မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် နှီးနှောဖလှယ်ပွဲကြီးသို့ ပေးပို့သော ကြိုဆိုဂုဏ်ပြု သဝဏ်လွှာ

၁။ မြန်မာပြည်အလုပ်သမားထု၏ သမိုင်းသည် (၁၉၁၆) ရေနံအလုပ်သမားတို့၏ အခွင့်အရေးတိုက်ပွဲမှစတင်၍ ယနေ့ကာလအထိ တောက်လျောက် ရုန်းကန်လှုပ်ရှား နေရဆဲဖြစ်သော ရှည်လျားသော တိုက်ပွဲသမိုင်းဖြစ်သည်။

၂။ ၁၉၃၈ (၁၃၀၀ ပြည့်) အရေးတော်ပုံ အပါအဝင် ၁၉၄၆-၄၇ ခုနှစ်များတွင်လည်းကောင်း၊ ၁၉၇၄၊ ၁၉၇၅၊ ၁၉၈၈ နှင့် ယနေ့ကာလများတွင် လည်းကောင်း၊ မြန်မာနိုင်ငံအလုပ်သမားလူတန်းစား၏ ရုန်းကန်လှုပ်ရှား တိုက်ပွဲဝင်မှုများသည် အဖိနှိပ်ခံ လူမျိုးစုံအမျိုးသားပြည်သူတို့၏ လွတ်မြောက်ရေးတိုက်ပွဲများနှင့် တဆက်တည်း၊ တသားတည်း ပေါင်းစည်းမိခဲ့ကြသည်။ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုသမိုင်းကို တဆင့်တိုးမြှင့် ခရီးရောက်စေခဲ့ပါသည်။

၃။ ယနေ့ တိုင်းပြည်တွင်း ဒီမိုကရေစီအသွင်ကူးပြောင်းနိုင်ရန် ဦးတည်နေချိန်တွင်လည်း ပြောင်းသစ်လာဖွယ် အခြေအနေတို့နှင့် ဆီလျော် မည့် အလုပ်သမားထုဘဝရရှိရေး အားထုတ် တိုက်ပွဲဝင်မှုများသည် တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသော၊ ငြိမ်းချမ်းသော ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုကြီး ထူထောင်နိုင်ရန်၊ တမျိုးသားလုံးဆိုင်ရာ ဆွေးနွေးအဖြေရှာ၍ အများပြည်သူလက်ခံသော အခြေခံ ဥပဒေသစ်တရပ် ရရှိရန် ကြိုးပမ်းလှုပ်ရှားနေကြသော အမျိုးသားပြည်သူတို့၏ နိုင်ငံရေးလှုပ်ရှားမှုများနှင့် တဆက်တစပ်တည်း ပေါ်ပေါက် အားဖြည့်ပေးလျက် ရှိပေသည်။

၎။ အလုပ်သမားထု၊ အလုပ်သမားလူတန်းစား၏ အခွင့်အရေးနှင့် လွတ်မြောက်ရေးအတွက် ပိုမို သွေးစည်းတောင့်တင်း ခိုင်မာစေမည့် အလုပ်သမားအဖွဲ့ချုပ်ကြီး ဖော်ဆောင်နိုင်ရန် အခြေခံကျသော ဤနှီးနှောဖလှယ်ပွဲကြီးမှာ ယနေ့ကာလ အမျိုးသားရေးလှုပ်ရှားမှုကြီး တခုလုံး အား အင်ပြည့်အားပြည့် ကျေးဇူးပြုမည့် အရေးပါသော အားထုတ်မှုကြီးလည်း ဖြစ်ပေသည်။

၅။ ထိုကြောင့် မိမိတို့ပါတီအနေဖြင့် မြန်မာနိုင်ငံအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်အား ဆက်လက်ထမ်းရွက်ကြရမည့် အမျိုးသားရေးတာဝန်များ ကို ချစ်ကြည်ရင်းနှီးစွာ လက်တွဲဆောင်ရွက်သွားနိုင်မည့် မိတ်ဆွေအင်အားစုကြီးအဖြစ် ယုံကြည်မျှော်လင့်လျက် လှိုက်လှိုက်လှဲလှဲ ထောက်ခံ ကြိုဆိုလိုက်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဧပြီ လ (၂၆) ရက်။

Continue Reading

ဆရာ ဦးဝင်းတင် ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ပေးပို့သော ဝမ်းနည်းသဝဏ်လွှာ

ယနေ့ ( ၂၁-၄-၂၀၁၄) ရက်နေ့ နံနက် ၆း၀၀ နာရီခန့်တွင် ရန်ကုန်ဆေးရုံကြီး၌ ဆရာဦးဝင်းတင် ဆုံးပါး ကွယ်လွန် သွားကြောင်း ကြားသိရသည့်အတွက် မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အထူး နှမြောတသ ကြေကွဲဝမ်းနည်း ဖြစ်ကြရ ပါသည်။

ဆရာဦးဝင်းတင်၏တသက်တာသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စာနယ်ဇင်း လွတ်လပ်ခွင့်ရရှိရေးအပါအ၀င် အဖိနှိပ်ခံလူမျိုးစုံမြန်မာပြည်သူများ လွတ်မြောက်လုံခြုံရေးဆိုင်ရာ တိုက်ပွဲများနှင့် အတိပြီးသော တသက်တာ ဖြစ်ပါသည်။ ဆရာဦးဝင်းတင်သည် မည်သို့သောအကန့်အသတ်အပိတ်အဆို့မျိုးကိုမဆို တွေဝေယိမ်းယိုင်မှုကင်းမဲ့ စွာဖြင့် ထွက်ပေါက်မရှိလျင် ဖေါက်ထွက်ရမည်ဆိုသည့် လူထုလုပ်ဟန် လူထုလမ်းစဉ်ကို လူငယ်မျိုးဆက်များနှင့် ခေတ်ပြိုင် တိုက်ဖေါ်တိုက်ဖက်အားလုံးအတွက် ချမှတ်ပေးခဲ့သူ၊ ကိုယ်တိုင်လည်း တပ်ဦးက ရဲရဲဝံ့ဝံ့ ဖေါက်ထွက်တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်ဟု မိမိတို့ပါတီက လေးလေးနက်နက် မှတ်တမ်းတင်ပါသည်။

ဆရာဦးဝင်းတင် ဆုံးပါးသွားခြင်းသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွက်သာမက ယနေ့ကဲ့သို့ ရှုပ်ထွေးေ၀၀ါး နေသည့်ကာလ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဆိုင်ရာ လှုပ်ရှားမှုကြီးအတွက်ပါ အစားထိုး၍ မရနိုင်သော ဆုံးရှုံးမှုကြီး ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်ပါသည်။

မိမိတို့ပါတီ၏ ပြည်တွင်းလေ့လာရေးခရီးစဉ်တွင်လည်းကောင်း၊ မိမိတို့ပါတီ၏ ပါတီဖွဲ့စည်းတည်ထောင်ခြင်း (၂၅) နှစ်မြောက်နေ့ အခမ်းအနားတွင်လည်းကောင်း အလွန်အမင်း ကျန်းမာရေးဆိုးနေသည့်ကြားမှပင် မိမိတို့ပါတီကို လုပ်ဖေါ်ကိုင်ဖက် ပါတီတရပ်အဖြစ် လှိုက်လှိုက်လှဲလှဲ ကြီုဆိုနှုတ်ဆက်ပေးခြင်း၊ နိုင်ငံရေးအရ တန်ဖိုးတထား ဂုဏ်ပြုစကား ပြောကြားပေးခြင်း များအပေါ် မိမိတို့ပါတီက အမြဲ အောက်မေ့အမှတ်ရနေမည် ဖြစ်ပါသည်။

မိမိတို့ပါတီအနေဖြင့် ဆရာဦးဝင်းတင်၏ စံနမူနာကောင်းများကို ခံယူပြီး ဆရာမျှော်မှန်းထားသည့် အဖိနှိပ်ခံ ပြည်သူများ လွတ်မြောက်လုံခြုံသည့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ အပြည့်အ၀အာမခံနိုင်သည့်၊ ငြိမ်းချမ်းပြီး အစဉ်ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်သည်အထိ အမျိုးသားရေးတာဝန်များကို လူထုနှင့်အတူ သယ်ပိုး ထမ်းရွက်သွားမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ ကတိသစ္စာပြုရင်း ဤ ၀မ်းနည်းသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၁) ရက်

Continue Reading

(၁၄) ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့ သဝဏ်လွှာပေးပို့ခြင်း

၁။ ယနေ့ (၁၀၊၄၊၂၀၁၄) နေ့တွင် ကျရောက်သော (၁၄)ကြိမ်မြောက် ကယန်းအမျိုးသားနေ့သို့  မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဝမ်းမြောက်ဂုဏ်ယူစွာ သဝဏ်လွှာ ပေးပို့အပ်ပါသည်။

၂။ အသီးသီးသောကယန်းမျိုးနွယ်စုများ တညီတညွတ်တည်း ဘုံလက်ခံသုံးစွဲမည့် ဘာသာစကားအား တပေါင်းတရုံးတည်း အတည်ပြုနိုင်ခဲ့ကြသည့်အတွက် ဤဧပြီ (၁၀) ရက်ကို“ ကယန်းအမျိုးသားနေ့ ” ဟု သတ်မှတ်၊ကျင်းပ နိုင်ခဲ့ပေသည်။

၃။ ကယန်းအမျိုးသားပြည်သူတို့၏ နယ်ချဲ့စိုးမိုးမှုဆန့်ကျင်ရေးသမိုင်း၊ အမျိုးသားလွတ်မြောက်ရေးနှင့် တန်းတူရေးသမိုင်း၊ ငြိမ်းချမ်းရေး နှင့် ပြည်ထောင်စုစစ်စစ်တည်ဆောက်ရေးသမိုင်း၊ ဒီမိုကရေစီထွန်းကားရေး နှင့် အာဏာရှင်စံနစ်ဖျက်သိမ်းရေးသမိုင်း တွင် ဂုဏ်ယူထိုက်သော အမျိုးသားမှတ်တိုင်တခု ထပ်မံ၊စိုက်ထူနိုင်ခဲ့ကြခြင်းလည်းဖြစ်သည်။

၎။ မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ကယန်းအမျိုးသားပြည်သူများ၊ ဘဝတူ ပြည်ထောင်စု ညီနောင်မျိုးနွယ်စုများအားလုံးနှင့်အတူ အများပြည်သူ မလိုလားသော ၂၀၀၈ ဖွဲ့စည်းပုံဥပဒေပြင်ဆင်နိုင်ရေး၊ တမျိုးသားလုံးကို ကိုယ်စားပြုသော နိုင်ငံရေးမျက်နှာစုံညီ ဆွေးနွေးပွဲကြီးတရပ် ပေါ်ထွန်းလာရေး၊ ဒီမိုကရေစီ အပြည့်အဝထွန်းကားပြီး တန်းတူ၍ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိသော ပြည်ထောင်စုစစ်စစ် ထူထောင်အောင်မြင်စေရေး၊ စစ်မှန်၍ ခိုင်မြဲသော ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး စသည့်တာဝန်များကို မိတ်ရင်း၊ဆွေမွန် ပူးပေါင်းဆောင်ရွက်မှုများဖြင့် လက်တွဲ ဆောင်ရွက်သွားနိုင်ကြမည်ဟု အားထား၊ယုံကြည်စွာဖြင့် ဤဂုဏ်ပြုသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

၁၀ ရက်၊ဧပြီ လ၊ ၂၀၁၄ ခု။
ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ

Continue Reading