(၅၂) နှစ်ပြည့် ၇ – ဇူလိုင် အောက်မေ့ဘွယ်အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ ယနေ့သည် မြန်မာ့ ဒီမိုကရေစီရေးတိုက်ပွဲသမိုင်းတွင် ဖုံးကွယ်၊ မေ့ချန်ရစ်၍ မရနိုင်သော သမိုင်းဝင် ၇ – ဇူလိုင် အရေးတော်ပုံ၏ (၅၂) နှစ် မြောက် နှစ်ပတ်လည်နေ့ဖြစ်သည်။

၂။ လွန်ခဲ့သော (၅၂) နှစ်က ဤဇူလိုင် (၇) ရက်နေ့တွင် မြန်မာပြည်ကျောင်းသားထုသည် ပြည်သူတရပ်လုံး၏ ဒီမိုကရေစီဆိတ်သုဉ်းမှု၊ ဒီမိုကရေစီပညာရေးစံနစ် အနိုင်ကျင့်ဖျက်ဆီးခံရမှု၊ ကျောင်းသားထုအခွင့်အရေးအလုံးစုံ ဖျက်ဆီးရုတ်သိမ်းခံရမှုတို့အား ဆန့်ကျင်လျက် အာဏာ သိမ်းစစ်အုပ်စု၏ အရေခြုံ မျက်နှာဖုံးအား ရဲရင့်ဂုဏ်ပြောင်စွာ တိုက်ပွဲဝင် ချွတ်ခွာ ပြသနိုင်ခဲ့ပေသည်။ တိုက်ပွဲဝင် ကျောင်းသားထု သွေးမြေကျ၊ ကျဆုံးခဲ့ကြရသည့်ပြင် ရန်ကုန်တက္ကသိုလ်ဝင်းအတွင်းရှိ ကျောင်းသားသမဂ္ဂအဆောက်အဦအား လည်း ဖောက်ခွဲဖြိုချခံရသည်အထိ စစ်အစိုးရ၏ လက်တုန့်ပြန်ဖိနှိပ်မှုကို ခံခဲ့ကြရသည့် ကမ္ဘာသိ သမိုင်းဝင် နေ့တနေ့လည်း ဖြစ်ပေသည်။

၃။ ယနေ့ကာလတွင်လည်း ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီနှင့်တကွ မြန်မာတပြည်လုံးရှိ ဗကသများအသီးသီးသည် မိမိတို့၏ တရားဝင်တည်ရှိမှုကိုအသိအမှတ်ပြုရန် တိုက်ပွဲဝင်နေကြရဆဲဖြစ်သကဲ့သို့ ဗကသ မူ(၅)ချက်ကို အခိုင်အမာကိုင်စွဲလျက် အဖိနှိပ်ခံမြန်မာပြည်သူ တရပ်လုံးနှင့်အတူ သိမ်းဆည်းခံလယ်မြေများပြန်လည်ရရှိရေး၊ အလုပ်သမားအခွင့်အရေးကာကွယ်ရေး၊ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီ ပညာရေးစံနစ် ထွန်းကားလာရေး၊ ငြိမ်းချမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး စသည့်တာဝန်များကို ကျားကုတ်ကျားခဲ ထမ်း ဆောင်နေကြသည်ကို မိမိတို့ပါတီက အလေးအနက် ဂုဏ်ယူတန်ဖိုးထားပါသည်။

၎။ မိမိတို့ပါတီသည်လည်း ဒီမိုကရေစီရေး၊ ဒီမိုကရေစီပညာရေးစံနစ် ရှင်သန်ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူသော ဖက်ဒရယ်ပြည်ထောင်စု ထူထောင်နိုင်ရေး၊ ၂၀၀၈ ဖွဲ့ည်းပုံအခြေခံဥပဒေကို လူထုဆန္ဒနှင့်အညီ ပြုပြင်ရေးဆွဲနိုင်ရေး စသည့်တာဝန်များကို ညီနောင် ကျောင်းသားရဲဘော် များနှင့်အတူ၊ လူမျိုးစုံ မြန်မာပြည်သူတို့နှင့်အတူ အခိုင်အမာ လက်တွဲထမ်းရွက်သွားမည်ဖြစ်ကြောင်းဖော်ပြရင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၄ခုနှစ် ဇူလိုင်လ (၇) ရက်။

Continue Reading