တောင်သူလယ်သမားအရေး ဆောင်ရွက်နေကြသည့် ဒေသအသီးသီးမှ အဖွဲ့အစည်းများ တွေ့ဆုံပွဲနှင့် သတင်းစာရှင်းလင်းပွဲ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ


ကွန်မြူနတီစင်တာ၊ မန္တလေးမြို့။

၂၀၁၉၊ သြဂုတ်၊၂၂။

မန္တလေးမြို့၊ ကွန်မြူနတီစင်တာတွင် လယ်သမားအရေးဆောင်ရွက်နေသော ဒေသအသီးသီးမှ အဖွဲ့အစည်း များက တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ၂၂၊၈၊၂၀၁၉ ရက်နေ့တွင် ပြုလုပ်ခဲ့ကြပါသည်။
ဆွေးနွေးပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်း(ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီ)၊ ဗဟိုကော်မတီဝင် ဒေါ်ခင်ခင်ကြိုင်(မြင်းခြံမြို့နယ် တောင်သူလယ်သမားအရေး လှုပ်ရှားသူများ)တို့လည်း တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ဒေသအသီးသီးက တောင်သူလယ်သမားများ ကြုံတွေ့ရင်ဆိုင်နေရသော အခက်အခဲများ၊ ဆင်းရဲဒုက္ခများ၊ အဖိနှိပ်ခံနေရမှုများ၊ လူ့အခွင့်အရေးအချိုးဖောက်ခံနေရမှုများ၊ အကာအကွယ်မဲ့နေမှုများ၊ လယ်မြေယာမြေ အသိမ်းဆည်းခံနေရမှုများ၊ မတရားဖမ်းဆီး၊ တရားစွဲ၊ ဝရမ်းထုတ်၊ ထောင်ချခံနေရမှုများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ တွေ့ဆုံပွဲအပြီးတွင် ထုတ်ပြန်ချက်တစောင် ထုတ်ပြန်၍ သတင်းစာရှင်းလင်းပွဲလည်း ပြုလုပ်ခဲ့ပါသည်။ ထုတ်ပြန်ချက်တွင်
ဒေသအသီးသီးမှ တောင်သူလယ်သမားများ အတိဒုက္ခရောက်နေရခြင်းများသည် ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှု အားနည်းသည့် စီမံကိန်းများ၊ အာဏာပိုင်အဆင့်ဆင့်နှင့် တာဝန်ရှိသူများ၏ စီမံခန့်ခွဲမှုလွဲမှားခြင်းများ၊ ပြည့်စုံလုံလောက်မှုမရှိသော ဥပဒေ၊နည်းဥပဒေများကြောင့် ဖြစ်နေရကြောင်း သုံးသပ်ခဲ့ကြပါသည်။
သို့ပါ၍ မိမိတို့အင်အားစုအသီးသီးအနေဖြင့် ပူးပေါင်းလက်တွဲကာ
(၁) အကြောင်းအမျိုးမျိုးကြောင့် ဆုံးရှုံးနစ်နာနေသော ဒေသအသီးသီးမှ တောင်သူလယ်သမားများအား အကာအကွယ်ပေးသွားရန်၊ ကူညီစောင့်ရှောက်ဝန်းရံသွားရန် အခိုင်အမာ ဆုံးဖြတ်ကြပါသည်။
(၂) ဆုံးရှုံးနစ်နာသူများ တရားမျှတစွာ၊ မှန်ကန်စွာ ဖြေရှင်းနိုင်ရေးအတွက် ဆုံးရှုံးနစ်နာနေသော တောင်သူ လယ်သမားများနှင့်လက်တွဲကာ ကူညီဆောင်ရွက်သွားရန် ဆုံးဖြတ်ကြပါသည်။
(၃) ဆုံးရှုံးနစ်နာသူများ လိုအပ်နေသော ရုပ်ပိုင်း၊စိတ်ပိုင်း အထောက်အကူများ ရရှိနိုင်ရေးအတွက်လည်း အတတ်နိုင်ဆုံး ကူညီဝန်းရံသွားရန် ဆုံးဖြတ်ကြပါသည်။
တွေ့ဆုံဆွေးနွေးပွဲ ရရှိချက် စုပေါင်းထုတ်ပြန်သော အဖွဲ့အစည်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁။ တရားမျှတရေးနှင့်အမှန်တရားဖော်ထုတ်ရေးကော်မတီ
၂။ ကျေးလက်လူထုလှုပ်ရှားမှု ဝန်းရံရေးကော်မတီ
၃။ ဝါးစိမ်းတောင်ကာကွယ်ရေးကော်မတီ (ယင်းမာပင်)
၄။ ကန့်ဘလူမြို့နယ် ဘူးကုန်းကျေးရွာ တောင်သူလယ်သမားအရေးလှုပ်ရှားမှုအဖွဲ့
၅။ မြင်းခြံမြို့နယ် တောင်သူလယ်သမားအရေးလှုပ်ရှားသူများ
၆။ မုံရွာမြို့နယ်တောင်သူလယ်သမားအရေး ဆောင်ရွက်သူများ
၇။ လက်ပံတောင်းတောင်ကယ်တင်ရေးကော်မတီ (မုံရွာ)
၈။ မုံရွာတောင်လယ်သမားသမဂ္ဂ(မုံရွာမြို့)

[ngg src=”galleries” ids=”655″ display=”basic_thumbnail”]