MCE Rainbow ဆပ်ပြာစက်ရုံသပိတ် စာနယ်ဇင်းရှင်းလင်းပွဲ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ စက်တင်ဘာ၊ ၂၅။ ရန်ကုန်။

ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ စက်မှုဇုံ (၁)ရှိ MCE Rainbow ဆပ်ပြာစက်ရုံ သပိတ်စခန်းတွင် ၂၅၊၉၊၂၀၁၉ ရက်နေ့ နံနက် ၁၀းဝ၀ နာရီ၌ စာနယ်ဇင်းရှင်းလင်းပွဲတခု ပြုလုပ်ခဲ့ပါသည်။ ရှင်းလင်းပွဲသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဗမာနိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစုနှင့် သတင်းဋ္ဌာနများ တက်ရောက်ခဲ့ကြပါသည်။
သပိတ်ကို ၂၂၊ ၈၊၂၀၁၉ ရက်နေ့မှ စတင်ခဲ့ပြီး ယနေ့ဆိုလျှင် ၃၄ ရက်တိတိ ရှိပြီဖြစ်ကြောင်း၊ တောင်းဆိုချက် (၁၃) ရပ် တောင်းဆိုထားကြောင်း၊ အလုပ်ရှင်ဘက်မှ လူမိုက်များငှား၍ ခြိမ်းခြောက်ခိုင်းခြင်း၊ လုံခြုံရေးများ တိုးမြှင့်ချထားခြင်း၊ ခွေးများခေါ်ယူလာပြီး ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ပြီး သပိတ်ကို နှောက်ယှက်နေကြောင်း၊ ၂၂၊၉၊၂၀၁၉ ရက်နေ့အထိ စက်ရုံပိုင်ရှင်ဘက်နှင့် သပိတ်တိုက်ပွဲဝင်များကြားတွင် ၅ ကြိမ် ညှိနှိုင်းခဲ့သော်လည်း သပိတ်က လက်ခံပေးနိုင်သည့် အဆင့်သို့ လုံးဝ မရောက်သေးကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အလုပ်သမားရေးရာဋ္ဌာနမှ ဦးကျော်ထွေး လာရောက်ညှိနှိုင်းပေးခဲ့သော်လည်း လုပ်ငန်းကျွမ်းကျင်ကြေးတိုးပေးရေးကိစ္စမှာ ညှိ၍မရသေးကြောင်း၊ ၎င်းတို့ အနေဖြင့် ညှိနှိုင်းရေးကို ဆက်လက်ဖွင့်ထားပြီး အောင်ပွဲရရှိသည်အထိ သပိတ်ဆက်မှောက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းခဲ့ကြပါသည်။ စက်ရုံသည် တရုတ်အမျိုးသားပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား ၃၀၁ ယောက် ရှိရာ သပိတ်တွင် အလုပ်သမား ၉၀ ပါဝင်လျက်ရှိသည်ဟု သိရပါသည်။
ရှင်းလင်းပွဲသို့ ပါတီမှ အလုပ်သမားရေးရာကော်မတီတာဝန်ခံ ဦးငွေလင်းတက်ရောက်ခဲ့ပြီး သပိတ်စခန်းတွင် သပိတ် ကော်မတီခေါင်းဆောင်များနှင့်လည်းကောင်း၊ သပိတ်မှောက်အလုပ်သမားများနှင့်လည်းကောင်း တွေ့ဆုံဆွေးနွေးခဲ့ပါသည်။ သပိတ်တောင်းဆိုချက်များမှာ မှန်ကန်သင့်လျော်သည့် တောင်းဆိုချက်များဖြစ်ပြီး တကယ့်အခြေခံ လိုအပ်ချက်များသာ ဖြစ်ကြောင်း၊ အေးချမ်းစွာ လက်မှတ်ရေးထိုးတင်ပြခြင်း၊ အလုပ်ရှင်ဘက်က လျစ်လျူရှု ပစ်ပယ်လာသည့်အချိန်တွင် ယခုကဲ့သို့ ငြိမ်းချမ်းစွာသပိတ်မှောက်ခြင်း၊ တပြိုင်နက်တည်းတွင် ညှိနှိုင်းရေးကို ဖွင့်ထားလျက် မိမိတို့၏သပိတ်ကို ခိုင်မာအားကောင်းအောင် ဆောင်ရွက်နေခြင်း စသည့် လုပ်ဟန်များမှာလည်း မှန်ကန်ကောင်းမွန်ကြောင်း၊ မိမိတို့ပါတီအပါအဝင် အင်အားစုအသီးသီးက ထောက်ခံပါကြောင်း၊ မိမိတို့၏ အခြေခံရပိုင်ခွင့်အတွက် မိမိတို့ကိုယ်တိုင် တောင်းဆိုတိုက်ပွဲဝင်ရဲသည့် သပိတ်မှောက်အမျိုးသမီးရဲဘော်များကို ပါတီက ချီးကျူးဂုဏ်ပြုပါကြောင်း၊ အတတ်နိုင်ဆုံး ဝန်းရံထောက်ခံ အကူအညီပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးအားပေးခဲ့ပါသည်။

[ngg src=”galleries” ids=”680″ display=”basic_thumbnail”]