ဆက်သွယ်ရန် အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – [email protected]
Facebook – Democratic Party for a New Society
|
By DPNS INFORMATION, on October 26th, 2015 သဘောထားထုတ်ပြန်ချက် (၆ / ၂၀၁၅) ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ၊ ၂၆ ရက် သာယာဝတီထောင်တွင်း နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး အစာငတ်ခံဆန္ဒပြမှုနှင့်ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် ၁။ သာယာဝတီ အကျဉ်းထောင်အတွင်း ဗကသ ကျောင်းသားခေါင်းဆောင် ကိုအောင်မှိုင်းဆန်းက နိုင်ငံရေးအကျဉ်းသား များ လွှတ်ပေးရန် တောင်းဆိုချက်ဖြင့် (၂၃၊ ၁၀၊၂၀၁၅)နေ့မှ စတင်လျက် အစာငတ်ခံဆန္ဒပြ တိုက်ပွဲဝင်ကြောင်း ကြားသိ ရပါသည်။ ၂။ ယနေ့ကာလတွင် မိမိတို့တိုင်းပြည်သည် အထွေထွေရွေးကောက်ပွဲကျင်းပရေး၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး၊ နိုင်ငံရေးအရ တမျိုးသားလုံးဆိုင်ရာ တွေ့ဆုံဆွေးနွေးကြရေး၊ အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေး စသည့် အရေးကြီးသောဖြစ်စဉ်များကို အကြိုဖြတ်သန်းနေကြရသည့်ကာလ ဖြစ်ပေသည်။ ဤဖြစ်စဉ်အတွင်း နိုင်ငံသားပြည်သူတိုင်း လွတ်လပ်စွာပါဝင်ခွင့်ရှိရေးအတွက် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက် မရှိလွှတ်ပေးရန် တောင်းဆိုချက်သည် ဆီလျော်၊ မှန်ကန်သည်ဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်သည်။ လေးလေး နက်နက် ထောက်ခံအပ်ပါသည်။ ၃။ နိုင်ငံအစိုးရနှင့် အဆင့်ဆင့်သော တာဝန်ရှိသူတို့အနေဖြင့် သာယာဝတီအကျဉ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြနေ သည့် ဗကသရဲဘော် ကိုအောင်မှိုင်းဆန်းကို သားသမီးချင်း စာနာမှုဖြင့်လည်းကောင်း၊ နိုင်ငံသားပြည်သူတို့၏ အခြေခံပိုင်ခွင့် အပေါ် လေးစားမှုဖြင့်လည်းကောင်း၊ ဒီမိုကရေစီကျင့်ဝတ်အရလည်းကောင်း သွားရောက်၊ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုပြုပါရန် မိမိ တို့ပါတီက တိုက်တွန်း၊ တောင်းဆိုအပ်ပါသည်။ ၄။ အစာငတ်ခံဆန္ဒပြနေသည့် ကိုအောင်မှိုင်းဆန်း၏ ကျန်းမာရေးနှင့် အသက်ဘေးရန် အရပ်ရပ်တို့ ကင်းပ လုံခြုံစေရေး၊ ဆိုးဝါးသောအကျိုးဆက်များ မဖြစ်ပွားစေရေးတို့အတွက် အကျဉ်းထောင်တာဝန်ရှိသူ အဆင့်ဆင့်အပါအဝင် နိုင်ငံသားပြည်သူ များအားလုံး၊ ပြည်တွင်း ပြည်ပရှိ အဖွဲ့အစည်းနှင့် အင်အားစုအသီးသီးကပါ ဝိုင်းဝန်း ဝန်းရံ၊ စောင့်ရှောက် ကူညီ ကြပါရန်လည်း မိမိတို့ပါတီက နှိုးဆော်၊ မေတ္တာရပ်ခံအပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
By DPNS INFORMATION, on October 21st, 2015 ၁။ ဟန်ဂျင်းအထည်ချုပ်စက်ရုံမှ အလုပ်သမားများသည် ၎င်းတို့၏ရပိုင်ခွင့်များအတွက် သပိတ်တိုက်ပွဲ ဆင်နွှဲ၍ တောင်းဆိုနေကြသည်ကို သိရှိရပါသည်။ ၂။ သပိတ်တိုက်ပွဲဝင်အလုပ်သမားများ၏ တောင်းဆိုချက်များသည် အခြေခံကျ၍ တရားမျှတသော တောင်းဆိုမှုများဖြစ်ပြီး၊ အဆိုပါတောင်းဆိုမှုအပေါ် မိမိတို့ပါတီက အပြည့်အဝ ထောက်ခံပါသည်။ ၃။ အထည်ချုပ်လုပ်ငန်းရှင်ဘက်မှ တာဝန်ရှိသူများအနေဖြင့်လည်းကောင်း၊ နိုင်ငံအစိုးရဘက်မှ တာဝန်ရှိသူများအနေဖြင့်လည်းကောင်း မိမိတို့အခြေခံရပိုင်ခွင့်အတွက် ဥပဒေဘောင်အတွင်းမှ ငြိမ်းချမ်းစွာ သပိတ်လက်နက်ကိုင်စွဲ၍ တောင်းဆိုနေသော အလုပ်သမားများအပေါ် အကြမ်းဖက်တားဆီး၊ နှိမ်နင်းခြင်း များ လုံးဝမပြုလုပ်ဘဲ ဒီမိုကရေစီစံနှုန်းများနှင့်အညီ လေးလေးစားစား စေ့စပ်၊ ဆွေးနွေးညှိနှိုင်း ဖြေရှင်း ပေးကြပါရန် မိမိတို့ပါတီက လေးလေးနက်နက် တောင်းဆိုအပ်ပါသည်။ ၄။ အခြားသော အလုပ်သမားအင်အားစုများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၊ နိုင်ငံရေးအင်အားစုများ အပါအဝင် အသီးသီးသောလူထုအဖွဲ့အစည်းများနှင့် ပြည်သူအများကလည်း ရက်ရှည် သပိတ်တိုက်ပွဲဝင်နေ ကြသည့် ဟန်ဂျင်း အထည်ချုပ်အလုပ်သမားများအား မိမိတို့ တတ်နိုင်သည့်နည်းဖြင့် ဝိုင်းဝန်း ဝန်းရံ၊ ထောက်ခံ ကူညီပေးကြပါရန် မိမိတို့ပါတီက လေးစားစွာ မေတ္တာရပ်ခံအပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
By DPNS INFORMATION, on October 14th, 2015 မိမိတို့ပါတီကို စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်မှာ ယနေ့ ၂၀၁၅ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်နေ့ တွင် (၂၇) နှစ်တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။ ပါတီ၏ (၂၇)နှစ်တာ သမိုင်းတလျောက်တွင် ” ပြည်သူသာအမိ ပြည်သူသာအဖ ” ဆောင်ပုဒ်ကို ကိုင်စွဲပြီး လူမျိုးစုံမြန်မာပြည်သူတို့၏အကျိုးကို နယ်မြေဒေသအသီးသီးတွင် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် သယ်ပိုးထမ်းရွက်ခဲ့ကြသော ပါတီဝင်ရဲဘော်အသီးသီးကို ပါတီက အထူးဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း ဦးစွာ ဖေါ်ပြအပ်ပါသည်။ ၂၀၁၅ခုနှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲကို ဖြတ်သန်းကြရတော့မည် ဖြစ်ပါ သည်။ ၂၀၁၅ ရွေးကောက်ပွဲအလွန်တွင် မိမိတို့နိုင်ငံအနေဖြင့် မလွဲမသွေရင်ဆိုင်ကြရမည့် နိုင်ငံရေးတာဝန်များ သို့မဟုတ် စိန်ခေါ်ချက်များ ရှိနေသည်ဟု မိမိတို့ပါတီက အလေးအနက်ယုံကြည်ပါသည်။ တနိုင်ငံလုံးအတိုင်းအတာဆောင်သည့် အပစ်အခတ်ရပ်စဲရေးကို အခိုင်အမာ ရရှိစေရန် ဆောင်ရွက်ရေး၊ အင်အားစုအသီးသီးပါဝင်ပြီး တန်းတူရည်တူဆွေးနွေးကာ အင်အားစုအားလုံးက လက်ခံသဘောတူပြီး ပြည် သူတရပ်လုံးကပါ ထောက်ခံအတည်ပြုသည့် တမျိုးသားလုံးဆိုင်ရာသဘောတူညီချက် (National Accord) တရပ် ချမှတ်ရေး၊ ၎င်းသဘောတူညီချက်နှင့်အညီ တိုင်းပြည်တွင် ယနေ့ရင်ဆိုင်နေကြရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဆိုင်ရာ ပြဿနာအရပ်ရပ်ကို ဖြေရှင်းသွားရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး သို့မဟုတ် အသစ်ပြန်လည်ရေးဆွဲရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် အမျိုးသားတန်းတူရေးတို့ကို အပြည့်အ၀ အာမခံ သည့် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုကို အခိုင်အမာ တည်ဆောက်ရေး၊ စသည့် လုပ်ငန်းတာဝန်များကို ဆက်တိုက်ဆောင်ရွက်ကြရမည် ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူပါသည်။ ထိုနိုင်ငံရေးတာဝန်များသည် နိုင်ငံသားတိုင်းနှင့် သက်ဆိုင်နေသည့် တာဝန်များဖြစ်ပြီး နိုင်ငံသားတိုင်းက လွတ်လပ်စွာ ပါဝင်ဆောင်ရွက်ခွင့် အပြည့်အ၀ရရှိကြရမည်ဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ သို့အတွက် အစိုးရအနေဖြင့် အင်အားစုတိုင်းလွတ်လပ်စွာပါဝင်ခွင့်ကို အကန့်အသတ်အတားအဆီးဖြစ်နေ သည့် အရာမှန်သမျှကို ဖယ်ရှားပေးရန်နှင့် ပထမဦးဆုံးခြေလှမ်းအဖြစ် ကျောင်းသားများနှင့် ၀န်းရံပြည်သူများ၊ အလုပ် သမားများ၊ လယ်သမားများ အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် မိမိတို့ ပါတီက အလေးအနက် တောင်းဆိုပါသည်။ မိမိတို့ပါတီအနေဖြင့် အထက်ပါလုပ်ငန်းတာဝန်များကို အမျိုးသားရေးတာဝန်များအဖြစ်ခံယူပြီး မြန်မာနိုင်ငံနှင့် ပြည်သူတရပ်လုံး၏အကျိုးကို မျက်နှာမူကာ ရည်ရွယ်ချက်တူအင်အားစုများ၊ လူပုဂ္ဂိုလ်များ၊ လူမျိုးစုံပြည်သူများနှင့် လက်တွဲလျက် တက်ကြွစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပါတီ၏သဘောထားကို ထုတ်ပြန်ကြေညာအပ်ပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်) ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်။
|