၀ါးစိမ်းတောင်စီမံကိန်း စမ်းသပ်မှု ဒေသခံတွေ ကန့်ကွက်ဆန္ဒပြ (VOA သတင်းဖော်ပြချက်)

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၃၀ စက်တင်ဘာ၊ ၂၀၁၉။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်အတွင်းက ဝါးစိမ်းတောင်စီမံကိန်းကို ဒီကနေ့မှာ ဒေသခံ တထောင်နီးပါး ကန့်ကွက်ဆန္ဒပြခဲ့သလို၊ အရပ်ဖက်အဖွဲ့ ၁၈ ဖွဲ့ ပေါင်းထားတဲ့ Youth for a New Society (YNS) ကလည်း ဒီစီမံကိန်းကို ကန့်ကွက်ကြောင်း သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ ဒေသအာဏာပိုင်တွေကတော့ ဒီ စီမံကိန်းဟာ စမ်းသပ် လုပ်နေတဲ့ သဘောသာဖြစ်ပြီး၊ ဘာကိုမှ ထိခိုက်ဆုံးရှုံးစေမှာမဟုတ်ဘူးလို့ အာမခံ ပြောနေပါတယ်။

ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုက မေးမြန်းပေးပို့ထားပါတယ်။

တရုတ်နိုင်ငံ မြန်မာယန်စီကုမ္ပဏီက စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဝါးစိမ်းတောင် ဒေသမှာရှိတဲ့ဓာတ်သတ္ထု စမ်းသပ်တူးဖော်ရေးလုပ်ပိုင်ခွင့်ရသွားတဲ့အပေါ် ဒေသခံ တစ်ထောင် နီးပါးက စက်တင်ဘာလ ၃၀ရက် နံနက်ပိုင်းမှာ ကန့်ကွက်ဆန္ဒပြကြတာပါ။

ဝါးစိမ်းတောင် သတ္ထုတူးဖော်ရေးစီမံကိန်းကြောင့် စိုက်ပျိုးမြေတွေနဲ့ သောက်သုံးရေ ဆုံးရှုံးခဲ့ရတဲ့ အတွက် ဒေသခံတွေအနေနဲ့ သူတို့ရဲ့သဘောထားကို တိုင်းဒေသကြီးအစိုးရထံ အကြိမ်ကြိမ် တင်ပြခဲ့တယ်လို့ ဆန္ဒပြသူတွေထဲက ဝါးစိမ်းတောင်ဒေသခံ ဦးခင်မောင်ထွန်းက အခုလိုပြောပါတယ်။

“ဝါးစိမ်းတောင်နဲ့ ပတ်သက်လို့ကတော့ ယန်စီကုမ္ပဏီကနေ ဓာတ်သတ္ထုရှာဖွေဖို့ပဲဖြစ်ဖြစ်၊ တူးဖော်ဖို့ပဲ ဖြစ်ဖြစ်ပေါ့ဗျာ။ ရှာဖွေဖို့ကိုက ကျတော်တို့ဒေသခံပြည်သူတွေကတော့ လုံးဝကိုသဘောမတူဘူး။ ဆက်လက်ပြီးတော့လည်း ကန့်ကွက်သွားမယ်။”

ဝါးစိမ်းတောင် သတ္ထုတူးဖော်ရေးစီမံကိန်းက ယင်းမာပင်၊ ဆားလင်းကြီးနဲ့ ကနီမြို့နယ်၃ခုမှာရှိတဲ့ မြေဧရိယာ တစ်သိန်းကျော်ထဲက ဧက ၂သောင်းကျော်ကို အရင်ဆုံးစမ်းသပ်ခွင့်ပြုလိုက်တယ်လို့ ဒေသခံတွေကဆိုပါတယ်။

ဒီစီမံကိန်းကြောင့် ပျက်စီးဆုံးရှုံးမှုတွေအပေါ် ဒေသခံတွေက စိုးရိမ်နေကြပေမယ့် တိုင်းဒေသကြီး အစိုးရကတော့ ဒီစီမံကိန်းဟာ အပျက်အစီးနဲ့ ဆုံးရှုံးမှုလုံးဝမရှိဘူးလို့ အခိုင်အမာပြေဆိုထားပါတယ်။ အခုသတ္ထုစမ်းသပ်ခွင့်ကို တိုင်းအစိုးရကလုပ်တာမဟုတ်ဘဲ၊ ပြည်ထောင်စုအစိုးရက စမ်းသပ်ခွင့်ပြုခဲ့တာလို့ စစ်ကိုင်းတိုင်းစည်ပင်ဝန်ကြီး ဦးမြင့်ကြည်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ပွင့်ပွင့်လင်းလင်း ပြောမယ်ဆိုရင် တောင်သူတွေက အဲဒီဆန္ဒပြတယ်ဆိုတာ ဂဃနဏမသိဘူး။ ဒါပေမယ့် တချို့အဖွဲ့အစည်းတွေက အခုချိန်မှာ နည်းမျိုးစုံနဲ့ နှောင့်ယှက်တာရှိတယ်။ ဆိုလိုတဲ့သဘောက ဒီအခုလုပ်နေတာက ဒီတောင်ကြီးဖြိုဖို့မဟုတ်ဘူး။ စမ်းသပ်ရှာဖွေတယ်ဆိုတာ ဓာတုဗေဒနည်းအရသော်လည်းကောင်း ဒီလိုလေးတွေပဲလုပ်သွားမှာ။ အဲဒီကရလာတဲ့ Research (သုတေသန) မှာ ဒီလုပ်ငန်းရှင်တွေ ချတာ၊ မချတာဆိုတာ ဒါနိ်ုင်ငံတော်ကနေပြီးတော့ ကုမ္ပဏီတွေတင်ဒါပစ်မှာကို။ အခုဟာက ဘာတစ်ခုမှပျက်စီးတာတို့၊ ဆုံးရှုံးတာတို့ မပါဘူး။”

ဝါးစိမ်းတောင်ဒေသ ဓာတ်သတ္ထုစမ်းသပ်တူးဖော်ရေးစီမံကိန်းကို ကန့်ကွက်ကြောင်း Youth for a New Society (YNS) ကလည်း စက်တင်ဘာလ ၃၀ရက်နေ့က သဘောထားထုတ်ပြန်ခဲ့ပါတယ်။ လေ့လာချက်တွေအရ ဒီစီမံကိန်းကို စတင်ဆောင်ရွက်တဲ့အခါမှာ စီမံကိန်းဧရိယာက ကျေးရွာပေါင်း ၁၂၀၊ စာသင်ကျောင်း ၈၆ ကျောင်းနဲ့ ဘုန်းကြီးကျောင်း ၁၃၉ ကျောင်းအပါအဝင်၊ ဒေသခံ ၈၀,ဝ၀ဝ ကျော်တို့ရဲ့ လူမှုစီးပွားရေးဘဝတွေ ထိခိုက်ပျက်စီးနိုင်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြ ထားပါတယ်။

အစိုးရအနေနဲ့ အခုလိုစီမံကိန်းတွေ လုပ်မယ်ဆိုရင် ပညာရှင်တွေ ၊ အရပ်ဘက် အဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ထောက်ပြချက်တွေကို လက်ခံပြီး ဘက်ပေါင်းစုံကနေ သုံးသပ်ပြီးမှ ဆုံးဖြတ်သင့်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးငွေလင်းက ပြောပါတယ်။

“ဒီ Survey (အစီရင်ခံစာ) ကပေါ့ဗျာ ဓာတ်သတ္ထုလေးမျိုးရှိတယ်လို့ ကျတော်တို့ အခြေခံအားဖြင့် ကြားသိရတယ်။ အဲဒီလေးမျိုးရှိတာက ပထဝီသဘောအရဆိုရင်လည်း သေချာနိ်ုင်ပါတယ်။ အဲတော့ သေချာသွားတယ်ဆို ပျက်စီးမှုတွေက အကြီးအကျယ်ဖြစ်တော့မယ်လေ။ လူထုတွေရဲ့ စိုးရိမ်ချက်က အကြီးအကျယ်ဖြစ်တော့မယ်။ အဲဒါတွေကို ကျေလည်အောင်အထိ မဖြေရှင်းဘဲနဲ့ ဒီကိစ္စကို ရှေ့ဆက်တိုးပြီးမလုပ်သင့်ဘူးလို့ ဝန်ကြီးချုပ်နဲ့ တာဝန်ရှိသူတွေအားလုံးကို ကျတော်ပြောချင်တာပါ။”

ယင်းမာပင်မြို့နယ်က တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်မေရီက ၂၀၁၉၊ ဇွန်လ ၂၄ရက်နေ့က ဝါးစိမ်းတောင်စီမံကိန်းနဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်းလွှတ်တော်မှာမေးမြန်းခဲ့ဖူးပါတယ်။ အဲဒီအချိန်တုန်းက စီမံကိန်းကို ဒေသခံပြည်သူတွေလက်ခံမှ ဆောင်ရွက်သွားမှာဖြစ်ပြီး၊ လွှတ်တော်ကိုလည်းအသိပေးမယ်လို့ အစိုးရအဖွဲ့က ပြန်လည်ဖြေကြားခဲ့ပါတယ်။

တကယ့်မြေပြင်အနေအထားမှာတော့ အခုစမ်းသပ်ခွင့်ပြုလိုက်တဲ့ ဝါးစိမ်းတောင်စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေသခံကိ်ုယ်စားလှယ်တွေလည်း သိရှိခြင်းမရှိခဲ့ဘူးလို့ ဒေါ်အောင်မေရီကပြောပါတယ်။

“အစိုးရကလည်း တကယ်ဆိုရင် သဘောထားမှတ်ချက်ပေးမယ်။ ဘယ်လိုပေးမလဲ အဲဒီပေးတဲ့သဘောထားမှတ်ချက်ကို လွှတ်တော်ကိုယ်စားလှယ်ချပြ။ အဲလိုမျိုးဖြစ်စေချင်တာ။ ဒီသဘောထားမှတ်ချက်ကို သိရပြီဆိုလို့ရှိရင် ကျမတို့က အဲဒီသဘောထားမှတ်ချက်ကို မှားတယ်ဆိုလည်း မှားတယ်လို့ထောက်ပြမယ်။ မှန်တယ်ဆိုလည်း မှန်တယ်လို့ ကျမတို့လက်ခံပေးမယ်။”

အခုစမ်းသပ်ခွင့်ရခဲ့တဲ့ ဝါးစိမ်းတောင်သတ္ထုစီမံကိန်းကို အစိုးရတာဝန်ရှိသူတွေအနေနဲ့ လွှတ်တော်မှာလည်း အသိပေးခဲ့ခြင်းမရှိသလို၊ ဒေသခံပြည်သူတွေကိုလည်း ချပြခြင်းမရှိခဲ့တာကြောင့် အခုလို ခွင့်ပြုလိုက်တဲ့အပေါ်ကို မကျေလည်မှုတွေရှိလို့နေပါတယ်။ အရင်က စံပယ်တောင်၊ ကြေးစင်တောင် နဲ့ လက်ပံတောင်းတောင်စီမံကိန်းတွေတုန်းက သာဓကတွေရှိထားတာကြောင့်လည်း ဒေသခံတွေက စိုးရိမ်ထိတ်လန့်နေကြတာပါ။

စုစု