ဗိုလ်ချုပ်ကြီးတာမလာဘော ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ပေးပို့သော ဝမ်းနည်းသဝဏ်လွှာ

( ၂၆-၆-၂၀၁၄) ရက်နေ့ ည ၉း၁၅ နာရီခန့်တွင် ဗိုလ်ချုပ်ကြီးတာမလာဘော ဆုံးပါးကွယ်လွန်သွားကြောင်း ကြားသိ ရသည့်အတွက် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကရင်အမျိုးသားထုနှင့်ထပ်တူ၊ ကရင်အမျိုးသားအစည်းအရုံးနှင့် ထပ်တူ၊ အဖိုး၏မိသားစုနှင့်ထပ်တူ အထူး နှမြောတသ ကြေကွဲဝမ်းနည်း ဖြစ်ကြရပါသည်။

ဗိုလ်ချုပ်ကြီးတာမလာဘော၏ တသက်တာသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ အမျိုး သားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေး စသည့် တိုက်ပွဲ စဉ်များနှင့် အတိပြီးသော တသက်တာ ဖြစ်ပါသည်။

ဗိုလ်ချုပ်ကြီးတာမလာဘော ဆုံးပါးသွားခြင်းသည် ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အမျိုးသားထုအတွက် ကြီးမား သော ဆုံးရှုံးမှုကြီးဖြစ်ရုံသာမက တော်လှန်ရေးအင်အားစုများ၏ တပ်ပေါင်းစုလုပ်ငန်းများနှင့် ဒီမိုကရေစီရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက်ပါ အဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီးတရပ်ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်ပါသည်။

တော်လှန်ရေးဒေသများနှင့် ထိုင်းမြန်မာနယ်စပ်အခြေစိုက် နှစ်ကာလများအတွင်း မိမိတို့ပါတီအလံတော်အား ဆက်လက် လွှင့်တင်လှုပ်ရှားခဲ့ကြရသည့် အလွန်ခက်ခဲကြမ်းတမ်းသော ဖြတ်သန်းမှုကြီးအတွင်းတွင် အဖိုး ဗိုလ်ချုပ်ကြီးတာမလာဘောနှင့်တကွ ကရင်အမျိုးသားနိုင်ငံရေးခေါင်းဆောင်ကြီးများ၏ အဖက်ဖက်မှ ဖေးမ၀န်းရံ လက်တွဲဆောင်ရွက်ခဲ့မှုများ၊ အပြန်အလှန် တန်ဖိုးထား မှုအပြည့်ဖြင့် ပူးပေါင်းလှုပ်ရှားခဲ့ရမှုများကို မိမိတို့ပါတီက အစဉ်အမြဲ အောက်မေ့ ဂုဏ်ယူနေမည် ဖြစ်ပါသည်။

မိမိတို့ပါတီအနေဖြင့် အဖိုး ဗိုလ်ချုပ်ကြီးတာမလာဘော၏ စံနမူနာကောင်းများကို ခံယူပြီး အဖိနှိပ်ခံပြည်သူများ လွတ် မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ အပြည့်အ၀အာမခံနိုင်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးတို့အတွက် လူမျိုးပေါင်းစုံပြည်သူလူထုကြီး နှင့်အတူ တက်ကြွစွာ သယ်ပိုးထမ်းရွက်သွားမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ ကတိသစ္စာပြုရင်း ဤ၀မ်းနည်းသ၀ဏ်လွှာ ကို ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်

Continue Reading

(၁၃၉) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့ အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ကရင်နီပြည် အမျိုးသားထုတရပ်လုံး၏ (၁၃၉) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားသို့ မိမိ တို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက လှိုက်လှဲဝမ်းမြောက်စွာဖြင့် ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့လိုက်ပါသည်။

လူမျိုးတမျိုး၏ ဂုဏ်သိက္ခာနှင့် အမျိုးဂုဏ် ဇာတိဂုဏ်တို့ကို ၎င်းလူမျိုး၏ ဓလေ့ထုံးတမ်းများနှင့် စာပေ၊ဂီတအပါအ၀င် ယဉ်ကျေးမှုအရပ်ရပ်တို့ဖြင့်လည်းကောင်း၊ အမျိုးသားနေ့သမိုင်း၊ အမျိုးသားတော်လှန်ရေးနေ့သမိုင်းတို့ဖြင့်လည်းကောင်း ထိန်းသိမ်း စောင့်ရှောက် မြှင့်တင်ကြရသည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ တန်ဖိုးဖြတ်၍မရသော မိမိတို့အမျိုးသားပိုင် ယဉ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းများကို လွတ်လပ်စွာ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခွင့်နှင့် တစတစတိုးတက်ဖွံ့ဖြိုးလာစေရန် လွတ်လပ်စွာ တီထွင်တိုးချဲ့ခွင့်တို့ကို အမျိုးသားတိုင်း အပြည့်အ၀ ပိုင်ဆိုင်ခွင့်ရှိသည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်ပါသည်။

ထို့ကြောင့် အမျိုးသားတိုင်းအတွက် အမျိုးသားတန်းတူခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အ၀ရရှိရေးသည် အသက်တမျှ အရေးကြီးသည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူပါသည်။ ထိုသို့ အာမခံနိုင်ဖို့ဆိုလျင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ကို လူမျိုးစုံမြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ ပြင်ဆင်ကြရန်၊ ပြင်ဆင်ခွင့်ရရှိရန် အထူး လိုအပ်ပါသည်။

လူမျိုးစုံ မြန်မာပြည်သူများ ယနေ့ရင်ဆိုင်နေကြရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာအရပ်ရပ်ကို စနစ်တကျ ဖြေရှင်းပေးနိုင်ရန်အတွက်လည်းကောင်း၊ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ကို ဒီမိုကရေစီနှင့် တိုင်းရင်းသားတိုင်းအတွက် တန်း တူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အပြည့်အ၀အာမခံနိုင်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်သွားသည်အထိ ပြင်ဆင်နိုင်ရန် အ တွက်လည်းကောင်း၊ စစ်မှန်သောငြိမ်းချမ်းရေးကို အခိုင်အမာတည်ဆောက်ပြီး ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည် ဆောက်နိုင်ရန်အတွက်လည်းကောင်း အင်အားစုအားလုံး ပါဝင်သည့် တန်းတူရည်တူတွေ့ဆုံဆွေးနွေးပွဲကြီး သို့မဟုတ် ပြည် ထောင်စုညီလာခံကြီးကို ကျင်းပပြုလုပ်ရန် မဖြစ်မနေလိုအပ်သည်ဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်ပါသည်။

မိမိတို့ပါတီအနေဖြင့် ကရင်နီပြည် အမျိုးသားထုကြီးအပါအ၀င် လူမျိုးစုံမြန်မာပြည်သူတရပ်လုံးနှင့် ညီညွတ်သွေးစည်း စွာလက်တွဲပြီး အထက်ပါနိုင်ငံရေးတာဝန်များကို ကြိုးပမ်းထမ်းရွက်သွားမည်ဖြစ်ကြောင်း မင်္ဂလာရှိသော (၁၃၉) ကြိမ်မြောက် ကရင်နီအမျိုးသားနေ့တွင် အလေးအနက် ကတိသစ္စာ ပြုအပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၁) ရက်

Continue Reading

နှစ် (၄၀) ပြည့် ဇွန် – ၆ အလုပ်သမားလှုပ်ရှားမှုကြီးနှင့် ၇၄၊ ၇၅၊ ၇၆ အလုပ်သမား ကျောင်းသားလှုပ်ရှားမှုများ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

လွန်ခဲ့သော နှစ်ပေါင်း (၄၀)က ဇွန်လ ၆ရက်နေ့တွင် အလုပ်သမားလှုပ်ရှားမှုကြီး တပြည်လုံးအတိုင်းအတာနှင့် ဖြစ်ပွားခဲ့ရသည်။ ထိုလှုပ်ရှား မှုကြီးသည် လူထုဆန္ဒမပါပဲ တဖက်သတ်ရေးဆွဲပြဋ္ဌာန်းထားသည့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အလုပ်သမားကိုယ်စားလှယ်အတုအယောင်များနှင့် မဆလတစ်ပါတီစနစ်က ဟန်ပြဖွဲ့စည်းပေးထားသည့် အလုပ်သမားကောင်စီများကို အလုပ်သမားထုတရပ်လုံးက တပြည်လုံးရှိ စက်ရုံအလုပ်ရုံတိုင်းတွင် ပြတ်ပြတ်သားသား ဆန့်ကျင်သပိတ်မှောက်ခဲ့ကြသည့် ဂုဏ်ရောင်ပြောင်သည့် လှုပ်ရှားမှုကြီးဖြစ်ပါသည်။

အလုပ်သမားထု၏ မှန်ကန်သော ထိုတိုက်ပွဲကို ကျောင်းသားထုက အပြည့်အ၀ ၀န်းရံထောက်ခံခဲ့ကြသည်။ ရဟန်းရှင်လူ ပြည်သူလူထုက လည်း သဏ္ဍာန်အမျိုးမျိုးနှင့် ထောက်ခံပါဝင်ခဲ့ကြသည်။ သို့အတွက် ၁၉၇၄ ဒီဇင်ဘာတွင် ဦးသန့်လှုပ်ရှားမှု၊ ၁၉၇၅ မေ နှင့် ဇွန်လများတွင် အလုပ် သမားနှင့်ကျောင်းသားလှုပ်ရှားမှု၊ ၁၉၇၆ မတ်လတွင် မှိုင်းရာပြည့်လှုပ်ရှားမှု စသည်ဖြင့် လှုပ်ရှားမှုများ ဆက်တိုက်မနားတမ်း ပေါ်ပေါက်ခဲ့ရသည်။

မဆလတပါတီအာဏာရှင်စနစ်နှင့် အရပ်ဝတ်အရေခြုံ ဗိုလ်နေ၀င်းအစိုးရသည် အလုပ်သမားနှင့်ကျောင်းသားထုကဦးဆောင်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ထိုအခြေခံရပိုင်ခွင့်များရရှိရေးဆိုင်ရာ တိုက်ပွဲများကို အပြန်အလှန်လေးစားမှုဖြင့် ဆွေးနွေးညှိနှိုင်းအဖြေရှာပေးရမည့်အစား အလုပ်သမား ၂၀၀ ကျော်ကို ပစ်ခတ်သတ်ဖြတ်ပစ်ခဲ့သည်။ အလုပ်သမားကျောင်းသားများကို ထောင်ချီပြီး အညှိုးကြီးစွာ နှစ်ရှည်ထောင်ဒဏ် ချမှတ် ပစ်ခဲ့သည်။

ဇွန် – ၆ အလုပ်သမားလှုပ်ရှားမှုကြီးနှင့် ၇၄၊ ၇၅၊ ၇၆ အလုပ်သမား ကျောင်းသားလှုပ်ရှားမှုများအတွင်း ကျဆုံးသွားခဲ့ကြရသည့် အလုပ်သမား၊ ကျောင်းသားရဲဘော်များနှင့် နှစ်ရှည်အကျဉ်းကျခံ တိုက်ပွဲဝင်ခဲ့ကြသည့် ရဲဘော်အပေါင်းတို့အား နှစ် (၄၀) ပြည့် အထိမ်းအမှတ်နေ့မှာ မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ဦးညွှတ်အလေးပြုလိုက်ပါသည်။

ယနေ့ကာလအနေအထားကို လေ့လာကြည့်မည်ဆိုပါကလည်း အလုပ်သမားများ၏ အခြေခံလစာကို သတ်မှတ်ပြဋ္ဌာန်းပေးခြင်း အပါအ၀င် အလုပ်သမားထုကို ကာကွယ်စောင့်ရှောက်ပေးနိုင်သည့်ဥပဒေ၊ နည်းဥပဒေများ ပြည့်ပြည့်စုံစုံ ပြဋ္ဌာန်းပေးနိုင်ခြင်းမရှိသေးသည်ကို တွေ့နေရပါသည်။ ထို့နည်းတူ ကျောင်းသားများအတွက် လုံခြုံပြည့်စုံသည့် ပညာရေးမူဝါဒတစ်ရပ် အခိုင်အမာ ချမှတ်ပေးနိုင်မှုလည်း မရှိသေးပဲ ဖြစ်နေပါသည်။ ထို့အတွက်လည်း အလုပ်သမားအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ၊ ကျောင်းသားထု၏ အခြေခံအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများ မကြာမကြာ ဖြစ်ပွား ပေါ်ပေါက်နေကြရခြင်းဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ရှုမြင်ပါသည်။

အာဏာပိုင်အဆင့်ဆင့်နှင့် တာဝန်ရှိသူတို့အနေဖြင့် အတိတ်သမိုင်းက အတွေ့အကြုံများမှ သင်္ခန်းစာ ထုတ်ယူကြရလိမ့်မည် ဖြစ်ပါသည်။
လွန်ခဲ့သော နှစ်ပေါင်း (၄၀) ဆီက အဖြစ်ဆိုးမျိုးကို နောက်တစ်ကြိမ်ပြန်ပြီး မကြုံဆုံကြရအောင် သတိကြီးစွာ ထားကြရပါလိမ့်မည်။ ဆန်တောင်းသူကို ကျည်ဆံပေး၍ လူမဆန်စွာ ပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဖြေရှင်းနည်းမျိုးသည် ယနေ့ခေတ်ကာလတွင် မရှိသင့် မရှိအပ်သည့် ဖြေရှင်းနည်းအဆင့်ကို ရောက်ရှိသွားပြီဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်ပါသည်။

မည်သို့သော အကန့်အသတ်များ၊စိန်ခေါ်ချက်များ ရှိနေစေကာမူ အလုပ်သမားများဘ၀၊လယ်သမားများဘ၀၊ ကျောင်းသားများဘ၀ လုံခြုံ အေးချမ်းပြီး အခြေခံပိုင်ခွင့်များ အပြည့်အ၀ အာမခံနိုင်မှု မရရှိသေးသရွေ့ ဇွန် – ၆ စိတ်ဓါတ်ကို မြဲမြဲခိုင်ခိုင် ကိုင်စွဲထားကြရဦးမည် ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ခံယူထားကြောင်းတင်ပြရင်း ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးက်ာမတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဇွန်လ (၆) ရက်။

Continue Reading

ကယန်းအမျိုးသားတော်လှန်ရေးနေ့ နှစ်(၅၀) ပြည့် ရွှေရတု အခမ်းအနားသို့ ပေးပို့သော ဂုဏ်ပြု သဝဏ်လွှာ


၁။ လက်နက်အားကိုး နိုင့်ထက်စီးနင်း ဖိနှိပ်၊ ရန်မူခံရခြင်းအား ရင်ဆိုင် ခုခံ၊ တော်လှန်စစ် ဆင်နွှဲခဲ့ကြသည့် ကယန်းအမျိုးသား ပြည်သူတို့၏ ဂုဏ်သိက္ခာရှိသော တော်လှန်ရေးသမိုင်းသည် နှစ် (၅၀) ရွှေရတုတိုင် မော်ကွန်းတင်နိုင်ခဲ့ပြီ ဖြစ်သည်။

၂။ ကယန်းအမျိုးသားပြည်သူတို့၏သမိုင်းသည် နယ်ချဲ့ကိုလိုနီဆန့်ကျင်ရေး၊ အမျိုးသားတန်းတူရေးနှင့် လွတ်မြောက်ရေး၊ စစ်အာ ဏာရှင်အပြီးအပြတ်ဖျက်သိမ်းရေးနှင့် ဒီမိုကရေစီထွန်းကားရေး၊ ငြိမ်းချမ်းရေး၊ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသော ဖက်ဒရယ်ပြည်ထောင်စုတည်ထောင်ရေးတို့၏ သမိုင်းဖြစ်ပြီး မြန်မာပြည်လူမျိုးစုံပြည်သူတို့၏ အမျိုးသားလွတ်မြောက် ရေး တိုက်ပွဲစဉ်ကြီးနှင့် တဆက်တစပ်တည်းလည်း ဖြစ်ပေသည်။

၃။ ယနေ့ကာလအထိလည်း ကယန်းအမျိုးသားများသည် လူမျိုးစုံ ပြည်သူလူထုတရပ်လုံး၏ မပြီးပြတ်နိုင်သေးသော အမျိုးသား လွတ်မြောက်ရေးရုန်းကန်လှုပ်ရှားမှုတာဝန်များဖြစ်သည့် ၂၀၀၈ အဖွဲ့စည်းပုံအခြေခံဥပဒေကို အများပြည်သူအကျိုးစီးပွား၊ သဘော ဆန္ဒများနှင့်အညီ ပြောင်းလဲပစ်နိုင်ရေး၊ စစ်မှန်သော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး၊ စစ်အာဏာရှင်စနစ်အား အပြီးတိုင်ချုပ်ငြိမ်း စေရေး စသည့်တာဝန်များကို ကျရာအခန်းမှ ကျားကုတ်ကျားခဲ ထမ်းရွက်နေကြသည်ကို မိမိတို့ပါတီက လှိုက်လှဲတန်ဖိုးထားစွာ လေးစားဂုဏ်ပြုပါသည်။

၎။ မိမိတို့ပါတီသည် ဤ အမျိုးသားရေးတာဝန်များကို ကယန်းအမျိုးသားများအပါအဝင် အဖိနှိပ်ခံ မြန်မာပြည်သူလူထုကြီးနှင့်အတူ မိတ်ဆွေကောင်းအင်အားစုတရပ်အဖြစ် ပါဝင် ထမ်းရွက်သွားကြမည် ဖြစ်ပါကြောင်း အလေးအနက် အဓိဋ္ဌာန်ပြုလျက် ဤဂုဏ်ပြု သဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၄ ခုနှစ် ၊ ဇွန်လ ၊ (၄) ရက် ။

Continue Reading