နိုင်ငံရေးအကျဉ်းသားဟောင်း ရဲဘော်ဘဆန်း (ခ) ရဲဘော်ဇော်မြင့် ဈာပနသို့ ပေးပို့သော လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဝမ်းနည်းသဝဏ်လွှာ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပေါင်းတည်မြို့နယ် ဥက္ကဋ္ဌဟောင်း ရဲဘော်ဇော်နေမျိုးနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီ ပေါင်းတည်မြို့နယ် ပါတီရဲဘော် ဇော်ကိုကိုနိုင်တို့၏ ဖခင်ကြီး ရဲဘော်ဘဆန်း(ခေါ်)ရဲဘော်ဇော်မြင့် အသက် (၇၇)နှစ် (နိုင်ငံ – ရေးအကျဉ်းသားဟောင်း) သည် ၃၊ ၁၂၊ ၂၀၁၅ နေ့တွင် ကွယ်လွန်ကြောင်းကြားသိရသည့်အတွက် ရဲဘော်တို့ မိသားစုဝင်များ နည်းတူ ကြေကွဲဝမ်းနည်းရပါကြောင်း မိမိတို့ပါတီက ဝမ်းနည်းသဝဏ်လွှာ ပေးပို့အပ်ပါသည်။

ရဲဘော်တို့ မိသားစု၏ မိမိတို့ တိုင်းပြည်နှင့် ပြည်သူလူထုအပေါ် အစဉ်တစိုက် ချစ်မြတ်နိုးစွာ၊ တာဝန်ကျေပွန်ခဲ့မှုအား မိမိတို့ပါတီက ဂုဏ်ယူစွာ၊ မှတ်တမ်းတင်ပါကြောင်းလည်း အလေးအနက် ဖော်ပြအပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၅ ခုနှစ်၊ ဒီဇင်္ဘာလ၊ ၄ ရက်။

Continue Reading

၀မ်းနည်းကြောင်း သဝဏ်လွှာ

၂၀၁၄ ခုနှစ်၊ နိုဝင်္ဘာလ၊ ၁၆ ရက်။

၁၄၊၁၁၊၂၀၁၄ ရက်နေ့တွင် ရဲဘော် ငွေထွန်းမြင့် (ခ) ထွန်းထွန်း (ခ) အရှည်ကြီးသည် အမေရိကန်နိုင်ငံ၊ လိုဂန်မြို့တွင် ကွယ်လွန်သွားကြောင်းကြားသိရသည့်အတွက် မိမိတို့ပါတီက မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲ ဖြစ်ကြရပါသည်။

ရဲဘော်ငွေထွန်းမြင့်သည် မြန်မာပြည်သူတို့၏ ဒီမိုကရေစီရေးတိုက်ပွဲအတွင်း ပျိုမျစ်သော လူ့ဘဝတခုလုံးကို မြှုပ်နှံ လျက် တာဝန်ကျေပွန်စွာ ထမ်းရွက်ခဲ့သူ ဖြစ်ပါသည်။
ရှစ်လေးလုံးအရေးတော်ပုံကြီးအလွန် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးလှုပ်ရှားမှုကြီးအတွင်း ရဲဘော်ငွေထွန်း မြင့်သည် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ပါတီဝင်အဖြစ်လည်းကောင်း၊ မျိုးချစ်ဒီမိုကရက်တစ်လူငယ်တပ်ပေါင်းစု အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ မကဒတ ကျောင်းသားတပ်မတော် တပ်ရင်း(၆၀၁) တပ်ဖွဲ့ဝင်ရဲဘော်အဖြစ်လည်းကောင်း ကျရာအခန်းမှာ တာဝန် ကျေစွာ ထမ်းရွက်ခဲ့သူဖြစ်ပါသည်။
ရဲဘော်၏တာဝန်ကျေခဲ့မှုများကို မိမိတို့ပါတီက အစဉ် တန်ဖိုးထား ဂုဏ်ပြုမှတ်တမ်းတင်ထားမည် ဖြစ်ပါသည်။

ရဲဘော်ကြီး ငွေထွန်းမြင့် ကောင်းရာသုဂတိသို့ ရောက်ရှိ၊ ငြိမ်းချမ်းနိုင်ပါစေ။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
ရန်ကုန်မြို့။

Continue Reading

ဗိုလ်ချုပ်ကြီးတာမလာဘော ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ပေးပို့သော ဝမ်းနည်းသဝဏ်လွှာ

( ၂၆-၆-၂၀၁၄) ရက်နေ့ ည ၉း၁၅ နာရီခန့်တွင် ဗိုလ်ချုပ်ကြီးတာမလာဘော ဆုံးပါးကွယ်လွန်သွားကြောင်း ကြားသိ ရသည့်အတွက် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကရင်အမျိုးသားထုနှင့်ထပ်တူ၊ ကရင်အမျိုးသားအစည်းအရုံးနှင့် ထပ်တူ၊ အဖိုး၏မိသားစုနှင့်ထပ်တူ အထူး နှမြောတသ ကြေကွဲဝမ်းနည်း ဖြစ်ကြရပါသည်။

ဗိုလ်ချုပ်ကြီးတာမလာဘော၏ တသက်တာသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ အမျိုး သားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုကြီးတည်ဆောက်ရေး စသည့် တိုက်ပွဲ စဉ်များနှင့် အတိပြီးသော တသက်တာ ဖြစ်ပါသည်။

ဗိုလ်ချုပ်ကြီးတာမလာဘော ဆုံးပါးသွားခြင်းသည် ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်အမျိုးသားထုအတွက် ကြီးမား သော ဆုံးရှုံးမှုကြီးဖြစ်ရုံသာမက တော်လှန်ရေးအင်အားစုများ၏ တပ်ပေါင်းစုလုပ်ငန်းများနှင့် ဒီမိုကရေစီရေး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက်ပါ အဖိုးမဖြတ်နိုင်သော ဆုံးရှုံးမှုကြီးတရပ်ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်ပါသည်။

တော်လှန်ရေးဒေသများနှင့် ထိုင်းမြန်မာနယ်စပ်အခြေစိုက် နှစ်ကာလများအတွင်း မိမိတို့ပါတီအလံတော်အား ဆက်လက် လွှင့်တင်လှုပ်ရှားခဲ့ကြရသည့် အလွန်ခက်ခဲကြမ်းတမ်းသော ဖြတ်သန်းမှုကြီးအတွင်းတွင် အဖိုး ဗိုလ်ချုပ်ကြီးတာမလာဘောနှင့်တကွ ကရင်အမျိုးသားနိုင်ငံရေးခေါင်းဆောင်ကြီးများ၏ အဖက်ဖက်မှ ဖေးမ၀န်းရံ လက်တွဲဆောင်ရွက်ခဲ့မှုများ၊ အပြန်အလှန် တန်ဖိုးထား မှုအပြည့်ဖြင့် ပူးပေါင်းလှုပ်ရှားခဲ့ရမှုများကို မိမိတို့ပါတီက အစဉ်အမြဲ အောက်မေ့ ဂုဏ်ယူနေမည် ဖြစ်ပါသည်။

မိမိတို့ပါတီအနေဖြင့် အဖိုး ဗိုလ်ချုပ်ကြီးတာမလာဘော၏ စံနမူနာကောင်းများကို ခံယူပြီး အဖိနှိပ်ခံပြည်သူများ လွတ် မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ အပြည့်အ၀အာမခံနိုင်ရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်ရေးတို့အတွက် လူမျိုးပေါင်းစုံပြည်သူလူထုကြီး နှင့်အတူ တက်ကြွစွာ သယ်ပိုးထမ်းရွက်သွားမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ ကတိသစ္စာပြုရင်း ဤ၀မ်းနည်းသ၀ဏ်လွှာ ကို ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၇) ရက်

Continue Reading

ဆရာ ဦးဝင်းတင် ဆုံးပါးကွယ်လွန်သွားခြင်းအတွက် ပေးပို့သော ဝမ်းနည်းသဝဏ်လွှာ

ယနေ့ ( ၂၁-၄-၂၀၁၄) ရက်နေ့ နံနက် ၆း၀၀ နာရီခန့်တွင် ရန်ကုန်ဆေးရုံကြီး၌ ဆရာဦးဝင်းတင် ဆုံးပါး ကွယ်လွန် သွားကြောင်း ကြားသိရသည့်အတွက် မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက အထူး နှမြောတသ ကြေကွဲဝမ်းနည်း ဖြစ်ကြရ ပါသည်။

ဆရာဦးဝင်းတင်၏တသက်တာသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ စာနယ်ဇင်း လွတ်လပ်ခွင့်ရရှိရေးအပါအ၀င် အဖိနှိပ်ခံလူမျိုးစုံမြန်မာပြည်သူများ လွတ်မြောက်လုံခြုံရေးဆိုင်ရာ တိုက်ပွဲများနှင့် အတိပြီးသော တသက်တာ ဖြစ်ပါသည်။ ဆရာဦးဝင်းတင်သည် မည်သို့သောအကန့်အသတ်အပိတ်အဆို့မျိုးကိုမဆို တွေဝေယိမ်းယိုင်မှုကင်းမဲ့ စွာဖြင့် ထွက်ပေါက်မရှိလျင် ဖေါက်ထွက်ရမည်ဆိုသည့် လူထုလုပ်ဟန် လူထုလမ်းစဉ်ကို လူငယ်မျိုးဆက်များနှင့် ခေတ်ပြိုင် တိုက်ဖေါ်တိုက်ဖက်အားလုံးအတွက် ချမှတ်ပေးခဲ့သူ၊ ကိုယ်တိုင်လည်း တပ်ဦးက ရဲရဲဝံ့ဝံ့ ဖေါက်ထွက်တိုက်ပွဲဝင်ခဲ့သူ ဖြစ်သည်ဟု မိမိတို့ပါတီက လေးလေးနက်နက် မှတ်တမ်းတင်ပါသည်။

ဆရာဦးဝင်းတင် ဆုံးပါးသွားခြင်းသည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အတွက်သာမက ယနေ့ကဲ့သို့ ရှုပ်ထွေးေ၀၀ါး နေသည့်ကာလ မြန်မာ့နိုင်ငံရေးအပြောင်းအလဲဆိုင်ရာ လှုပ်ရှားမှုကြီးအတွက်ပါ အစားထိုး၍ မရနိုင်သော ဆုံးရှုံးမှုကြီး ဖြစ်သည်ဟု မိမိတို့ပါတီက အလေးအနက် ယုံကြည်ပါသည်။

မိမိတို့ပါတီ၏ ပြည်တွင်းလေ့လာရေးခရီးစဉ်တွင်လည်းကောင်း၊ မိမိတို့ပါတီ၏ ပါတီဖွဲ့စည်းတည်ထောင်ခြင်း (၂၅) နှစ်မြောက်နေ့ အခမ်းအနားတွင်လည်းကောင်း အလွန်အမင်း ကျန်းမာရေးဆိုးနေသည့်ကြားမှပင် မိမိတို့ပါတီကို လုပ်ဖေါ်ကိုင်ဖက် ပါတီတရပ်အဖြစ် လှိုက်လှိုက်လှဲလှဲ ကြီုဆိုနှုတ်ဆက်ပေးခြင်း၊ နိုင်ငံရေးအရ တန်ဖိုးတထား ဂုဏ်ပြုစကား ပြောကြားပေးခြင်း များအပေါ် မိမိတို့ပါတီက အမြဲ အောက်မေ့အမှတ်ရနေမည် ဖြစ်ပါသည်။

မိမိတို့ပါတီအနေဖြင့် ဆရာဦးဝင်းတင်၏ စံနမူနာကောင်းများကို ခံယူပြီး ဆရာမျှော်မှန်းထားသည့် အဖိနှိပ်ခံ ပြည်သူများ လွတ်မြောက်လုံခြုံသည့်၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးများ အပြည့်အ၀အာမခံနိုင်သည့်၊ ငြိမ်းချမ်းပြီး အစဉ်ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရက်တစ်ဖက်ဒရယ် ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်သည်အထိ အမျိုးသားရေးတာဝန်များကို လူထုနှင့်အတူ သယ်ပိုး ထမ်းရွက်သွားမည်ဖြစ်ကြောင်း လေးနက်တည်ကြည်စွာ ကတိသစ္စာပြုရင်း ဤ ၀မ်းနည်းသ၀ဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ ဧပြီလ (၂၁) ရက်

Continue Reading