ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ကဗျာသဘင်

ပါတီလှုပ်ရှားမှုများ

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ၁၄၁ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် “စာနယ်တခွင်က မှိုင်းရဲ့ ကဗျာသဘင်” ခေါင်းစဉ်ဖြင့် ကဗျာရွတ်ဆိုပွဲကို လမ်းမတော်သံဈေး ၅ လွှာရှိ Myanmar Book Plaza တွင် ၂၆-၃-၁၇ ရက် နေ့လည် ၁:ဝ၀ နာရီမှ ညနေ ၄:ဝ၀ နာရီအထိ ကျင်းပခဲ့ပါသည်။ ဤအခမ်းအနားကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်နှင့် Myanmar Book Plaza တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်။ ဆရာကြည်နိုင်၊ ဆရာချစ်ဦးညို၊ ဆရာအောင်စောဦး၊ ဆရာမောင်နွေထက်၊ ဆရာထွန်းဝင်းငြိမ်းတို့က ဆရာကြီး၏ ငြိမ်းချမ်းရေးသဘောထား၊ မျိုးချစ်စိတ်ဓာတ်၊ လွတ်လပ်ရေးလှုပ်ရှားမှု၊ မှိုင်းရာပြည့်လှုပ်ရှားမှုတို့ကို ဟောပြောခဲ့ကြပြီး ဆရာကြီးရေးဖွဲ့ခဲ့သော လေးချိုးကြီးများကို ရွတ်ဆိုခဲ့ကြပါသည်။ ထို့နောက် တက်ရောက်လာသော ကဗျာဆရာများကလည်း ကဗျာများ ရွတ်ဆိုဂုဏ်ပြုခဲ့ကြပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အခမ်းအနားသို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ သခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ မှိုင်းငြိမ်းကွန်ရက်၊ ၇၄-၇၅ နိုင်ငံရေးအင်အားစုများ၊ လူငယ်ကဗျာဆရာများသမဂ္ဂ၊ စာပေမွေ့သူများနှင့် ဆရာကြီးကို ချစ်ခင်ကြည်ညိုသူများ တက်ရောက်ခဲ့ကြပါသည်။