ဝါးစိမ်းတောင် ဓာတ်သတ္တုစမ်းသပ်တူးဖေါ်ရေးစီမံကိန်း ကန့်ကွက်ပွဲသို့ ထောက်ခံကြိုဆိုပေးပို့သော သဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ

(၃၀၊ ၉၊ ၂၀၁၉)

၁။ ယနေ့ (၃၀၊ ၉၊ ၂၀၁၉)တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီမြို့နယ်များရှိ ဒေသခံကျေးရွာသားများစုစည်းလျက် တရုပ်ပိုင် ယန်စီကုမ္ပဏီအား ကနဦး ဓာတ်သတ္တုစမ်းသပ်တူးဖေါ်ခွင့် ပေးလိုက်ခြင်းအား ကန့်ကွက်ဆန္ဒပြပွဲကြီးကို မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ထောက်ခံကြိုဆိုလျက် သဝဏ်လွှာပေးပို့ ဂုဏ်ပြုအပ်ပါသည်။

၂။ ယန်စီကုမ္ပဏီ၏ ဝါးစိမ်းတောင် သတ္တုတူးဖေါ်ရေးစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံကျေးရွာသားများက ကန့်ကွကွနေသည့်ကြားက ဤကနဦး စမ်းသပ်လုပ်ကိုင်ခွင့်ကို ခွင့်ပြုခဲ့ခြင်းဖြစ်သလို စီမံကိန်းအပြည့်အဝသာ အကောင်အထည်ဖေါ်ဖြစ်ခဲ့ပါက ဒေသတွင်းကျေးရွာ ၁၂၀ ကျော်ရှိ ဒေသခံ ၈၀,ဝ၀ဝ ကျော်ခန့် လူမှုစီးပွားရေးဘဝများ ထိခိုက်နစ်နာသွားနိုင် ကြောင်း ကြားသိရပါသည်။
မည်သည့်စီမံကိန်းမဆို အများပြည်သူ သိရှိဝေဖန်နိုင်ရန် အဆင့်တိုင်းတွင် ပွင့်လင်းမြင်သာသော အသိပေးစနစ် ရှိရမည်ဖြစ်ပြီး ဒေသခံများ၏ သဘောဆန္ဒများ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများ၏ အမြင်သဘောထားများနှင့် နိုင်ငံတကာစံချိန်စံညွှန်းများအပေါ်တွင် အခြေခံ ဆောင်ရွက်ရမည်ဖြစ်သည်။ ဒေသခံတို့၏ လူမှု စီးပွားဘဝ နစ်နာမှုများကို ပြန်လည်ထူထောင်ပေးရန် အာမခံသည့် အစီအစဉ်များလည်း ပါရှိရမည်ဖြစ်သည်။

၃။ ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီ ဒေသခံများက မိမိတို့သဘောထားဆန္ဒများကို ဆန့်ကျင်လျက် ခွင့်ပြုခဲ့သော ဤ ကနဦး စမ်းသပ်တူးဖေါ်ခွင့်အပေါ် ဒီမိုကရေစီနည်းကျ ကန့်ကွက်ဆန္ဒပြကြခြင်းသည် နိုင်ငံသားပြည်သူတို့၏ အခြေခံအခွင့်အရေး ရှိသည်အတိုင်း ဆောင်ရွက်ခြင်းဖြစ်၍ တရားနည်းလမ်းကျသော၊ မှန်ကန်သော တိုက်ပွဲဝင်မှုအဖြစ် မိမိတို့ပါတီက လေး လေးနက်နက် ထောက်ခံအပ်ပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအနေဖြင့်လည်းကောင်း၊ ယန်စီကုမ္ပဏီအနေဖြင့်လည်းကောင်း၊ အခြားသက်ဆိုင်ရာ တာဝန်ရှိသူအသီးသီး အနေဖြင့်လည်းကောင်း စီမံကိန်းကို ဆန့်ကျင်ကန့်ကွက်နေသည့် ဒေသခံပြည်သူများ၏ တရား နည်းလမ်းတကျ တောင်းဆိုမှုကို အလေးအနက်ထား၍ အကျေအလည် ညှိနှိုင်းဆွေးနွေး အဖြေရှာရန် တိုက်တွန်းအပ်ပါ သည်။

၄။ မိမိတို့ပါတီအနေဖြင့် ယခု ယင်းမာပင်၊ ဆားလင်းကြီး၊ ကနီဒေသခံပြည်သူများ အပါအဝင် နိုင်ငံနှင့်အဝှမ်း ဖြစ်ပေါ် လျက်ရှိသည့် လယ်ယာမြေ နစ်နာဆုံးရှုံးရမှုများ၊ နိုင်ငံသားအခြေခံအခွင့်အရေး ဆုံးရှုံးရမှုများကို ရင်ဆိုင်ခံစားနေရသည့် အဖိနှိပ်ခံ လူမျိုးစုံ မြန်မာပြည်သူများနှင့်အတူ ပူးပေါင်းလက်တွဲလျက် ရုန်းကန်အားထုတ်သွားမည်ဖြစ်ကြောင်း တင်ပြလျက်
သဝဏ်လွှာ ပေးပို့အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)