(၆၂) နှစ်မြောက် ၇-ဇူလိုင် အရေးတော်ပုံ အထိမ်းအမှတ် အခမ်းအနားများသို့
ပေးပို့သည့် သဝဏ်လွှာ
၁။ ယနေ့ (၇၊ ၇၊ ၂၀၂၄) နေ့သည် ၁၉၆၂၊ ၇-ဇူလိုင် လူသတ်ပွဲ (၆၂) နှစ်ပြည့်သည့်နေ့ ဖြစ်သည်။
(၇၊ ၇၊ ၆၂) ရန်ကုန်တက္ကသိုလ် – သွေးမြေကျ လူသတ်ပွဲသည် ဘက်တဖက်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားထု ၏ ရဲရင့်ဂုဏ်ပြောင်သော သမိုင်းမော်ကွန်း ဖြစ်သည်။
အခြားတဖက်တွင် တော်လှန်ရေးကောင်စီ အမည်ခံ အာဏာသိမ်းစစ်အုပ်စု၏ ကြမ်းကြုတ်ရက်စက်သော ဘီလူး ဇာတိရုပ်ကို ကမ္ဘာသိ မျက်နှာဖုံးချွတ်ခွာပြလိုက်ခြင်း ဖြစ်သည်။
၂။ ယနေ့ထက်တိုင် ၇ ဇူလိုင် အရေးတော်ပုံအတွင်း ကျောင်းသူ ကျောင်းသား မည်မျှ သေကြေခဲ့ကြ ထိခိုက်ဒဏ်ရာရခဲ့ ကြခြင်းအား စာရင်းတိကျစွာ မဖေါ်ထုတ်ပေးနိုင်ခြင်း၊ ၎င်းဖြစ်စဉ်အတွက် တာဝန်ရှိသူတို့အား တိကျစွာ ဖေါ်ထုတ် အရေးယူနိုင်မှု မရှိခြင်း၊ အာဏာရှိအစိုးရတရပ်၏ တရားမဲ့ အမှားကျူးလွန်မှုဖြစ်ကြောင်း မည်သည့်အစိုးရ အဆက် ဆက်ကမှ အတိအလင်း ထုတ်ဖေါ် ဝန်ခံမှု မပြုကြခြင်းတို့သည် ဗမာပြည် အာဏာရအစိုးရအဆက်ဆက်၏ တာဝန်ယူ မှု တာဝန်ခံမှု ကင်းမဲ့ပုံကို သက်သေခံနေသည်။ ဗမာပြည်အစိုးရအဆက်ဆက်သည် မည်သည့်အသွင်ကို ဆောင်ထား သည်ဖြစ်စေ နောက်ကွယ်တွင် စစ်အုပ်စု၏ ဩဇာလွှမ်းမိုးမှုအား မလွန်ဆန်နိုင်ခြင်းကို ဖေါ်ပြနေသည်။ တနည်း ဆိုရလျှင် မိမိတို့တိုင်းပြည်ကို စစ်အာဏာရှင်စနစ်က တောက်လျှောက် ချုပ်ကိုင်ခြယ်လှယ်နေသည့် အဓိပ္ပါယ် ဖြစ် သည်။
၃။ မျက်မှောက်ကာလတွင် လူမျိုးပေါင်းစုံ ဗမာပြည်သူတရပ်လုံးက ၎င်းစစ်အာဏာရှင်စနစ်အား ပြတ်သားရဲရင့်စွာ ဆန့်ကျင်တိုက်ခိုက်လျက် အမြစ်ဖြတ်သုတ်သင်ရန် နွေဦးတော်လှန်ရေး ပြည်သူ့ခုခံစစ်ကို ဆင်နွှဲလျက် ရှိပေသည်။ နွေဦးတော်လှန်ရေး ရည်မှန်းချက်များမှ “စစ်အာဏာရှင်စနစ် အမြစ်ဖြတ် သုတ်သင်ရေး” သည် ၇-ဇူလိုင် အရေးတော် ပုံအတွက် တရားမျှတမှုကို ပြန်လည်ရယူရန် အားထုတ်ခြင်းဖြစ်သည်ဟု မိမိတို့ပါတီက လေးလေးနက်နက် ခံယူပါ သည်။
၄။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များ အောင်မြင်ပြည့် မြောက်သည်အထိ ကျောင်းသားထုနှင့်အတူ၊ မိတ်ဆွေ တိုက်ပွဲဖေါ်များနှင့်အတူ လူမျိုးစုံပြည်သူလူထုကြီးနှင့်အတူ ကျရာတာဝန်ထမ်းလျက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိဓိဋ္ဌာန်ပြုရင်း သဝဏ်လွှာပေးပို့ ဂုဏ်ပြုအပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ၊ ၇ ရက်။