အနယ်နယ်အရပ်ရပ်တွင် ကျင်းပနေကြသော (၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားများကို မိမိတို့ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီက မွန်အမျိုးသားထုတရပ်လုံးနှင့်ထပ်တူထပ်မျှ ဂုဏ်ယူတန်ဖိုးထားပါကြောင်း လှိုက်လှဲဝမ်းမြောက်စွာ နှုတ်ခွန်း ဆက်သအပ်ပါသည်။ ဒီမိုကရေစီဆိတ်သုဉ်းမှု၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကင်းမဲ့မှုတို့ကြောင့် ဖြစ်ပွားနေသော ပြည်တွင်းစစ် ဒဏ်ကို မွန်အမျိုးသားများအပါအ၀င် ပြည်ထောင်စုဘွားတိုင်းရင်းသားတိုင်း ရာစုတ၀က်ကျော် ခါးဆီးခံခဲ့ကြရသည်ဟု မိမိတို့ပါတီက အလေးအနက် နားလည်ပါသည်။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ခုခံစစ်ကို ဆင်နွှဲနေသော လက်နက်ကိုင်တော်လှန်ရေးအင်အား စုများနှင့် လက်ရှိအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး နှစ်ဖက်သဘောတူလက်မှတ်ထိုးပွဲတရပ် ကျင်းပပြုလုပ်ရန် ကြိုးပမ်းနေခြင်း သည် မိမိတို့နိုင်ငံအတွက် အရေးကြီးသည့် နိုင်ငံရေးခြေလှမ်းတရပ် ဖြစ်သည်ဟု မိမိတို့ပါတီက ရှုမြင်ပါသည်။ တပြည်လုံးအတိုင်းအတာဆောင်သော ခိုင်မာသည့်အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်ပြီးသည်နှင့် တဆက်တည်း နိုင်ငံရေး အင်အားစုအသီးသီးပါဝင်ပြီး တန်းတူရည်တူ ဆွေးနွေးအဖြေရှာနိုင်သည့် ပြည်ထောင် စုညီလာခံကြီးတရပ်ကို ကျင်းပပြုလုပ်ကြရမည် ဖြစ်ပါသည်။ ထိုညီလာခံကြီးတွင် အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသည့်၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိုအပြည့်အ၀အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရန်အတွက် တမျိုးသားလုံးဆိုင်ရာသဘောတူညီချက်တရပ်ကို ချမှတ်ကြရမည် ဖြစ်ပါသည်။ ထိုသဘောတူညီချက်ကို နိုင်ငံရေးလမ်းညွှန်အဖြစ်ကိုင်စွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေးအပါအ၀င် မိမိတို့နိုင်ငံတွင် ရင်ဆိုင်နေကြရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာ အရပ်ရပ်ကို ဖြေရှင်းကျော်လွှားကာ ငြိမ်းချမ်းပြီး အစဉ် ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီခေတ်သစ်တရပ်ကို တည်ဆောက်ကြရမည်ဖြစ်သည်ဟု မိမိတို့ပါတီက အခိုင်အမာယုံကြည်ပါသည်။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် မွန်အမျိုးသားများအပါအဝင် တိုင်းရင်းသား လူမျိုးစုံပြည်သူများနှင့် အတူ ဤလုပ်ငန်းစဉ်ကြီးအတွင်းမှာ ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မွန်အမျိုးသားများ၏ (၆၇)ကြိမ် မြောက် မွန်အမျိုးသားနေ့တွင် လေးနက်တည်ကြည်စွာ ကတိပြုလျှက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်) ၂၀၁၄ ခုနှစ်၊ ဖေေါ်ဝါရီလ (၁၅) ရက်