ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဆရာကြီး ဦးထွန်းဝင်း ကွယ်လွန်ခြင်းအတွက် ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာ
ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (ALD)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ၁၉၉၀ ရွေးကောက်ပွဲ အနိုင် ရ မင်းပြားမြို့နယ် အမှတ် ၂ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဆရာကြီး ဦးထွန်းဝင်း အသက် (၉၅) နှစ် သည် ၂၃ ၂၊ ၂ဝ၂၄ ရက်နေ့တွင် ကွယ်လွန်သွားကြောင်း ဝမ်းနည်းစွာဖြင့် ကြားသိရပါသည်။
ဆရာကြီးသည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ စတင်ထောင်ရာတွင် ပါဝင်ခဲ့သည့် ခေါင်းဆောင်တဦး ဖြစ် သည့်အပြင် ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်နိုင်ရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် စသည့် တိုင်းရင်းသားအရေးနှင့် နိုင်ငံ့အရေးအရာများတွင် ထဲထဲဝင်ဝင် ဦးဆောင်ခဲ့သည့် ဝါရင့် ရခိုင် နိုင်ငံရေးသမားကြီး တဦးလည်း ဖြစ်သည်။ ထို့ပြင် ဆရာကြီး ဦးဆောင်ဦးရွက်ပြုခဲ့သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်သည် စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် – UNA++, PRCF, GSC, SIF အစရှိသည့် မဟာမိတ် တပ်ပေါင်းစု များတွင် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီနှင့်အတူ လက်တွဲလျက် တော်လှန်ရေးတာဝန်များကို ကျရာ နေရာမှ ကြိုးပမ်းထမ်းဆောင်လျက်ရှိသည့် မဟာမိတ်နိုင်ငံရေးပါတီတရပ်လည်း ဖြစ်ပါသည်။
ဆရာကြီး၏ ဘဝတသက်တာသည် ရခိုင်တိုင်းရင်းသားများအရေး၊ နိုင်ငံ့အရေးတို့တွင် ဦးဆောင်ခဲ့သည့် အပြင် ကွယ်လွန်ချိန်အထိ ပါတီက ပေးအပ်သော တာဝန်များကို ထမ်းဆောင်သွားခဲ့သည့် လေးစားဂုဏ်ယူဖွယ် တသက်တာ ဖြစ်ကြောင်းကိုလည်း မိမိတို့အနေဖြင့် လေးစားဂုဏ်ပြုရင်း မှတ်တမ်းတင်အပ်ပါသည်။ ဝါရင့် ရခိုင် နိုင်ငံရေးသမား ဆရာကြီးဦးထွန်းဝင်း ကွယ်လွန်မှုအတွက် ဆရာကြီး၏ မိသားစုဝင်များ၊ ရခိုင်ပြည်သူများ၊ ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်များနည်းတူ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS)က ဝမ်းနည်း နှမြော တသ ဖြစ်ရင်း၊ တော်လှန်ရေးအတွက်လည်း ကြီးမားသော ဆုံးရှုံးမှုကြီးတရပ်ဖြစ်ကြောင်း ဖော်ပြရင်း ဤ သဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၄၊ ဖေဖော်ဝါရီ၊ ၂ဝ၂၄။