၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်

ပါတီလှုပ်ရှားမှုများ

၂၃၊ ၈၊ ၂၀၁၉။ UEC ရုံး၊ နေပြည်တော်။

၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ၂၀၁၉၊ သြဂုတ်လ၊ ၂၃ ရက်နေ့ နံနက် ၉းဝ၀ နာရီမှ ညနေ ၅းဝ၀ နာရီအထိ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးဖိတ်ကြားထားသည့် နိုင်ငံရေးပါတီပေါင်း ၈၈ ပါတီရှိသည့်အနက် ၈၄ ပါတီ တက်ရောက်ခဲ့ကြောင်း UEC ဥက္ကဋ္ဌက ပြောကြားခဲ့ပါသည်။ လာမည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများကို UEC ဥက္ကဋ္ဌနှင့် ညွှန်ကြားရေးမှူးချုပ်တို့က ရှင်းလင်းပြောကြားခဲ့ပါသည်။ တက်ရောက်လာသည့် နိုင်ငံရေးပါတီများကလည်း ပြီးခဲ့သည့်ရွေးကောက်ပွဲ အခက်အခဲ အတွေ့အကြုံများကဲ့သို့ မဖြစ်စေရန် မျှော်လင့်ကြောင်း၊ စစ်ပွဲဖြစ်ပွါးလျက်ရှိသည့် တိုင်းရင်းသားဒေသများတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန်အတွက် UEC က အစိုးရနှင့် တပ်မတော်ကို တိုက်တွန်းညှိနှိုင်း ဆောင်ရွက်သင့်ကြောင်း၊ တပ်မတော်အနေဖြင့် ရွေးကောက်မခံဘဲ လွှတ်တော်ထဲတွင် ၂၅% နေရာယူထားသည့်အပြင် တပ်တွင်း၌ နိုင်ငံရေးပါတီများအား စည်းရုံးရေးဆင်းခွင့်မပေးသည်မှာ နှစ်သီးစားသဘောမျိုးဖြစ်နေပြီး တရားမျှတမှုမရှိကြောင်း၊ ရွှေ့ပြောင်းလုပ်သားများ၏ ဆန္ဒမဲသည် သက်ဆိုင်ရာနယ်မြေဒေသကို အမှန်တကယ် ကိုယ်စားပြုနိုင်ရေး ဆောင်ရွက်ပေးသင့်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် နေရာဒေသများတွင် မဲရုံများ တိုးမြှင့်ဖွင့်လှစ်သင့်ကြောင်း စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။ ၎င်းအစည်းအဝေးသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) ဒေါ်နှင်းနှင်းမွှေးလည်း တက်ရောက်ခဲ့ပါသည်။ ဒေါ်နှင်းနှင်းမွှေးက ဆွေးနွေးရာတွင် ယခုအစည်းအဝေးသည် အရေးကြီးသည့် အစည်းအဝေးဖြစ်သဖြင့် မိုက်လုပြောရသည့်အခြေအနေမျိုးမဟုတ်ဘဲ တင်ပြလိုသည့်ပါတီတိုင်း တင်ပြနိုင်သည့်အခွင့်အရေး ပေးသင့်ကြောင်း၊ နောက်နောင် အစည်းအဝေးများတွင်လည်း ပိုမိုကောင်းမွန်စနစ်ကျသည့် အစီအစဉ်မျိုး ထားရှိရန် အကြံပြုတိုက်တွန်းကြောင်း၊ စက်မှုဇုန်များတွင် သိန်းချီရှိသည့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ငွေကြေးနှင့် အချိန်အခက်အခဲကြောင့် မဲဆန္ဒပေးခွင့် လက်လွတ်ဆုံးရှုံးမှု မရှိစေရန် သင့်လျော်သည့်အစီအစဉ်များ UEC က ဆောင်ရွက်ပေးသင့်ကြောင်း၊ မြန်မာနိုင်ငံအတွင်း တဆက်တည်း ဆယ်နှစ်နေထိုင်သူသာ ရွေးကောက်ခံပိုင်ခွင့်ရှိသည်ဆိုသည့် သတ်မှတ်ချက်ကို ဖြေလျော့ပေးစေလိုကြောင်း၊ ရွေးကောက်ပွဲဥပဒေ နည်းဥပဒေများ လိုက်နာရမည့်ကျင့်ဝတ်များကို ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်တွင် သေချာစွာ သိရှိနားလည်အောင် သင်တန်းများပေးသင့်ကြောင်း တိုက်တွန်းတင်ပြခဲ့ပါသည်။ ပါတီပေါင်း ၄၈ ပါတီ၏ မေးမြန်းတင်ပြချက်များအား UEC အဖွဲ့ဝင် ဦးမြင့်နိုင်က ပြန်လည်ဖြေကြားပေး၍ UEC ဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားပြီးနောက် အစည်းအဝေးကို ရုပ်သိမ်းခဲ့ပါသည်။

[ngg src=”galleries” ids=”659″ display=”basic_thumbnail”]