အာဏာသိမ်း စစ်အုပ်စု၏ တရားမဲ့ သတ်ဖြတ်နေမှုများနှင့် ပတ်သက်၍ သဘောထား ထုတ်ပြန်ချက် (၄/ ၂၀၂၁)

ထုတ်ပြန်ကြေညာချက် ထုတ်ပြန်ချက်များ

ယမန်နေ့ (၅၊ ၁၂၊ ၂၀၂၁) က ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြိုနယ်၊ ပန်းပင်ကြီးလမ်းမပေါ် အများပြည်သူ မြင်ကွင်းရှေ့မှောက်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် လူငယ်များအား လက်နက်ကိုင်စစ်သားများက ကားဖြင့် ဒလကြမ်းဝင်ရောက်တိုက်သတ်ခြင်း၊ ပစ်ခတ်သတ်ဖြတ်ခြင်းများ ပြုခဲ့ကြသည့် ဗီဒီယိုမှတ်တမ်းဖိုင်များ လူမှုကွန်ရက်ပေါ်တွင် ပေါ် ထွက်ခဲ့သည်။ လူငယ် ၅ ဦးခန့် သတ်ဖြတ်ခံရပြီး၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိကြကာ၊ ၁၅ ခန့် ဖမ်းဆီးထိန်းသိမ်းခံရကြောင်း သတင်းများအရ သိရသည်။

ဤမျှလူမဆန်သော ကြမ်းကြုတ်ရိုင်းစိုင်းမှုကို ကျူးလွန်ကြသည့်အတွက် တာဝန်ရှိ စစ်ခေါင်းဆောင်များနှင့် လက်ရောက်ကျူးလွန်သူ လက်ပါးစေတစ်စုတို့အား မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပြင်းထန်စွာ ကန့်ကွက်၊ ရှုတ်ချလိုက်ပါသည်။

ကျဆုံး ဒဏ်ရာရ ဖမ်းဆီးခံရသူ ပြည်သူ့ဘက်တော်သား သူရဲကောင်းလူငယ်များကိုလည်း လေးလေးနက်နက် ဦးညွှတ်ဂုဏ်ပြုပါသည်။ ဤသူရဲကောင်းများ၏ မိသားစုဝင်များကိုလည်း မိမိတို့ပါတီ၏ စာနာဝမ်းနည်းမှုနှင့် ဂုဏ်ပြုမှတ်တမ်းတင်မှုတို့ကို ဖေါ်ပြအသိပေးအပ်ပါသည်။

လွန်ခဲ့သော ၃၊ ၁၂၊ ၂၀၂၁ ရက်နေ့ကလည်း ဗကသများအဖွဲချုပ် အမှုဆောင်ဟောင်းတစ်ဦးဖြစ်သူ၊ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သား ကိုနှင်းအောင် (ခ) ရဲဘော်အောင်ဘညိုကို အရှင် ဖမ်းဆီးရမိပါလျက် စစ်အုပ်စုလက်ဝေခံ ပျူစောထီးအချိုက ရက်ရက်စက်စက် ညှဉ်းပမ်းသတ်ဖြတ်ခဲ့ကြောင်း သိရှိရသည်။ ၎င်းဖြစ်စဉ်မှာလည်း စစ်အစိုးရကိုယ်တိုင် သဘောတူလက်မှတ်ရေးထိုးထားသည့် နိုင်ငံတကာ စစ်ဘက်ဆိုင်ရာကျင့်ဝတ်ကို ချိုးဖေါက်ခြင်း၊ စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သည်။

ဤလူမဆန်သော ရက်စက်ရိုင်းစိုင်းမှုများကို ရမ်းကားစွာ ကျူးလွန်ခြင်းများကြောင့် လူမျိုးစုံ မြန်မာပြည်သူတို့ ဆင်နွှဲလျက်ရှိသော စစ်အာဏာရှင်သုတ်သင်ရေး တိုက်ပွဲကြီးကို လုံးဝရပ်တန့်သွားစေမည် မဟုတ်ဘဲ ပို၍ နာကျည်းပြတ်သားသော ခုခံတော်လှန်မှုများကိုသာ ရင်ဆိုင်ကြရမည်ဖြစ်ပြီး စစ်အာဏာနိဂုံးချုပ်ရေးကို ပိုမိုဆောလျင်စွာ ဖြစ်ပေါ်စေလိမ့်မည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်သည်။

မိမိတို့ပါတီအနေဖြင့် နိုင်ငံသားပြည်သူများအပေါ် ယခုကဲ့သို အနိုင်ကျင့်သတ်ဖြတ်မှုများအတွက် တရားမျှတသော ပြစ်ဒဏ်စီရင်မှုများ ပေါ်ပေါက်လာရေးကို အခိုင်အမာ တောင်းဆိုအပ်ပါသည်။

မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် စစ်အာဏာရှင်စနစ် အမြစ်ဖြတ်သုတ်သင်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ အပြည့်အဝ အာမခံနိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးတို့အတွက် တော်လှန်တိုက်ပွဲဝင်လျက်ရှိသည့် မိတ်ဆွေအင်အားစုများနှင့်အတူ၊ လူမျိုးပေါင်းစုံ မြန်မာပြည်သူများနှင့်အတူ အောင်ပွဲရသည့်တိုင်အောင် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းပါဝင် တိုက်ပွဲဝင်မည်ဖြစ်ကြောင်း သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်) ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ၊ (၆) ရက်။