တရုတ်ယန်စီကုမ္ပဏီ၏ဝါးစိမ်းတောင်စီမံကိန်းကြောင့် ပြည်သူ ရှစ်သောင်းကျော်၏လူမှုဘဝနှင့် စီးပွားရေး ထိခိုက်ပျက်စီးမည် (ခေတ်သစ်မီဒီယာ)

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ရန်ကုန်၊ စက်တင်ဘာ ၃၀

တရုတ်ယန်စီကုမ္ပဏီက စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဝါးစိမ်းတောင်ဒေသတွင် ဆောင်ရွက်မည့် ကြေးနီနှင့် ဓာတ်သတ္တု စမ်းသပ်ရှာဖွေရေး စီမံကိန်းကြောင့် ကျေးရွာပေါင်း ၁၂၀ ကျော်မှ ဒေသခံ ရှစ်သောင်းကျော်၏ လူမှုဘဝနှင့် စီးပွားရေး ထိခိုက်ပျက်စီးမည်ဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် အရပ်ဘက် ဒေသခံ အဖွဲ့အစည်း ၁၈ ဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်သည်။

တရုတ်ယန်စီ ကုမ္ပဏီက စမ်းသပ်လုပ်ကိုင်မည့် ဝါးစိမ်းတောင် ဒေသ စီမံကိန်းနယ်မြေ မြေဧရိယာတွင် ကျေးရွာပေါင်း ၁၂၀ ၊ စာသင်ကျောင်း ၈၆ ကျောင်း ၊ ဘုန်းတော်ကြီး ၁၃၉ ကျောင်း ၊ စိုက်ပျိုးမြေ စားကျက်မြေ ၊ သာသနာ့မြေ ၊ ကြိုးဝိုင်းမြေ ၊ သစ်တောမြေ နှင့် ဒေသခံ ၈၀ဝ၀ဝ ကျော် တို့၏ လူမှုဘဝ ၊ စီးပွားရေး ထိခိုက်ပျက်ဆီးနိုင်ကြောင်း ဖော်ပြထားသည်။

ဝါးစိမ်းတောင်ဒေသ ကြေးနီ တိုးချဲ့ စီမံကိန်း နှင့် ပတ်သက်၍ တရုတ်ယန်စီကုမ္ပဏီအား ပြည်သူဆန္ဒမပါဘဲ စမ်းသပ်လုပ်ကိုင်ခွင့်ပေးသည့်အပေါ် မကျေနပ်သည့် ဒေသခံ ပြည်သူ အင်အား ၁၀ဝ၀ ကျော် ပါဝင်ကာ ယနေ့ စက်တင်ဘာ ၃၀ ရက် ၊ နံနက်ပိုင်းတွင် ကန့်ကွက် ဆန္ဒထုတ်ဖော်ပြီးနောက် ဒေသခံပြည်သူလူထုများ၏ သဘောထား ကြေညာချက်တစ်စောင်ကို လာမည့် အပတ်အတွင်း သက်ဆိုင်ရာသို့ ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် ၊ တရုတ်ယန်စီကုမ္ပဏီက စမ်းသပ်ရှာဖွေမည့် ဝါးစိမ်းတောင်ဒေသ ကြေးနီတိုးချဲ့ စီမံကိန်းကို နိုင်ငံတော်မှ သက်တမ်းနှစ်ရှည် ဆိုင်းငံထား ( သို့မဟုတ် ) ပယ်ဖျက်ပေးရန် ဒေသခံပြည်သူ များ၏ လူထုသဘောထားကြေငြာချက်တစ်စောင်အား နိုင်ငံတော်သမ္မတ ၊ နိ်ုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ပြည်ထောင်စုဝန်ကြီး ၊ သံယဇာတဝန်ကြီး ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့ထံ လိပ်မူကာ စာပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စီမံကိန်းအကောင်အထည်ဖော်မည့်ဒေသတွင် မြေယာအငြင်းပွားမှုများကို ဖြေရှင်းနိုင်ခြင်း မရှိဘဲ စီမံကိန်းဆောင်ရွက်နိုင်ရန် စမ်းသပ် တိုင်းတာနေခြင်းကြောင့် ဒေသခံပြည်သူများ၏ စိုက်ပျိုးမြေများနှင့် သောက်သုံးရေပါ ပျက်ဆီးဆုံးရှုံးသွားပြီး လက်ပံတောင်စီမံကိန်းထက် ကြီးမားသော ဆိုးကျိုးများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်တာကြောင့် ဒေသခံ ပြည်သူ့လူထု၏ သဘောထား ကြေညာချက်ထုတ်ပြန်ခြင်း ဖြစ်ကြောင်း ဝါးစိမ်းတောင် ကာကွယ်ရေးတားဆီးရေးကော်မတီ ဦးဆောင်သူ ဦးလှမင်းနိုင်က ပြောသည်။

“ သဘာဝပတ်ဝန်းကျင် ညစ်နွမ်းမှုတွေကတော့ ဒေသအတွက် အများကြီးပဲ ၊ ကျနော်တို့နားမှာ ကြေးစင်တောင် ၊ လက်ပံတောင်းတာင် လုပ်ကွက်တွေရဲ့ ဆိုးကျိုးတွေကို လက်ပံတောင်းတာင်ဒေသတစ်ဝိုက်မှာ လက်တွေ့ရင်ဆိုင်ရတယ်။ လက်ပံတောင်းတောင် ဒေသမှ အက်ဆစ်ဓါတ်ကြောင့် မြေတွေ ပျက်စီးကုန်ပြီ ။ သီးနှံ စိုက်ပျိုးလို့မရဘူး။ သီးနှံစိုက်ပျိုးလည်း ပျက်စီးတယ်။ ပျက်စီးတဲ့ သီးနှံအတွက် တောင်သူတွေက တန်ရာတန်ကြေး ဖြစ်မြောက်အောင်လည်း မပေးဘူး။ နောက်တစ်ချက် လေထုညစ်ညမ်းမှုတွေ ဖြစ်ကုန်ပြီ။ လက်ပန်းတောင်မှာ ရေကောင်းရေသန့် မရတော့ဘူး။ ရေတွေ မသန့်တော့ဘူး။ ရှေ့ဆက် အနာဂတ်မှာ ဒီလိုတွေဖြစ်နေတော့ ပြည်သူ့လူထု ရပ်တည်ရေး ၊ စိုက်ပျိုးလုပ်ကိုင်ဖို့ ခက်ခဲမှုတွေ ရှိလာပြီ ။ ဒီပြဿနာ ဆိုးကျိုးတွေက ကျနော်တို့ ဝါးစိမ်းတောင်ဒေသကို သယ်ဆောင်လာမှာ စိုးရိမ်တယ်။ အဲ့ဒီအတွက် ကျနော်တို့ ဒါတွေကို ဆန္ဒပြကန့်ကွက်ကြတာ။ ဒီကြေညာချက်ထဲမှာ ဒီဝါးစိမ်းတောင်စီမံကိန်းနဲ့ ပတ်သက်ပြီး စိုးရိမ်ချက် ၃ ချက် တယ်။ ဒီကြေညာချက်ကို နိုင်ငံတော်သမ္မတ ၊ နိ်ုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ ဝန်ကြီးချုပ် ၊ သံယဇာတဝန်ကြီး ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကော်မရှုင်ကို တစ်ပတ်အတွင်း ပေးပို့သွားမယ်” ဟု ၎င်းက ပြောသည် ။

ဝါးစိမ်းတောင်ဒေသ ဓါတ်သတ္တူ တူးဖော်ရေးစီမံကိန်းအား စပ်းသပ်ခွင့်ပြုပေးမှု နှင့် ပတ်သက်၍ ပြည်ထောင်စုအစိုးရအနေဖြင့် ပြန်လည်စဉ်းစားပြီး ဒေသခံလူထု၏ ဆန္ဒနှင့် အညီ ပြောင်းလဲဆုံးဖြတ်သင့်ကြောင်း အရပ်ဖက်အဖွဲ့အစည်း ၁၈ ဖွဲ့ က ထောက်ပြသော ကြေညာချက်တစ်စောင်ကို စက်တင်ဘာ ၃၀ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

“ ဒီစီမံကိန်းကြီးသာ စမ်းသပ်ပြီး အောင်မြင်သွားတာနဲ့ တပြိုင်နက် လုပ်ပိုင်ခွင့်က သေချာသလောက် ချပေးတော့မယ် ဖြစ်ပါတယ်။ အဲ့လိုသာ ချပေးလိုက်ရင် ကျနော်တို့ လေ့လာမှုအရ ကျေးရွာပေါင်း ၁၂၀ ၊ စာသင်ပေါင်း ၈၆ ကျောင်း ၊ ဘုန်းတော်ကြီးကျောင်းပေါင်း ၁၃၉ ကျောင်း ၊ စိုက်ပျိုးမြေ စားကျက်မြေ အကုန် ပျက်ဆီးသွားမှာ ဖြစ်ပါတယ်။ ဘယ်လောက်အထိ ပျက်ဆီးသွားမလဲဆိုရင် အခုလက်ပံတောင်းတောင်မှ မိုးကြိုးပင်ရွာတွေ ခံနေရတာထက် ပိုဆိုးတဲ့အခြေအနေတွေ ဖြစ်မယ်လို့ ပညာရှင်များက ခန့်မှန်းပြောဆိုနေကြတယ်။ အဲ့လိုအနေအထားမှ ကျနော်တို့ အမြင်ကတော့ လုံးဝမလုပ်သင့် ဘူး။ ဒါကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဒေသခံတွေ ဒီကိစ္စကို အလေးအနက် ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ ဒီလို ကန့်ကွက်နေရင်တော့ တိုင်းဒေသကြီး အစိုးရအဖွဲ့က အရေးတကြီး ပြန်လည်စဉ်းစားသင့်တယ်။ အရေးတကြီး ပြန်လည် စဉ်းစားပြီးတော့ ပညာရှင်တွေ ၊ လွှတ်တော်ကိုယ်စားလှယ် ၊ ဒေသခံ တွေရဲ့ ဆန္ဒသဘောထားတွေ ကောက်ယူပြီးမှ အားလုံး သဘောတူ ကြည်ဖြူမှာ ရှေ့ကို တိုးလုပ်ဆောင်သင့်ကြောင်း ပြောချင်ပါတယ် “ ဟု ကျေးလက်လူထု လှုပ်ရှားမှု ဝန်းရံရေးကော်မတီ ၊ ပြောရေးဆိုခွင့်ရှိသူ ဦးငွေလင်းက ပြောသည်။

စစ်ကိုင်းတိုင်း ၊ ယင်းမာပင် မြို့နယ် ၊ ဝါးစိမ်းတောင်ဒေသတွင် ဓါတ်သတ္တူ စမ်းသပ်တူးဖော်ရေး လုပ်ပိုင်ခွင့်ကို တရုတ်နိုင်ငံ ၊ယန်စီကုမ္ပဏီ ( Myanmar Yang Tse copper Ltd.) က စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က ဒေသခံလူထု၏ သဘောထားများကို ဆန့်ကျင်လျက်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။