ကချင်လွတ်လပ်ရေးတပ်မတော် ဗိုလ်သင်တန်းကျောင်းသားများ ကျဆုံးထိခိုက်ကြရမှုနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ကြေညာချက် (၃/၂၀၁၄)

၁၉-၁၁-၂၀၁၄ ရက်နေ့ နေ့လည် ၁၂း၃၀ နာရီခန့်က မြန်မာ့တပ်မတော်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ဗိုလ်သင်တန်းကျောင်းမှ ကျောင်းသား၂၀ ဦး ပွဲချင်းပြီးကျဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြသည်ဟု သိရှိ ရပါသည်။

ထိုဖြစ်ရပ်ကြောင့် နိုဝင်ဘာလ ၂၁ ရက်နေ့အထိ ကျဆုံးသွားသူ ဗိုလ်လောင်း သင်တန်းသားပေါင်း ၂၃ ဦး ရှိသွား ပြီး ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) မှ ၁၁ ဦး ၊ ရခိုင်အမျိုးသားတပ်မတော် (AA) မှ ၈ ဦး၊ ချင်းအမျိုးသားတပ်ဦး(CNF) မှ ၂ ဦး ၊ ဗမာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) မှ ၂ ဦး တို့ ဖြစ် ကြောင်းကိုလည်း ကြားသိကြရပါသည်။ ကျဆုံးသွားသူ၊ ထိခိုက် ဒဏ်ရာရရှိသွားသူများအတွက် မိမိတို့ပါတီအနေဖြင့် ၎င်းတို့၏ မိသားစုများနှင့်ထပ်တူ၊ ဗိုလ်လောင်းသင်တန်းသားများ၏ မိခင်အဖွဲ့အစည်း များနှင့်ထပ်တူ များစွာ နှမြောတသ ကြေကွဲဝမ်းနည်း ဖြစ်ကြရပါသည်။

ခိုင်မာသောအပစ်အခတ်ရပ်စဲရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ကြိုးပမ်းနေကြသည့်ကာလတွင် ယခုကဲ့သို့သော ဖြစ်ရပ် ဖြစ်ပွားသွားခြင်းသည် အပြန်အလှန်ယုံကြည်မှုတည်ဆောက်နေကြရသည့်ဖြစ်စဉ်ကို ထိခိုက်သွားစေနိုင်သဖြင့် မိမိတို့ပါတီက လွန်စွာ စိုးရိမ် မိပါသည်။

ဆောင်ရွက်နေဆဲ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အပစ်အခတ်ရပ်စဲရေး၊ စစ်မှန်သည့်ငြိမ်းချမ်းရေးတည် ဆောက်ရေးနှင့် အင်အားစု အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ထိခိုက်မှုမရှိစေရန်အတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ဤ၀မ်းနည်းဖွယ် ဖြစ်ရပ်နှင့်ပတ်သက်၍ ပေါ့ပေါ့တန်တန်သဘောမထားဘဲ မှန်မှန်ကန်ကန် ဖြေရှင်းပေးရန် လိုအပ်သည်ဟု မိမိ တို့ပါတီက ရှုမြင်ပါသည်။

အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အ၀အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက် လိုကြသော လူမျိုးစုံပြည်သူလူထုကြီး၏ ပြင်းပြထက်သန်သည့်ဆန္ဒသဘောထားများကို အလေးအစားထားသောအားဖြင့် ဤဖြစ်ရပ်အပေါ် ပြည်ထောင်စု အစိုးရနှင့်မြန်မာ့တပ်မတော်၏ တာဝန်ရှိသူအဆင့်ဆင့်က ထိရောက်ပြည့်စုံစွာ တာဝန်ယူမှုရှိစွာ ဖြေရှင်းပေးကြပါရန် မိမိတို့ပါတီက အလေးအနက် တိုက်တွန်းလိုက်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။

Continue Reading

၀မ်းနည်းကြောင်း သဝဏ်လွှာ

၂၀၁၄ ခုနှစ်၊ နိုဝင်္ဘာလ၊ ၁၆ ရက်။

၁၄၊၁၁၊၂၀၁၄ ရက်နေ့တွင် ရဲဘော် ငွေထွန်းမြင့် (ခ) ထွန်းထွန်း (ခ) အရှည်ကြီးသည် အမေရိကန်နိုင်ငံ၊ လိုဂန်မြို့တွင် ကွယ်လွန်သွားကြောင်းကြားသိရသည့်အတွက် မိမိတို့ပါတီက မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ဖြစ်ကြရပါသည်။

ရဲဘော်ငွေထွန်းမြင့်သည် မြန်မာပြည်သူတို့၏ ဒီမိုကရေစီရေးတိုက်ပွဲအတွင်း ပျိုမျစ်သော လူ့ဘဝတခုလုံးကို မြှုပ်နှံ လျက် တာဝန်ကျေပွန်စွာ ထမ်းရွက်ခဲ့သူ ဖြစ်ပါသည်။
ရှစ်လေးလုံးအရေးတော်ပုံကြီးအလွန် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးအတွင်း ရဲဘော်ငွေထွန်း မြင့်သည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီဝင်အဖြစ်လည်းကောင်း၊ မျိုးချစ်ဒီမိုကရက်တစ်လူငယ်တပ်ပေါင်းစု အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ မကဒတ ကျောင်းသားတပ်မတော် တပ်ရင်း(၆၀၁) တပ်ဖွဲ့ဝင်ရဲဘော်အဖြစ်လည်းကောင်း ကျရာအခန်းမှာ တာဝန် ကျေစွာ ထမ်းရွက်ခဲ့သူဖြစ်ပါသည်။
ရဲဘော်၏တာဝန်ကျေခဲ့မှုများကို မိမိတို့ပါတီက အစဉ် တန်ဖိုးထား ဂုဏ်ပြုမှတ်တမ်းတင်ထားမည် ဖြစ်ပါသည်။

ရဲဘော်ကြီး ငွေထွန်းမြင့် ကောင်းရာသုဂတိသို့ ရောက်ရှိ၊ ငြိမ်းချမ်းနိုင်ပါစေ။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
ရန်ကုန်မြို့။

Continue Reading