DPNS အမျိုးသမီးခေါင်းဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ (၃/၂၀၁၉)

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ သြဂုတ်၊ ၁၄ – ၁၈။ သန်လျင်မြို့။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အမျိုးသမီးခေါင်းဆောင်မှု အလုပ်ရုံဆွေးနွေးပွဲ (၃/၂၀၁၉) ကို သြဂုတ်၊ ၁၄ မှ ၁၈ ရက်နေ့ထိ သန်လျင်မြို့၌ ပြုလုပ်ခဲ့ပါသည်။ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပါတီဌာနချုပ်၊ လူ့ဘောင်သစ်လူငယ်တို့မှ အမျိုးသမီးခေါင်းဆောင်များ ဆွေးနွေးပွဲ တက်ရောက်ခဲ့ကြပါသည်။
ဆွေးနွေးပွဲ ပထမရက်တွင် “မဟာဖိုဝါဒကြီးစိုးမှု”ကို ကျော်လွှားတိုက်ဖျက်နိုင်ရေးအတွက် သတင်းအချက်အလက်များကို အသုံးချပြီး အဖြေရှာဖို့ လိုအပ်ကြောင်း၊ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းတွင်လည်း အခြေအနေပေးလျက်ရှိကြောင်း ပွင့်လင်းမြင်သာမှုရှိသည့် တာဝန်ယူမှု၊ တာဝန်ခံမှု၊ စုစည်းမှုရှိဖို့ လိုအပ်ကြောင်း၊
အမျိုးသမီးရေးသည် နိုင်ငံရေးဖြစ်ပြီး အမျိုးသမီးများ ခေါင်းဆောင်မှုတွင် တာဝန်ယူနိုင်ရန်အတွက် ကြိုးစားကြရမည်ဖြစ်ကြောင်းတို့ ဆွေးနွေးခဲ့ကြသည်။

ဒုတိယရက်တွင် အပြန်အလှန် လေးစားတန်ဖိုးထားမှုရှိသည့် ဆက်ဆံရေးတည်ဆောက်ရန်၊ ခေါင်းဆောင်ကောင်းတယောက် ဖြစ်လာရန် လိုက်နာရမည့် ကျင့်ဝတ်များ၊ စံများ၊ အမျိုးသမီးများနိုင်ငံရေးတွင်ပါဝင်မှု မြင့်မားလာရေးအတွက် မဟာဗျူဟာရေးဆွဲရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များကို ဆွေးနွေးခဲ့ကြပါသည်။

တတိယရက်တွင် ဆွေးနွေးပွဲတွင် ဒေသဆိုင်ရာ အခြေအနေများ၊ ပါတီဝင်များ၏ တာဝန်ဝတ္တရားများကို အသေးစိတ် ဆွေးနွေးခဲ့ကြသည်။ စတုတ္ထရက်တွင် အမျိုးသမီးများ နိုင်ငံရေးလုပ်ဆောင်ရာတွင် အားနည်းချက်များ၊ လိုအပ်ချက်များကို အားသာချက်များ၊ အခွင့်အလမ်းများဖြစ်အောင် ပြောင်းလဲဆောင်ရွက်နိုင်သည့်နည်းလမ်းများနှင့် မြေယာအရေးကိစ္စများ၌ အမျိုးသမီးများ၏အခန်းကဏ္ဍ ပိုမိုတိုးတက်ပါဝင်လာနိုင်ရေးကို AGFA မှ ဦးသန့်စင်(ပါတီဗဟိုကော်မတီဝင်)က ရှင်းလင်းဆွေးနွေးပေးခဲ့ပါသည်။

ပဉ္စမရက်တွင် မြေယာကဏ္ဍတွင် အမျိုးသမီးများအနေဖြင့် မြေယာပိုင်ဆိုင်ခွင့်၊ ဆုံးဖြတ်ပိုင်ခွင့် အစရှိသည့်ကိစ္စများတွင် ပိုမိုပါဝင်နိုင်ရေး အုပ်စုဖွဲ့ဆွေးနွေးရရှိချက်များကို ပြန်လည်ရှင်းလင်း တင်ပြခဲ့ကြပါသည်။ ထို့နောက် ယခင်လေးရက်တာ ဆွေးနွေးရရှိချက်များအပေါ် အခြေခံပြီး မိမိတို့ ဒေသအခြေအနေများနှင့် ပေါင်းစပ်၍ အမျိုးသမီးများ နိုင်ငံရေးလုပ်ဆောင်ရာတွင် ပိုမိုပါဝင်လာနိုင်ရေးအတွက် နည်းလမ်းများကို ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”652″ display=”basic_thumbnail”]