၉၄ နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ချက်များ

(၉၄) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၁။ ၂၀၂၄၊ ဒီဇင်္ဘာလ (၂၂) ရက်နေ့တွင် တောင်သူလယ်သမားနေ့အဖြစ် ဂုဏ်ပြု၊ အထိမ်းအမှတ်ပြုမှုအား မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ထောက်ခံ၊ အသိအမှတ်ပြုပါသည်။
စင်စစ် ဆရာစံ ဦးဆောင်သော သာယာဝတီ ခရိုင် လယ်သမားထုက နယ်ချဲ့ဗြိတိသျှအစိုးရအား လက်နက်ကိုင် တိုက်ပွဲဆင်လျက် စတင် ပုန်ကန်ထကြွခဲ့သည့် ဒီဇင်္ဘာ (၂၂) ရက်နေ့ကို တောင်သူလယ်သမားနေ့အဖြစ် သတ်မှတ် အထိမ်းအမှတ်ပြုခြင်းသည် မဆလ စစ်အုပ်စုက ၎င်းတို့အာဏာသိမ်းခဲ့ သည့်ရက်ကို တဖက်လှည့် ဇွတ်အထိမ်းအမှတ် ပြုနေသည့် မတ် (၂) ရက်နေ့ထက် ဆီလျော်၍ အဓိပ္ပါယ် လေးနက်လှပေသည်။
၂။ မိမိတို့ တိုင်းပြည်တွင် ပဒေသရာဇ်ဘုရင်များ လက်ထက်ကစ’၍ ကိုလိုနီခေတ်တလျှောက်တွင်လည်းကောင်း၊ လွတ်လပ်ပြီး ဗမာပြည်၏ ဖောက်ပြန်သည့် အုပ်စိုးသူ အာဏာပိုင်အဆက်ဆက် လက်အောက်တွင်လည်းကောင်း ဖိနှိပ် ချုပ်ချယ် သွေးစုပ်မှုဒဏ် အမျိုးမျိုးကို ဗမာပြည် တောင်သူလယ်သမားထုအနေဖြင့် အရက်စက်ဆုံး အဆိုးရွားဆုံး ဖိနှိပ် သွေးစုပ် ခံခဲ့ကြရပေသည်။
၃။ ၂၀၂၁ အာဏာသိမ်းစစ်အုပ်စုလက်ထက်တွင် ကလေးသူငယ်နှင့် ကိုယ်ဝန်ဆောင်များပါမချန် သတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ် မီးတိုက်ခြင်း၊ ဗုံးကြဲ သတ်ဖြတ်ခြင်းများကို လူမဆန်အောင် ရက်ရက်စက်စက် ဖိနှိပ်ခြင်းဒဏ်ကိုလည်း ကျေးလက်နေ တောင်သူလယ်သမားအများစုက ခါးသည်းစွာ ရင်ဆိုင်ခံစားနေကြရလေသည်။
၄။ ဗမာ့တောင်သူလယ်သမားထုအနေဖြင့် အဆိုပါ လူမဆန်သော ဖိနှိပ်မှုမျိုးစုံအောက်မှ လွတ်မြောက်လျက်၊ ဓားမ- နောက်ပိတ်ခွေးဘဝမှ ရုန်းထွက်နိုင်ကြရန်အတွက် ယနေ့ လူမျိုးပေါင်းစုံ ဗမာပြည်သူများ တခဲနက် ဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေး လက်နက်ကိုင် ခုခံစစ်အတွင်း တတပ်တအား ပါဝင် တိုက် ပွဲဝင်ကြရပေလိမ့်မည်။
၅။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ဂဠုန်သူပုန်စိတ်ဓာတ်ကို စွဲကိုင် တိုက်ပွဲဝင်နေကြသော လယ်သမားထုကြီးနှင့်အတူ၊ လူမျိုးပေါင်းစုံ ဗမာပြည်သူများနှင့်အတူ နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်များ ပြည့် မြောက်အောင်မြင်သည်အထိ ကျရာတာဝန် ထမ်း၍ လက်တွဲ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကတိဓိဋ္ဌာန်ပြုလျက် (၉၄) နှစ်မြောက် တောင်သူလယ်သမားနေ့ အထိမ်းအမှတ် ဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၂၄ ခုနှစ်၊ ဒီဇင်္ဘာလ (၂၂) ရက်။