည့် နယ်ပယ်အသီးသီးတွင် ထူးချွန်သည့် ကယန်းတိုင်းရင်း သားများကိုလည်း ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ပါတီရဲဘော်များသည် ကယန်းပြည်သစ်ပါတီဥက္ကဋ္ဌနေအိမ်သို့ သွားရောက်ပြီး တွေ့ဆုံနှုတ်ဆက်ခဲ့ပြီး တွဲဖက်အထွေ ထွေအတွင်းရေးမှူး ဗိုလ်မှူးစောလွင်နှင့် လက်ရှိနိုင်ငံရေးအခြေအနေများ၊ ငြိမ်းချမ်းရေးအလားအလာများကို ဆွေးနွေး ခဲ့ကြပါသည်။
By DPNS INFORMATION, on April 8th, 2016
အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး၊ ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်ဆန္ဒပြသဖြင့် မတရား ဖမ်းဆီးချုပ် နှောင်ခံထားရသည့် ကျောင်းသားများ၊ ဝန်းရံပြည်သူများသည် သာယာဝတီ၊ မြင်းခြံနှင့် အင်းစိန်အကျဉ်းထောင်တို့မှ ၈၊ ၄၊ ၂၀၁၆ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့ကြပါသည်။ ပြန်လည်လွတ်မြောက်လာသူများက ရန်ကုန်မြေသို့ ပြန်ရောက်ရောက်ချင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်သို့ သွားရောက်ဂါရဝပြုခဲ့ကြပါသည်။ ကျောင်းသားများနှင့် ၀န်ရံပြည်သူများကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေး အဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူများ၊လူထု အခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ပြည်သူများက ဆရာကြီးဂူဗိမာန်မှ တခဲနက် ၀မ်းသာလှိုက်လှဲစွာ ဆီးကြိုနှုတ်ဆက်ကြပါသည်။ ထိုနှုတ်ဆက်ပွဲတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ကိုယ်စား ဦးအောင်ထိုက်၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်ကိုယ်စား ဦးထွန်းဝင်းငြိမ်းတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ ကြပါသည်။ လွတ်မြောက်လာသူများကိုယ်စား ဗကသများအဖွဲ့ချုပ်မှ ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင်၊ ကိုမိုးထက်နေနှင့် မအိသဉ္ဇာ မောင်တို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြပြီး ည ၁း၀၀ နာရီကျော်တွင် ကြိုဆိုဂုဏ်ပြုပွဲ ပြီးဆုံးခဲ့ပါသည်။
By DPNS INFORMATION, on April 5th, 2016 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းထားသည့် အစိုးရသစ်သို့ တိုက်တွန်းအကြံပြုချက် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ဖွဲ့စည်းလိုက်သည့် အစိုးရသစ် ကို မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက နွေးထွေးစွာ ကြိုဆိုပါသည်။ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရရှိခဲ့ခြင်းနှင့် အစိုးရ သစ်ကို ယခုကဲ့သို့ ဦးဆောင်ဖွဲ့စည်းနိုင်ခဲ့ခြင်းတို့သည် လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အဖွဲ့ဝင်တို့၏ စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်မှုများကြောင့်ဖြစ်သလို လူထုလူတန်းစားအသီးသီးနှင့် လူမျိုးစုံပြည်သူတို့၏ ဒီမိုကရေစီရေးတိုက်ပွဲတလျှောက်လုံး ဘ၀ပေါင်းများစွာ၊အသက်ပေါင်းများစွာ ပေးဆပ်စွန့်လွှတ်ကာ မဆုတ်မနစ် ရုန်းကန်တိုက်ပွဲ ၀င်ခဲ့မှုများကြောင့်လည်း ဖြစ်သည်ဟု မိမိတို့ပါတီက ခံယူပါသည်။ အစိုးရသစ်အနေဖြင့် ပြည်သူလူထုတရပ်လုံးနှင့် နိုင်ငံတကာ၏ ထောက်ခံဝန်းရံမှုများ၊ မျှော်လင့်မှုများကို ရရှိပိုင်ဆိုင်ထား နိုင်သည့်အတွက် မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်ဂုဏ်ယူပါသည်။ ဤသို့သော ထောက်ခံဝန်းရံမှုမျိုးသည် အစိုးရတရပ် အဖို့ တန်ဖိုးဖြတ်၍မရသော အင်အားများ ဖြစ်ပါသည်။ တပြိုင်တည်းတွင် အစိုးရသစ်အဖို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ပိတ်ဆို့ကန့်သတ်ထားမှုများအောက်တွင် စိန်ခေါ် ချက်များ၊ အခက်အခဲများကိုလည်းကောင်း၊ ယခင်အစိုးရက မီးမွှေးချန်ထားပစ်ခဲ့သော ပြဿနာမျိုးစုံကိုလည်းကောင်း မရှောင်မလွှဲ သာ ရင်ဆိုင်ကြရလိမ့်မည်ဟု မိမိတို့ပါတီက သုံးသပ်ပါသည် လူမျိုးစုံပြည်သူတို့၏ မျှော်လင့်ချက်များကို ဖြည့်စွမ်းနိုင်ဖို့နှင့် အခက်အခဲအတားအဆီးတိုင်းကို ကျော်လွှားနိုင်ဖို့ဆိုလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် မဟာမိတ်စည်းကို ကျယ်ကျယ်ဖွင့်ထားရန် လိုအပ်ပါသည်။ မဟာမိတ်များနှင့် လူထုတရပ် လုံး၏ အပြည့်အ၀ ၀န်းရံလက်တွဲဆောင်ရွက်မှုကို တန်ဖိုးထားစွာဖြင့် လမ်းဖွင့်ကြိုဆို ရယူနိုင်ရန် လိုအပ်သည်ဟု အလေးအနက် အကြံပြုအပ်ပါသည်။ ထို့အပြင် ကျောင်းသားများ၊ ၀န်းရံပြည်သူများ၊အလုပ်သမား၊လယ်သမားများအပါအ၀င် မတရားဖမ်းဆီးခံထားကြရသည့် နိုင်ငံ ရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်မြောက်စေရေး၊ ယခင်အစိုးရများကြောင့် နိုင်ငံတကာသို့ ရောက်ရှိနေကြသော အင်အားစုများ ပြည်တွင်းသို့ ပြန်လာခွင့် ရရှိရေး၊ လက်နက်ကိုင်တော်လှန်ရေးအင်အားစုအသီးသီး ငြိမ်းချမ်းရေး တံခါးပွင့်သွားရေးတို့အတွက် အစိုးရသစ်အနေဖြင့် ပွဲဦးထွက်ခြေလှမ်းတလှမ်းအဖြစ် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်တစ်ရပ်ကို အမြန်ဆုံး ကြေညာပေးသင့် ကြောင်း အကြံပြု တိုက်တွန်းအပ်ပါသည်။ မိမိတို့ပါတီသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အဖိနှိပ်ခံများလွတ်မြောက်ရေးနှင့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ရည်မှန်းချက်များအတွက် ကျရာအခန်းမှ အတက်ကြွဆုံး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မှန်ကန်သည့် လုပ်ရပ်များကို မိမိတို့ပါတီ ၏ (၂၈) နှစ်တာ သက်တမ်းတလျှောက် ၀န်းရံထောက်ခံခဲ့သည့်နည်းတူ ယခုကာလများမှာလည်း မိတ်ဆွေပီသစွာ ဆက်လက် ၀န်းရံသွားမည်ဖြစ်ကြောင်း မိမိတို့ပါတီ၏ သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်) ၂၀၁၆ ခုနှစ်၊ ဧပြီလ၊ ၅ ရက်။
|