ဝါးစိမ်းတောင်အရေးကို ဒေသခံတို့ စိတ်မအေးနိုင်သေး (RFA စုစည်းတင်ပြချက်)

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

အောက်တိုဘာ ၁၊ ၂၀၁၉။

■ စစ်ကိုင်းတိုင်းအစိုးရအဖွဲ့က ဝါးစိမ်းတောင်စီမံကိန်းနဲ့ ပတ်သက်လို့ သဘောတူထားတဲ့ မူလသဘောထားကို ပယ်ဖျက်ကြောင်း ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်ကို ကုမ္ပဏီအနေနဲ့ တရားဝင်လက်ခံရရှိတာ မရှိသေးဘူးလို့ Myanmar Yang Tse ကုမ္ပဏီတာဝန်ရှိသူက RFA ကို ပြောပါတယ်။

တိုင်းအစိုးရအဖွဲ့ရဲ့မနေ့က ကြေညာချက်ကို ကြိုဆိုပေမယ့် အပြည့်အဝ မယုံကြည်သေးဘူးလို့လည်း ဒေသခံတွေနဲ့ သဘာဝပတ်ဝန်းကျင်အရေး ဆောင်ရွက်နေသူတွေ ပြောကြပါတယ်။

တရုတ်နိုင်ငံသားပိုင် Myanmar Yang Tse ကုမ္ပဏီက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက ယင်းမာပင်၊ ကနီနဲ့ ဆားလင်းကြီးမြို့နယ်တွေမှာ ပြည်ထောင်စုအစိုးရနဲ့ ပူးပေါင်းပြီး ကြေးနီနဲ့ ဆက်စပ်ပစ္စည်းရှာဖွေဖို့ တင်ပြခဲ့ရာမှာ ပြည်ထောင်စုအစိုးရက တိုင်းဒေသကြီးအစိုးရရဲ့ သဘောထားကို တောင်းခံခဲ့တာပါ။

တိုင်းဒေသကြီးအစိုးရက ကုမ္ပဏီက လုပ်ငန်းလုပ်ခွင့်တောင်းခံခဲ့တဲ့ မြေဧက တစ်သိန်းတစ်သောင်းကျော်ထဲက စိုက်ပျိုးမြေ၊ လမ်းမြေ၊ ဆည်းမြောင်းတာတမံမြေ၊ မြို့၊ ရွာမြေ၊ သာသနာမြေ၊ သုဿန်မြေ စုစုပေါင်း ဧက ရှစ်သောင်း ခွဲနီးပါးကို နုတ်ပြီး ကျန်ဧက နှစ်သောင်းရှစ်ထောင်ကျော်မှာ စမ်းသပ်တိုင်းတာရေးလုပ်ငန်းကို လုပ်ဖို့ ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ပြည်ထောင်စုအစိုးရထံ အကြောင်းပြန်ခဲ့ပါတယ်။

ဒီအကြောင်း ပြန်ကြားမှုကို ဒေသခံတွေက ကန့်ကွက်တဲ့အနေနဲ့ မနေ့မနက်ပိုင်းက မုံရွာမြို့မှာ လူဦးရေ ရာပေါင်း များစွာက ဆန္ဒပြခဲ့ကြပါတယ်။ ညနေပိုင်းမှာတော့ တိုင်းအစိုးရအဖွဲ့က သူတို့ရဲ့ မူလသဘောထားကို ပယ် ဖျက်ကြောင်း သတင်းထုတ်ပြန်လာခဲ့ပါတယ်။

ဒီလိုကြေညာချက်ထုတ်ပြန်တဲ့အပေါ် အပြည့်အဝမယုံနိုင်သေးကြောင်း စီမံကိန်းဧရိယာထဲပါဝင်တဲ့ ယင်းမာ ပင်မြို့နယ်၊ သပြေအေးကျေးရွာက ဒေသခံ ဦးလှမင်းနိုင်က ပြောပါတယ်။

“ကျေနပ်မှုတစ်ခုတော့ ရတာပေါ့။ သို့သော်ငြားလည်း ဒီအစိုးရသက်တမ်းလောက်တင်ဘဲ ဒါကို ဆိုင်းငံ့ပြီးတော့ ပယ်ဖျက်လိုက်တာလား။ နောက်အစိုးရတွေကော အလုပ်လုပ်ဖို့ ဒါကို Plan ဆွဲခဲ့သလားဆိုတာ ကျနော်တို့က အခြေခံကျကျသိဖို့လိုတယ်ဗျ။ ဒါကျနော်တို့ လူထုနဲ့ ကင်းကွာသွားတဲ့ အစိုးရတစ်ရပ်ဟာ လူထုနဲ့ လက်တ ကမ်းကိုပြန်ရောက်အောင် အစချီလိုက်တယ်လို့ သုံးသပ်တယ်။ အပြည့်အဝကြီး နှစ်သိမ့်နေတာမျိုးတော့ သိပ်မရှိဘူးဗျ။”

NLD အစိုးရအနေနဲ့ ရွေးကောက်ပွဲနီးချိန်မို့ လူထုနဲ့ အတိုက်အခံမလုပ်လိုဘဲ ဒီစီမံကိန်းကို ခေတ္တဆိုင်းငံ့ပြီး နောက်တစ်ကြိမ် အစိုးရလက်ထက်မှာ အကောင်အထည်ပြန်ဖော်လာမလားဆိုတဲ့ သံသယတွေကလည်း ကန့်ကွက်သူတွေကြား ရှိနေပါတယ်။

တိုင်းအစိုးရ အခုလို ကြေညာပေမယ့် ကုမ္ပဏီဘက်က လက်လျှော့ပါ့မလားလို့ လေ့လာသူတွေကြား ပြောနေကြပါတယ်။ယ်။

မနေ့က ဝါးစိမ်းတောင်စီမံကိန်း အကောင်အထည်ဖော်မှုကို ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ခဲ့တဲ့ ကျေးလက်လူထုလှုပ်ရှားမှုဝန်းရံရေးကော်မတီက ဦးငွေလင်း ပြောတာက

“ရန်စီကုမ္ပဏီဘက်က ဆက်ပြီးကြိုးစားလိမ့်မယ်လို့ ကျနော်ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ ကြေး စင်တောင်ဘက်က၊ လက်ပံတောင်းတောင်ဘက်က တဖြည်းဖြည်းလုပ်ငန်းတိုးချဲ့ပြီး ရွှေ့ချင်တဲ့သဘောရှိတာကိုး။ ရှိတော့ သူတို့ဘက်က ကြိုးစားမယ်။ အစိုးရကို ပြည်ထောင်စုအစိုးရကို ဆက်ပြီး ကမ်းလှမ်းတာရှိမယ် ထင်တယ်။”

ပြည်ထောင်စုအစိုးရအနေနဲ့ ဒီစီမံကိန်းဟာ ဒေသအတွက် အင်မတန်အကျိုးရှိစေတယ်လို့ လေ့လာတွေ့ရှိလို့ အကောင်အထည်ဖော်မယ်ဆိုရင်တောင် မိမိဆုံးဖြတ်ချက်နဲ့ လုပ်တာမျိုးမဟုတ်ဘဲ ဒေသခံတွေ၊ တက်သိနားလည် တဲ့ပညာရှင်တွေ၊ အရပ်ဖက်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီး လုပ်သင့်ကြောင်းနဲ့ အကျိုး ရလဒ်ကောင်းတွေကို လက်ဆုပ်လက်ကိုင်ချပြရမှာဖြစ်တယ်လို့လည်း လေ့လာသူတွေက ထောက်ပြကြပါတယ်။

တိုင်းအစိုးရအဖွဲ့ရဲ့မနေ့က ကြေညာချက်အပေါ် ဒေသခံတွေရဲ့ စိုးရိမ်ချက်တွေ ကျန်ရှိနေတာနဲ့ပတ်သက်လို့ ဝန်ကြီးချုပ်ကိုယ်စား ကြေညာချက်ထုတ်ပြန်ခဲ့သူ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး လာလ်ထောင်ထန်းကို RFA က ဆက်သွယ်မေးခဲ့ရာမှာ

ဝန်ကြီး – “တချို့က သဘောတူတယ်။ တချို့က သဘောမတူဘူး။ သဘောမတူတဲ့အခါကျတော့ မလိုလားအပ်တဲ့ ပြဿနာဖြစ်မှာစိုးလို့ အဲဒါကြောင့် ပြန်ဆုံးဖြတ်တာ။”

RFA – “ဒါကတော့ အပြီးတိုင်ရပ်ဆိုင်းတာလား ဒီအစိုးရလက်ထက်မှာ ရပ်ဆိုင်းတာလား ကျမတို့ ဘယ်လိုမျိုးများ သိနိုင်မလဲ”

ဝန်ကြီး – “ရပ်ဆိုင်းတယ်မဟုတ်ဘူး။ လောလောဆယ် ပြည်သူလူထုက လက်မခံမှတော့ အစိုးရအနေနဲ့ ကန့်ကွက် တာပေါ့ဗျာ။ အကြောင်းထူး အခြေအနေပေါ်မူတည်ပြီး လုပ်ရမှာပါ။”

တိုင်းအစိုးရအဖွဲ့က မနေ့ကပေးပို့တဲ့ အကြောင်းကြားစာနဲ့ ပတ်သက်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတ္တုရေးရာရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယအမြဲတမ်းအတွင်း ဝန်ဒေါက်တာသိန်းစိုးကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတဲ့အတွက် အဆက်အသွယ်မရခဲ့ပါဘူး။

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံတွေဟာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ စပယ်တောင်နဲ့ ကြေးစင်တောင် ကြေးနီစီမံကိန်းတွေကြောင့် ထိခိုက်ဆုံးရှုံးခဲ့ရတဲ့ လယ်မြေတွေ၊ သဘာဝပတ်ဝန်းကျင် ပျက်စီးမှုတွေ၊ စိုက်ပျိုးမြေ ပျက်စီးမှုတွေနဲ့ မြေယာလျော်ကြေးကိစ္စတွေကို အစိုးရနဲ့ တရုတ်ကုမ္ပဏီဘက်က ကျေလည်အောင်မဖြေရှင်းနိုင်တဲ့ သာဓကတွေကို ခံစားဖူးသူတွေဖြစ်ပါတယ်။

Myanmar Yan Tse ကုမ္ပဏီရဲ့ မန်နေဂျာ ဦးအုန်းလွင်မြင့်က ဝါးစိမ်းတောင်ကြေးနီစီမံကိန်းနဲ့ ပတ်သက်လို့ တိုင်းအစိုးရရဲ့ သဘောထားထုတ်ပြန်ချက်ကို ဖေ့စ်ဘွတ်လူမှုစာမျက်နှာတွေမှာ တွေ့ရကြောင်းနဲ့ ကုမ္ပဏီထံ တရားဝင်စာပို့တာမရှိသေးတာကြောင့် လောလောဆယ်ကုမ္ပဏီဘက်က ဘာဆက်လုပ်ရမယ်ဆိုတာ ဖြေစရာ အဖြေမရှိသေးကြောင်း RFA ကို ပြောလာပါတယ်။

“တိုင်းဒေသကြီးအစိုးရအဖွဲ့က ပယ်ဖျက်လိုက်တယ်ဆိုတာ ဖေ့စ်ဘွတ်ထဲကပဲ ကျနော်တို့တွေ့ရတာပါ။ တရားဝင် အကြောင်းကြားစာမရပါဘူး။ လောလောဆယ်တော့ ဖြေစရာအဖြေ မရှိသေးပါဘူး။”

စီမံကိန်းကို ကန့်ကွက်ခဲ့တဲ့ ယင်းမာပင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီကလည်း လက်ရှိအစိုးရ လက်ထက်မှာ ရုပ်သိမ်းသွားပြီး နောက်အစိုးရလက်ထက်မှာ အကောင်အထည်ဖော်လာမလားဆိုတာကတော့ မပြောနိုင်သေးဘူးလို့ ပြောပါတယ်။

“တိုင်းအစိုးရက သူတို့ရဲ့ သဘောထားမှတ်ချက်ကို ပြန်ရုပ်သိမ်းသွားပြီဆိုတော့ ကျမတို့က ဒီထက်ပိုပြီး Complain တက်စရာမလိုတော့ဘူး။ ပြည်သူ့ဆန္ဒအတိုင်း လောလောဆယ်ပြည့်ပြီလို့တော့ ယူဆရမှာပေါ့။ နောင်အစိုးရ၊ တက်လာမယ့်အစိုးရက မဖော်ဘူး ဖော်မယ်ဆိုတာကတော့ ဘယ်သူကမှ ကြိုမြင်တဲ့အရာမဟုတ်ဘူး။ ကျမတို့ NLD အစိုးရက သဘောထားမှတ်ချက် ပြန်ရုပ်သိမ်းပေးတယ်ဆိုတော့ ပြည်သူ့အသံနားထောင်ပြီး ပြန်ရုပ် သိမ်းပေးတာပဲပေါ့လေ။”

ဝါးစိမ်းတောင်ကြေးနီစီမံကိန်းကို ကန့်ကွက်တဲ့ အရပ်ဖက်အဖွဲ့တွေနဲ့ နိုင်ငံရေးပါတီ စုစုပေါင်း ၁၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ကျေးလက်လူထုလှုပ်ရှားမှုကော်မတီက လေ့လာမှုတွေအရ ဒီစီမံကိန်းကို အကောင်အထည်ဖော်မယ်ဆိုရင် ကျေး ရွာပေါင်း ၁၂၀၊ စာသင်ကျောင်းပေါင်း ၈၆ ကျောင်း၊ ဘုန်းတော်ကြီးကျောင်း ၁၃၉ ကျောင်း၊ ဒေသခံ ရှစ်သောင်းကျော် တို့ရဲ့ လူမှုစီးပွားဘဝတွေ ထိခိုက်နိုင်တယ်လို့ ဆိုထားပါတယ်။

(RFA သတင်းထောက် မဝေမာထွန်း စုစည်းတင်ပြသည်။)