လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေနိုင်ငံရေးသဘောထား (၂၀၂၁)

ပါတီသဘောထား ပါတီအကြောင်း

နိဒါန်း 

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် (၁၃၅ဝ – ပြည့်နှစ်) ဒီမိုကရေစီအရေးတော်ပုံကြီးက သန္ဓေတည် မွေးဖွား ပေးခဲ့သော နိုင်ငံရေးပါတီတစ်ရပ်ဖြစ်သည်။ ယနေ့တွင် ပါတီသည် လူမျိုးစုံ မြန်မာပြည်သူတို့ ဆင်နွှဲလျက်ရှိသော စစ် အာဏာရှင်စနစ်ဖျက်သိမ်းရေး နွေဦးတော်လှန်ရေးကြီးအတွင်း မိမိတို့ ကျရာအခန်းကဏ္ဍ၌ တိုက်ပွဲတာဝန်များ ထမ်း ရွက် ပါဝင်လျက်ရှိသည်။ ဤ ကြီးမြတ်၍ ဂုဏ်ပြောင်သော အရေးတော်ပုံကြီး ၂ ရပ်လုံးပင် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုး သားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီရေးတို့အတွက် အစဉ်တစိုက် တိုက်ပွဲဝင်ခဲ့သော မြန်မာပြည် လူမျိုးစုံပြည်သူတို့ ၏ တော်လှန်ရေးကြီးနှင့် သီးခြားကင်းလွတ်၍ ပေါ်ပေါက်ခဲ့ခြင်းကားမဟုတ်။ ထို့အတူ လွတ်လပ်ပြီး နောက်ပိုင်းမှစ၍ ယနေ့တိုင် အာဏာရ အစိုးရအဆက်ဆက်က ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးနှင့် အမျိုးသား သွေးစည်းခိုင်မာရေး ပြဿ နာတို့ကို ပြေလည်အောင်မဖြေရှင်းနိုင်ခဲ့သောကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ဥပဒေတွင်း လူထုတိုက်ပွဲအသီးသီး၏ အဆက် လည်း ဖြစ်သည်။ အထူးသဖြင့် (၁၉၆၂) ခုနှစ်၌ မြန်မာပြည်ရှိ ဒီမိုကရေစီ အခွင့်အရေးအနည်းအပါးကိုပင် ရိုက်ချိုး ဖျက်ဆီးပြီး စစ်အာဏာရှင်စနစ်ကို အခိုင်အမာကိုင်စွဲခဲ့သော အာဏာသိမ်း စစ်အုပ်စုအား ဆန့်ကျင်ပုန်ကန်ခဲ့ကြသည့် ၁၉၆၂ ခုနှစ် ဇူလိုင် (၇) ရက်၊ (၁၉၆၇)၊ (၁၉၆၉)၊ (၁၉၇၄)၊ (၁၉၇၅)၊ (၁၉၇၆)၊ (၁၉၈၇) စသည့်နှစ်များတွင် ဖြစ်ပွားခဲ့သော ဥပဒေတွင်း ကျောင်းသားထု၊ အလုပ်သမားထုနှင့် ပြည်သူလူထုတို့၏ တိုက်ပွဲအသီးသီးနှင့်လည်း တ ဆက်တည်းဖြစ်သည်။ ထို့ကြောင့်ပင် မြန်မာပြည်ဒီမိုကရေစီ အရေးတော်ပုံကြီး၏ အဆင့်ဆင့်ဖြစ်ပေါ်တိုးတက်မှုအရ လူ့ဘောင်သစ်ဒီမို ကရက်တစ်ပါတီသည် မြန်မာပြည် လူမျိုးစုံပြည်သူတို့ ဆင်နွှဲခဲ့သော၊ ဆင်နွှဲလျက်ရှိသော ဒီမိုကရေစီ အရေးတော်ပုံကြီး၏ တာဝန်များကို ဆက်ခံထမ်းရွက်ရန် စုစည်းခဲ့သည့် မျိုးဆက်သစ်နိုင်ငံရေးပါတီတစ်ရပ် ဖြစ်သည် နှင့်အညီ ယနေ့နွေဦးတော်လှန်ရေးကြီး အတွင်း ပြည်သူလူထုကြီးနှင့်အတူ ပါဝင်ဆင်နွှဲလျက် ရှိပေသည် 

ပါတီအခြေခံနိုင်ငံရေးအယူအဆနှင့် တန်ဘိုးထားမှုများ 

(လွတ်လပ်မှုတန်းတူမှုသွေးစည်းညီညွတ်မှုနှင့် ဒီမိုကရေစီ) 

လွတ်လပ်မှု၊ တန်းတူမှုနှင့် သွေးစည်းညီညွတ်မှုတို့သည် ဒီမိုကရေစီလူ့အဖွဲ့အစည်း၏ အခြေခံ အုဌ်မြစ်များ ဖြစ် သည်။  တပြိုင်နက်တည်းတွင်ပင် ဒီမိုကရေစီလူ့အဖွဲ့အစည်းတရပ်သည်သာလျှင် လွတ်လပ်မှု၊တန်းတူမှုနှင့် သွေးစည်း ညီညွတ်မှုတို့အား  လက်တွေ့တွင် အာမခံနိုင်လိမ့်မည်။ လူသားတို့၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဆိုင်ရာတန်းတူမှုနှင့် ငြိမ်းချမ်းသည့် ဘဝတို့အား ဖော်ဆောင်နိုင်လိမ့်မည်ဟု မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ က ယုံကြည်သည်။ 

လွတ်လပ်မှု 

           လူတိုင်းလူတိုင်း ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုမှ ကင်းလွတ်စေရမည်။ ငတ်မွတ်ခေါင်းပါးမှုဘေးမှ ကင်းလွတ် စေရမည်။  အသိပညာကင်းမဲ့မှုနှင့် အကြောက်တရားမျိုးစုံတို့မှလည်း လွတ်မြောက်စေရမည်။ မိမိတို့၏ ကံကြမ္မာအား မိမိတို့ဖာသာ  ဆုံးဖြတ်  နိုင်ခွင့်ရှိစေရမည်။ မိမိ တစ်ဦးချင်းစီ၏ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မိမိလူ့အဖွဲ့ အစည်း၏ ဖွံ့ဖြိုး တိုးတက်ရေးကိစ္စရပ်များအား လွတ်  လပ်စွာ ရွေးချယ်ဆုံးဖြတ် ဆောင်ရွက်ခွင့်နှင့် ပါဝင်ဆောင် ရွက်ခွင့် ရှိစေရမည်။ 

လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့်၊ လွတ်လပ်စွာ တွေးခေါ်ယုံကြည်ခွင့်၊ လွတ်လပ်စွာ ပြောဆိုစည်းရုံးခွင့် စသည့် အခြေ ခံ  လူမှုအခွင့်အရေးများသည် လွတ်လပ်မှု၏ အခြေခံအခြေအနေများ ဖြစ်ပေသည်။ သို့သော်လည်း လူတို့၏ စီးပွါးရေး ဘဝနှင့် လူတန်းစားကွဲပြားခြားနားမှုများက ၎င်းလွတ်လပ်မှုအခြေအနေများအား လက်တွေ့ အကောင်အထည် ဖော်ရာတွင် လူတစ်ဦးချင်းစီအား သိသာစွာ ကွဲပြားခြားနားစေသည်၊ မိမိကံကြမ္မာအားမိမိ ဆုံးဖြတ်ခွင့်ရှိသည်ဆိုသည့် လူတစ်ဦးချင်းစီ၏ အခွင့်အရေးများအပေါ်လည်း ကြီး စွာသက်ရောက်စေသည်။  

လွတ်လပ်မှုဆိုသည်မှာ စီးပွားရေးအရ ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမှု၊ လူမျိုးရေးအရ၊ ယဉ်ကျေးမှုအရ၊ ဘာသာ ရေးအရ၊  လိင်အရ ဖိနှိပ်ခံရမှုတို့မှလည်းကောင်း၊ အခြားသဏ္ဌာန်ပေါင်းစုံဖြင့် ခွဲခြားဆက်ဆံခံရမှုတို့မှလည်းကောင်း လွတ်မြောက်ခြင်းဖြစ်သည်။ ထိုသို့သော လွတ်လပ်မှုသည်သာ လူတစ်ဦးချင်းစီအတွက်လည်းကောင်း၊ လူ့အဖွဲ့အစည်း အတွက်လည်းကောင်း ငြိမ်းချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အား ဆောင်ကျဉ်းနိုင်လိမ့်မည်ဖြစ်သည်ဟု မိမိတို့ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီက ယုံကြည်သည်။ 

တန်းတူမှု 

           လူတစ်ဦးချင်းစီ၌ တူညီသောတန်ဘိုး၊ တူညီသောဂုဏ်သိက္ခာ၊ တူညီသောအခွင့်အရေးရှိသည်။ တန်းတူညီမျှ အခွင့်အရေးသည် လူတစ်ဦးချင်းစီ၏ မိမိကြမ္မာမိမိဖန်တီးရေးနှင့် မိမိတို့လူ့အဖွဲ့အစည်း တိုးတက်ဖြစ်ထွန်းရေးတို့အား ပါဝင်ဆောင်ရွက်နိုင်ရေး  တို့တွင် သော့ချက်ကျသော ကိစ္စရပ်တစ်ခုဖြစ်ပေသည်။ 

တန်းတူမှုဟုဆိုရာ၌ အကြွင်းမဲ့တန်းတူရေးကို ဆိုလိုခြင်းမဟုတ်သကဲ့သို့ လူသားတိုင်း တစ်ပုံစံတည်း တည်ရှိရမည် ဟု  ဆိုလိုခြင်းလည်း မဟုတ်ပေ။ လွတ်လပ်စွာရွေးချယ်ခွင့်နှင့် လွတ်လပ်စွာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်တို့သည် လည်း တန်းတူမှု၏ အခြေခံများဖြစ်သည်။ 

တန်းတူမှုသည် လွတ်လပ်မှု၏ အခိုင်အမာအခြေခံတရပ်ဖြစ်သည်။ တန်းတူမှုမရှိက လွတ်လပ်မှုမရှိနိုင်ဟု မိမိတို့က ယုံကြည်သည်။ 

သွေးစည်းညီညွတ်မှု 

           လူတိုင်းလူတိုင်းသည် တစ်ဦးတည်းရပ်တည်၍ မဖြစ်နိုင်ပေ။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်မှီခိုလက်တွဲ လျှက် လူတစ်ဦးချင်းစီ ဖွံ့ဖြိုးတိုးတက်လာသကဲ့သို့ပင် လူ့အဖွဲ့အစည်းသည်လည်း စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် နေခြင်း ဖြစ်သည်။  လူ့အဖွဲ့အစည်းတို့၏သမိုင်းသည် လူသားတို့ ရုန်းကန်လှုပ်ရှားခဲ့ရသောသမိုင်းပင် ဖြစ်သည်။ 

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေးအပါအဝင် လူ့အဖွဲ့အစည်း အဆင့်ဆင့်ဖြစ်ပေါ်တိုးတက်ရေးတို့အတွက် လူသားတို့ အတူတကွ ရုန်းကန်လှုပ်ရှားခဲ့ရသော တိုက်ပွဲ များ၊ သမိုင်းများအား ယုံကြည်သည်။ အတူတကွရုန်းကန်လှုပ်ရှားမှုများဖြင့်သာ တနည်းအားဖြင့် သွေးစည်းညီညွတ် သော လှုပ်ရှားမှုများဖြင့်သာ  လူသားတို့သည် ပိုမိုတိုးတက်ကောင်းမွန်သော လူ့အဖွဲ့အစည်းများအား ဆက်လက် တည် ဆောက်နိုင်ကြပေလိမ့်မည်။  

အထွေထွေနိုင်ငံရေးဦးတည်ချက် 

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် မြန်မာပြည်လူ့အဖွဲ့အစည်း၏ ဖြစ်ပေါ်တိုးတက်မှု ပကတိ အခြေအနေ အရပ်ရပ်ကို မှန်ကန်သော သမိုင်းရေးအမြင်ဖြင့် သုံးသပ်လျက် လူမျိုးစုံပြည်သူလူထုတစ်ရပ်လုံး ယနေ့ ရင်ဆိုင်နေရ သည့် အမျိုးသားဖိနှိပ်မှု အပါအဝင် မတရားဖိနှိပ်မှုအပေါင်းမှ လွတ်မြောက်ပြီး ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာစေရန် လတ်တလောအားဖြင့် အောက်ပါ နိုင်ငံရေးဦးတည်ချက်များကို မဖြစ်မနေ အကောင်အထည်ဖော်ရ မည်ဟု အခိုင်အမာယုံကြည်သည်။  

(က) စစ်အာဏာရှင်စနစ် အကုန်အစင် ဖျက်သိမ်းရေး 

(ခ) ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အပြည့်အဝအာမခံနိုင်ရေး 

(ဂ)  ငြိမ်းချမ်းရေး 

(ဃ) အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တည်ဆောက်ရေး 

(င) အစဉ်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းတည်ဆောက်ရေး 

ပါတီအခြေခံနိုင်ငံရေးရပ်တည်မှု 

(က) ပါတီသည် မိမိတိုင်းပြည်၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးပြဿနာများအား ချဉ်းကပ်ရာတွင်လည်း ကောင်း၊ ဒေသတွင်း ပြဿနာများနှင့် နိုင်ငံတကာရှိ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ငြိမ်ရေး ဆိုင်ရာ ပြဿနာများအား ချဉ်းကပ်ရာတွင်လည်းကောင်း လူသားတို့ ဖြတ်သန်းတိုးတက်ခဲ့ရသော လူမှုရေး လက်တွေ့ အပေါ်တွင် အခြေခံ၍ စဉ်းစားဆောင်ရွက်မည်ဖြစ်သည်။ (လူမှုရေးလက်တွေ့ဟု ဆိုရာ၌ လူ့အဖွဲ့အစည်း အဆင့်ဆင့် ဖြစ်ပေါ်တိုးတက်မှု၊ လူတန်းစားတိုက်ပွဲ၊ ကုန်ထုတ်လုပ်ရေး ဖြစ်ပေါ်တိုးတက်မှု၊ နိုင်ငံရေးဘဝ၊ ဝိဇ္ဇာ-သိပ္ပံ ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုတို့ အပါအဝင်ဖြစ်သည်။) 

(ခ) ပါတီသည် “လူတစ်ဦးချင်းစီ၏ အတွေးအခေါ်၌ လူတန်းစားလက္ခဏာ ဖော်ပြချက်ရှိသည်” ဟူသော အခြေခံအား ဆုပ်ကိုင်လျက် တိုင်းပြည်အတွင်း၊ နိုင်ငံတကာလှုပ်ရှားမှုများအတွင်း အဖိနှိပ်ခံလူတန်းစားများဘက်မှ အစဉ်ရပ်တည် ကာကွယ်ဆောင်ရွက်သွားမည်ဖြစ်သည်။  

(ဂ) ပါတီသည် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေးတို့ကို တည်ဆောက်တိုးချဲ့ ကာကွယ်ရာတွင် မိမိတို့၏ လူမှုရေးလက်တွေ့ကို သော့ချက်ကျသော အဖြေရှာမှုအဖြစ် ဆုပ်ကိုင်သွားမည်။ ပါတီသည် ဒီမိုကရေစီဘောင်အတွင်း တရားမျှတမှုအား အခိုင်အမာတောင်းဆိုပြီး အလုပ်သမား၊ လယ်သမား၊ လူလတ်တန်းစား၊  အမျိုးသားဓနရှင်စသော အဖိနှိပ်ခံပြည်သူတို့၏ အခွင့်အရေးများ အပြည့်အဝရရှိရေးအတွက် အစွမ်းကုန် ဆောင်ရွက် သွားမည်။ ထို့အပြင် လူမျိုးရေးအရ၊ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ၊ လိင်အရ ဖိနှိပ်ခွဲခြားဆက်ဆံမှုများကို တိုက် ဖျက်သွားမည်။ 

(ဃ) မိမိတိုင်းပြည်နှင့် နိုင်ငံတကာပြဿနာများအား ဖြေရှင်းကြရာတွင်လည်း ပါတီအနေဖြင့် တိုင်းပြည် အတွင်းရှိ အဖိနှိပ်ခံပြည်သူတို့၏ သွေးစည်းညီညွတ်မှု၊ နိုင်ငံတကာပြည်သူတို့၏ သွေးစည်းညီညွတ်မှုဆိုင်ရာ လှုပ်ရှားမှု များဖြင့်သာ အောင်ပွဲခံနိုင်မည်ဟု ယုံကြည်သည်။  

မြန်မာပြည်နိုင်ငံရေးအင်အားစုများတာဝန် 

မြန်မာ့လူ့အဖွဲ့အစည်းတွင် လူမျိုးပေါင်းစုံပြည်သူအသီးသီးသည် နိုင်ငံရေးအရ၊ စီးပွါးရေးအရ၊ လူမှုရေးအခြေ အနေများအရ ဖိနှိပ်မှုနှင့် ခေါင်းပုံဖြတ်အမြတ်ထုတ်ခံရမှုအခြေအနေများမှ လွတ်မြောက်ခြင်းမရှိသေးပေ။ ထို့နည်းတူ ယနေ့အချိန်အခါတွင် ပြည်သူလူထု၏ ဆန္ဒပေး ရွေးခြယ်တင်မြှောက်မှုကို ပြောင်ဆန့်ကျင်လျက် လက်နက်အားကိုး အနိုင်ကျင့် သတ်ဖြတ်ခံရမှုများကိုပင် ရင်ဆိုင်နေကြရပြီဖြစ်သည်။ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ လိင်အရ ခွဲခြား ဆက်ဆံခံရမှုအခြေအနေများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။ ထိုအခြေအနေတို့၏ အရင်းခံအကြောင်းတရားဖြစ်သော လက်ရှိ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးစနစ်တို့သည် မိမိတို့ပါတီအပါအဝင် နိုင်ငံရေးအင်အားစုများမှ ဖျက်သိမ်းပစ်ရမည့် သို့မဟုတ် ပြောင်းလဲပစ်ရမည့် အဆောက်အဦများဖြစ်သည်။ 

လက်ရှိဖြစ်ထွန်းလာသော အခြေအနေပေးများကို ဆုပ်ကိုင်၍ မိမိတို့အပါအဝင် နိုင်ငံရေးအင်အားစုများသည် တိုင်းပြည်အား စစ်မှန်သည့် ဒီမိုကရေစီရေးအပြောင်းအလဲပေါ်သို့ ရောက်ရှိရန်လည်းကောင်း၊ စစ်မှန်သည့် ငြိမ်းချမ်းမှု တည်ဆောက်ရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိရန်လည်းကောင်း လက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။ သို့မှသာ တိုင်းပြည်သည် အစဉ်ဖွံ့ ဖြိုးတိုးတက်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိနိုင်မည်ဖြစ်ပြီး ဖော်ပြပါ အနိုင်ကျင့်မှု၊ ခေါင်းပုံဖြတ်အမြတ်ထုတ်မှု၊ ဖိနှိပ်မှုနှင့် ခွဲခြားဆက်ဆံခံရမှု အခြေအနေများအား ကျော်လွှားနိုင်မည်ဖြစ်သည်။ 

တိုင်းရင်းသားနိုင်ငံရေးအင်အားစုများနှင့် ပတ်သက်သောသဘောထား 

တိုင်းရင်းသားလူမျိုးအသီးသီး၏ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်သည် လူမျိုးတိုင်း၏ မွေးရာပါအခွင့်အရေး ဖြစ်သည်။ ၎င်းတို့တွင် ကိုယ်ပိုင်ဒေသ၊ ကိုယ်ပိုင်ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ ဘာသာစာပေတို့မှာ မူလကတည်းက တည်ရှိပြီး ဖြစ်သည်။ ပဒေသရာဇ်စနစ်၊ နယ်ချဲ့စနစ်၊ စစ်အာဏာရှင်စနစ်နှင့် ဖောက်ပြန်သည့် အုပ်စိုးသူတို့ကြောင့်သာ တိုင်းရင်း သား လူမျိုးအသီးသီး၏ တရားအရ တည်ရှိပြီးအခွင့်အရေးတို့သည် စော်ကားဖျက်ဆီးခြင်း ခံနေရပေသည်။ ထို့ကြောင့် တိုင်းရင်းသားလူမျိုးများအနေဖြင့် မွေးရာပါအခွင့်အရေးများကို ခုခံကာကွယ်နေသော စစ်ရေး၊ နိုင်ငံရေး၊ လူမှုရေး လှုပ် ရှားမှုအသီးသီးသည် တရားမျှတသော လှုပ်ရှားမှုများဖြစ်သည်ဟု မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ယုံ ကြည်သည်။  

တိုင်းရင်းသားလူမျိုးအသီးသီး၏ မွေးရာပါအခွင့်အရေးတို့အား အာမခံခြင်းသည် တိုင်းပြည်၏ ငြိမ်းချမ်းရေးအား တည်ဆောက်ခြင်းလည်းဖြစ်ပေသည်။ 

အမျိုးသားရေးပြဿနာနှင့် အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေးအပေါ် သဘောထား 

အမျိုးသားရေးပြဿနာဆိုသည်မှာ အမျိုးသားသွေးစည်းညီညွတ်မှု တည်ဆောက်ရေးဆိုင်ရာပြဿနာပင် ဖြစ် သည်။ ပဒေသရာဇ်ခေတ်မှစ၍ ယနေ့ထိတိုင် မြန်မာပြည်လူ့အဖွဲ့အစည်းအတွင်းရှိ တိုင်းရင်းသားလူမျိုးအသီးသီးတို့ သည် လက်တွေ့တွင် အမှန်တကယ်ညီညွတ်မှု မရရှိခဲ့ကြပေ။ ခွဲခြား ဖိနှိပ်မှုများ၊ မဟာလူမျိုးကြီးဝါဒနှင့် ကျဉ်း မြောင်းသော လူမျိုးရေးဝါဒတို့က သွေးစည်းညီညွတ်မှု တည်ဆောက်နိုင်ရေးကို အကြီးမားဆုံး ဟန့်တား၊ နှောက်ယှက် ဖျက်ဆီးကြလျက်ရှိသည်။  ထိုပြဿနာနှင့်ပတ်သက်၍ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီ၏ သဘောထားမှာ တိုင်း ရင်းသားလူမျိုးများ၏ တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံရေးပင် ဖြစ်သည်။  

တပ်ပေါင်းစုနှင့်ပတ်သက်သော သဘောထား 

မြန်မာပြည်နိုင်ငံရေး၏ အခြေအနေများသည် နိုင်ငံရေးအင်အားစုများအကြားတွင် လိုအပ်ချက်နှင့်ကိုက်ညီသော ဘုံလုပ်ငန်းစဉ်တစ်ရပ်ကို အနှစ်သာရအရဖော်ဆောင်ရန် တောင်းဆိုနေသည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ ယူဆသည်။  

ယနေ့ နွေဦးတော်လှန်ရေးက လက်တွေ့ပေါင်းစပ်မှု အားနည်းလျက်ရှိနေသည့် နိုင်ငံရေးအင်အားစုအသီးသီးအား စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် ရေး စသည့် ဘုံတူညီမှုရှိ သည့် ရည်မှန်းချက်များအပေါ်တွင် အခိုင်အမာ ပူးပေါင်းဆောင်ရွက်ကြရန် အရေးတကြီး တောင်းဆိုလာပြီဟု မိမိတို့ ပါတီအနေဖြင့် အလေးအနက် ရှုမြင်သုံးသပ်သည်။ 

ပါတီသည် နိုင်ငံရေးအင်အားစုအသီးသီး၏ ခိုင်မာသည့် ပူးပေါင်းဆောင်ရွက်မှုများဖြင့်သာ တိုင်းပြည်အား စစ်မှန် သည့် ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လမ်း ကြောင်းပေါ်သို့ ရောက် ရှိရန် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်သည်။ 

တပြိုင်နက်တည်းမှာပင် နိုင်ငံရေးအင်အားစု အသီးသီးအနေဖြင့် ဤပူးပေါင်းဆောင်ရွက်မှုများကတဆင့် လက် တွေ့လုပ်ငန်းစဉ်များတွင် အပြန်အလှန်နားလည်မှုရကာ အမျိုးသားသွေးစည်းညီညွတ်မှုပြဿနာကိုပါ ကိုင်တွယ် ဖြေ ရှင်းနိုင်လိမ့်မည်ဟု ပါတီအနေဖြင့် ယုံကြည်သည်။ တနည်းအားဖြင့် စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးတိုက်ပွဲ လက်တွေ့ကို သွေးစည်းညီညွတ်မှုတည်ဆောက်ရေး အခွင့်အလမ်းအဖြစ် အသုံးချကြရန်ဖြစ်ပေသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်သဘောထား 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိခဲ့သော်လည်း လက်ရှိ စစ် အစိုးရ၏ အနိုင်ကျင့် အာဏာသိမ်းမှုကို ခံရလျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် လူထုထောက်ခံမှု အား ကောင်းသော ခေါင်းဆောင်တစ်ဦး ဖြစ်သော်လည်း စစ်အာဏာရှင်စနစ်အပေါ် အကဲဖြတ်မှားခဲ့သည်ဟု မိမိတို့ပါတီ အနေဖြင့် ယူဆသည်။ လက်ရှိတွင် အာဏာသိမ်း စစ်အစိုးရ၏မတရား ဖမ်းဆီး ချုပ်နှောင်ခံရလျက် ရှိသည်။ 

CRPH ၊ NUG တို့အပေါ် သဘောထား 

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ၎င်းးက ဦးဆောင် ကမကထပြု ဖွဲ့ခဲ့သည့် အမျိုးသား ညီ ညွတ်ရေးအစိုးရ (NUG) တို့သည် နွေဦးတော်လှန်ရေး လူထုတိုက်ပွဲကြီးက မွေးဖွားပေးလိုက်သည့် အကျော်ကြားဆုံး အင်အားစုများ ဖြစ်သည်။ မိမိတို့နှင့် မတူ ခြားနားသော နည်းဟန်များဖြင့် အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင် တိုက်ပွဲ ဆင်နေသည်။ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖေါ်ဆောင်ရေး မိတ်ဖက်အင်အားစုတစ်ရပ်ဖြစ်သည်။ နွေဦး တော်လှန်ရေး၏ အနှစ်သာရအစစ်ဖြစ်သည့် စစ်အာဏာရှင်စနစ်ဖျက်သိမ်းရေး ဘုံရည်မှန်းချက်ကြီးအတွက်လည်း ကောင်း၊ တိုက်ပွဲလက်တွေ့ကို မှန်ကန်စွာ အသုံးချလျက် အမျိုးသား သွေးစည်းညီညွတ်ရေး အခွင့်အလမ်းကို အမိအရ ဆုပ်ကိုင်ရန်အတွက်လည်းကောင်း တာဝန်ကြီးမားစွာရှိသည့် အင် အားစုများ ဟူ၍ အကဲဖြတ်သည်။ 

NUCC အပေါ် သဘောထား 

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) သည် နွေဦးတော်လှန်ရေး တိုက်ပွဲဝင် အင်အားစုများ အားလုံးကို ကိုယ်စားပြုသည့် နှီးနှောဖလှယ် ဆွေးနွေးမှုများဖြင့် တိုက်ပွဲကြီးတစ်ခုလုံးကို နိုင်ငံရေးအရ စနစ်တကျ ဦးဆောင်နိုင်ရန် ဦးတည် စုစည်းခဲ့သော်လည်း (က) ဆွေးနွေးဖလှယ်မှု ပြုကြရုံသာရှိပြီး၊ ကောင်စီတရပ်အဖြစ် ခိုင်ခန့် သည့် စုဖွဲ့မှု မပြုနိုင်သေးခြင်း (ခ) ပါသင့် ပါထိုက်သော တိုက်ပွဲအင်အားစုများစွာ မပါဝင်နိုင်ပဲ ရှိနေခြင်း (ဂ) ပါဝင် သောအင်အားစုတချို့ကလည်း NUCC ၏ နိုင်ငံရေးဦးဆောင်မှုနှင့် ၎င်း၏အခန်းကဏ္ဍအား အလေးထား နာခံမှု အား နည်းခြင်း စသည့် အားနည်းချက်များကြောင့် စစ််အာဏာရှင်စနစ်ဖျက်သိမ်းရေးတိုက်ပွဲတွင် တာဝန်ကျေပွန်ရေး အတွက် သည်းသည်း သန်သန် အားထုတ် ရုန်းကန်နေရသည်။ 

PRCF အပေါ် သဘောထား 

ဖက်ဒရယ်ဖေါ်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များ ကော်မတီ (PRCF) သည် ပြည်တွင်း နိုင်ငံရေး အင်အားစုများကို စုစည်းလျက် နွေဦးတော်လှန်ရေး၏ နိုင်ငံရေးတာဝန်များကို စုပေါင်းခေါင်းဆောင်မှုဖြင့် ထမ်းဆောင် နိုင်ရန် ရည်သန်ဖွဲ့စည်းထားသည်၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေး ကြိုးပမ်းသွားရန် အား ထုတ်သည့်  မဟာမိတ်အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်။ လတ်တလောတွင် မိမိတို့ပါတီက မဟာမိတ်အဖွဲ့ဝင်အဖြစ် ပါဝင်ထားသည်။ 

PDF များအပါအဝင် မြို့ပြပြောက်ကျားတပ်ဖွဲ့များ အပေါ် သဘောထား 

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)များနှင့်  မြို့ပြပြောက်ကျားတပ်ဖွဲ့များ သည် CRPH ၊ NUG တို့နှင့် ချိတ် ဆက်ထားသည့် အစုအဖွဲ့များနှင့် မိမိတို့ ဒေသဆိုင်ရာအလျောက် စုဖွဲ့ထားသည့် အဖွဲ့များအဖြစ် ၂ မျိုး ၂ စား ကွဲ ပြားသည်။ အာဏာသိမ်းစစ်အုပ်စု၏ လက်နက်ကိုင်တပ်ဖွဲ့များ၊ ၎င်း၏ အမာခံ အုပ်ချုပ်ရေးတာဝန်ခံများ၊ သတင်းပေး ဒလျှို ဒလန်များကို ၎င်းတို့၏ ကိုယ်ပိုင် အစီ အစဉ်ဖြင့် လက်နက်ကိုင် တိုက်ခိုက်လျက်ရှိသည်။ အတွေ့အကြုံ မကြွယ်ဝ မှု၊ စိတ်လှုပ်ရှားချက် ဦးစားပေးမှုတို့ကြောင့် အထိအခိုက် အကျအဆုံး များသည်လည်းရှိသလို အချို့အငယ်စား စစ်နိုင် တိုက်ပွဲများလည်း ရှိသည်။ လက်တွေ့ ပြည်သူ လူထုအကြား လှုပ်လှုပ်ခတ်ခတ် အဖြစ်စေဆုံးသော အင်အားစုများ ဖြစ်သည်။ တိကျသော စုစည်းပေးထားနိုင်ခြင်း မရှိသည့်အတွက် တိုက်ပွဲကာလရှည်ပါက တိုက်ပွဲပန်း နိုင်သည်။ 

PDFs များမှာ အနာဂတ်ဖက်ဒရယ်တပ်မတော်အတွက် အခြေခံကောင်း ဖြစ်လာရန် အလားအလာရှိသည့် တိုက်ပွဲ ဝင် အင်အားစုအသစ် ဖြစ်သည်။ 

အခြားတဖက်တွင်လည်း နိုင်ငံရေး၊ စစ်ရေးအရ စုစည်းမထားနိုင်ခြင်းသည် ရေရှည် နိုင်ငံတည်ဆောက်ရေးတွင် တည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် မေးခွန်းထုတ်စရာများ ရှိလာနိုင်သည်။ ဤအလားအလာအတွက် နွေဦးတော်လှန်ရေး တိုက်ပွဲဝင် နိုင်ငံရေးအင်အားစုတိုင်းတွင် ပြင်ဆင်ထားရန် တာဝန်ရှိပေသည်။ 

CDM များအပေါ် သဘောထား 

ပြည်သူ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) သည် နွေဦးတော်လှန်ရေးတွင် ဗွေဆော်ဦး တိုက်ပွဲဆင်ခဲ့သော လှုပ် ရှားမှု ဖြစ်သည်။ လက်နက်ကိုင်လုံခြုံရေးတပ်ဖွဲ့များ အပါအဝင် ဝန်ထမ်းအလုပ်သမားပေါင်းစုံ၏ အာဏာဖီဆန်မှု၊ ကျောင်းသူ/ ကျောင်းသားများ၏ ကျောင်းမတက်ရေး လှုပ်ရှားမှု၊ အခွန်ထမ်းပြည်သူအသီးသီးက အခွန်ထမ်းဆောင်ရန် ငြင်းဆန်မှု စသည်ဖြင့် လူမျိုးပေါင်းစုံ ပြည်သူ့အလွှာအသီးသီးက စစ်အုပ်စုကို မပူးပေါင်းရေး၊ အကျိုးမပြုရေး၊ အာဏာဖီဆန်ရေး လှုပ်ရှားမှုမျိုးစုံသည် စစ်အုပ်စုကို ပြင်းပြင်းထန်ထန် ထိခိုက်စေလျက် အကျိုးနစ်နာစေသည်။ စစ် အုပ်စု၏ စနစ်တကျ ပြင်းပြင်းထန်ထန် တန်ပြန်ဖိနှိပ်မှုကို ရင်ဆိုင်ရသည်။ ဝန်ထမ်း အလုပ်သမားများဆိုလျှင်  အတွေ့ အကြုံနည်း သည့်ကြားက ထိရောက်စွာ စွန့်စား တိုက်ပွဲဝင်နိုင်ခဲ့သည်။ 

ဤCDM အင်အားစုများအတွက် စား ဝတ် နေ ဘဝအရလည်းကောင်း၊ နိုင်ငံရေးအရ တိတိ ကျကျ တာဝန်ယူ စုစည်းပေး ထားနိုင်ခြင်း မရှိသည့်အတွက်လည်းကောင်း တိုက်ပွဲကာလရှည်ပါက တိုက်ပွဲပန်းနိုင်သည်။ 

အာဏာသိမ်း စစ်အုပ်စုနှင့် မြန်မာ့တပ်မတော်အပေါ် သဘောထား 

အာဏာသိမ်းစစ်အုပ်စုသည် တရားမဝင်သောနည်းဖြင့် အဓမ္မအာဏာသိမ်းခဲ့ပြီး ဆန့်ကျင်သူ ပြည်သူ အမြောက် အမြားကို ပစ်ခတ် သတ်ဖြတ် ဖမ်းဆီး နှိပ်စက်ခဲ့သည်။ ၎င်း၏ တရားမဝင်မှုကို ပြင်ဆင်နိုင်ရန် အိမ်စောင့်အစိုးရ အမည်ဖြင့် ၎င်းတို့ကိုယ်တိုင် ရွေးကောက်ပွဲ ကျင်းပပေးမည့် ကြားဖြတ်အစိုးရသဖွယ် သရုပ်ဆောင်လျက်ရှိသည်။ ပါတီအနေဖြင့် အာဏာသိမ်းစစ်အစိုးရကို အသိအမှတ်မပြု၊ UEC အပါအဝင် ၎င်း၏ယန္တရားအဆင့်ဆင့်နှင့် ပူးပေါင်း ဆောင်ရွက်မှု မပြုပါ။ မိမိတို့အနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းအရ ဖြေရှင်းနိုင်ရန် လေးလေးနက်နက် ဆန္ဒရှိသော်လည်း အာဏာသိမ်းစစ်အုပ်စုဘက်က ပစ်ခတ်သတ်ဖြတ်ခြင်း၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ ဖမ်းဆီး နှိပ်စက်ခြင်း စသည့် လုပ်ရပ်များ ခြွင်းချက်မရှိ မရပ်တန့်ပါက တွေ့ဆုံဆွေးနွေးနိုင်မည် မဟုတ်ပါ။ နိုင်ငံရေး အင်အားစုအသီးသီး အကျေအလည် ပါဝင်သည့် ကြားဖြတ်ညွန့်ပေါင်းအစိုးရတရပ်က တာဝန်ခံ ကျင်းပခြင်း မဟုတ်ဖဲ အာဏာသိမ်းစစ်အစိုးရက ဦးစီးကျင်းပသည့် ရွေးကောက်ပွဲများတွင်လည်း ပါဝင် ယှဉ်ပြိုင် အရွေးခြယ်ခံမည် မဟုတ် ပါ။ 

မြန်မာ့တပ်မတော်အနေဖြင့် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်လပ်ရေးတိုက်ပွဲများမှ ပေါ်ပေါက်ခဲ့သည့် ၎င်းတို့၏ ကောင်းသောအစဉ်အလာကို ထိန်းသိမ်းပြီး နိုင်ငံတော်၏ ကာကွယ်ရေးတာဝန်ကို ထမ်း ဆောင်ရန် တာဝန်ရှိသည်။ သို့ရာတွင် နွေဦးတော်လှန်ရေးက တိုက်ပွဲဝင် လူမျိုးစုံပြည်သူများအား သင်ကြား ညွှန်ပြမှု များအရ ဤအခွင့်အလမ်းကို မြန်မာ့တပ်မတော်အနေဖြင့် လက်လွတ်ဆုံးရှုံးခဲ့ပြီဟု ယူဆပါသည်။ 

နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်မှ ပါဝင်ထမ်းဆောင်နိုင်ရေးကို အစဉ် တစိုက် ဦးတည်ခဲ့သည့် လုပ်ရပ်များက ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးလမ်းကြောင်းနှင့် သွေဖည်နေသလို ပြည်သူ အများစုကြီး၏ ဆန္ဒသဘောထား လိုလားမှု အားလုံးနှင့်ပါ လက်တွေ့တွင် သွေဖည်သွားစေခဲ့ပြီဖြစ်သည်။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈ ခုနှစ်) အပေါ်သဘောထား 

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် နွေဦးတော်လှန်ရေးက လူထုနည်း (တိုက်ပွဲနည်း) ဖြင့် ဖျက်သိမ်းခံလိုက်ရပြီး ဖြစ်သည်။ မိမိတို့ပါတီအနေဖြင့် လူထုတိုက်ပွဲကို လေးစားယုံကြည်မှု အပြည့်ရှိပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို  

အသိအမှတ် ပြုတော့မည် မဟုတ်ပါ။  

အနှစ်သာရအားဖြင့် ဖက်ဒရယ်နှင့် ဒီမိုကရေစီကို အာမခံသော ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ရရှိလာရေးကိုသာ မိမိ တို့ပါတီအနေဖြင့် ဦးတည် ကြိုးပမ်းသွားမည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေတရပ် ရေးဆွဲအတည်ပြုပြဋ္ဌာန်းရာတွင်တိုင်းပြည်ရှိ နိုင်ငံရေးအင်အားစုအားလုံး တန်းတူ ရည်တူ၊ ဒီမိုကရေစီနည်းကျ ပါဝင်ခွင့် ရှိရမည်၊ ပြည်သူလူထု၏ လွတ်လပ်စွာ ပါဝင်ခွင့်လည်း  အပြည့်အဝရှိရမည်ဟု မိမိတို့ ပါတီက ယုံကြည်သည်။ 

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ၂၁ ပင်လုံအပေါ်သဘောထား 

NCA အခြေခံသည့် ငြိမ်းချမ်းရေးဖြစ်စဉ်သည် မူလ အသက်ငင်နေသည့် အနေအထားမှ ယခုအခါ ၂၀၂၁၊ ဖေဖေါ်ဝါရီ (၁) ရက် အာဏာသိမ်းမှုနှင့် ၎င်း၏ နောက်ဆက်တွဲဖြစ်ပေါ်လာခဲ့သော နွေဦးတော်လှန်ရေးကြီး၏ တိုက်ပွဲဖြစ်စဉ်တွင်း ၌ အပြီးတိုင် နိဂုံးချုပ်သကဲ့သို့ ဖြစ်သွားပြီဟု မိမိတို့ပါတီက ယူဆသည်။ 

ဒီမိုကရေစီဆိတ်သုဉ်းခြင်း၊ အမျိုးသားတန်းတူမှုနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကင်းမဲ့ခြင်းများသည် ပြည်တွင်းစစ်၏ အခြေခံများဖြစ်သည်ဟု ပါတီက ခံယူထားသည်။ တိုင်းပြည်တွင်းရှိ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေ ရှင်းဘဲ လက်နက်နှင့် အကြမ်းဖက်  အနိုင်ကျင့်မှုကြောင့် ပြည်တွင်းစစ် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။ 

မည်သည့်ကာလတွင်မဆို နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းနိုင်ရေး အားထုတ်မှုများ ဆက်လက် ရှိနေဦးမည် ဖြစ်သည်။ တနည်းနည်းဖြင့် ငြိမ်းချမ်းရေးတည်ဆောက်မှုဖြစ်စဉ်သည် ပေါ်ထွန်းလာမည်သာဖြစ်သည်။ 

တန်းတူရေး၊ တရားမျှတရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ဒီမိုကရေစီလွတ်လပ်ခွင့်တို့ကို အာမခံနိုင်ခြင်း မရှိပါက ငြိမ်းချမ်းရေးနှင့် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမှန်တကယ် ဖေါ်ဆောင်နိုင်မည် မဟုတ်ဟု မိမိတို့ပါတီက ယုံ ကြည်သည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအပေါ် သဘောထား 

မြန်မာပြည်လူ့အဖွဲ့အစည်း၏ နိုင်ငံရေးပြဿနာများပြေလည်ပြီး စစ်မှန်သောငြိမ်းချမ်းရေးရရှိရန်အတွက် တိုင်း ရင်းသားလူမျိုးများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကိုအာမခံသော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ဆောက်ကြရမည်ဖြစ် သည်။ 

အစိုးရသည် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုစံနစ်ကို ထိန်းသိမ်းကာကွယ်ရမည့်အပြင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ပြည်ထောင်စုအစိုးရ၊ ပြည်နယ် အစိုးရများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများနှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဆောက်အအုံများကြား အာဏာခွဲဝေမှု၊ ထိန်းညှိမှုတို့ ထားရှိရမည်။ 

ပြည်နယ်တိုင်းသည် ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ သက်ဆိုင်ရာပြည်နယ်အလိုက် ဥပဒေပြုပိုင်ခွင့်၊ စီမံအုပ်ချုပ်ပိုင်ခွင့်နှင့် တရားစီရင်ပိုင်ခွင့်အာဏာများ ပါဝင်ပြဋ္ဌာန်းထားသော ပြည်နယ်ဖွဲ့ စည်းပုံအခြေခံဥပဒေကို ရေးဆွဲနိုင်ခွင့်ရှိရမည်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များအားလည်း တိကျသော လုပ်ပိုင်ခွင့်၊ အာဏာပိုင်ခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရှိစေရမည်။ 

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရာတွင် အခြေခံရမည့်မူ (၈) ချက် ကို မိမိတို့ပါတီ၏ သဘောထား အဖြစ် တင်ပြအပ်ပါသည်။ 

၁) အချုပ်အချာအာဏာ Sovereign Power 

နိုင်ငံ၏ အချုပ်အချာအာဏာဟူသမျှတို့သည် ပြည်သူလူထုထံမှသာ ဆင်းသက်စေရမည်။ 

၂) တန်းတူရေး Equality 

တိုင်းရင်းသားလူမျိုးတိုင်းသည် လူမျိုးရေးအရဖြစ်စေ၊ နိုင်ငံရေးအရဖြစ်စေ တန်းတူရည်တူအခွင့်အရေး ရှိစေရမည်။ 

၃) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် Self-Determination 

တိုင်းရင်းသားလူမျိုးတိုင်းသည် နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေးနှင့် ယဉ်ကျေးမှု စသည့်ကဏ္ဍအသီးသီးတွင် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့် အပြည့်အဝ ရှိစေရမည်။ 

၄) ဖက်ဒရယ်ပြည်ထောင်စုမူများ Federal Principles  

ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော ပြည်နယ်များဖြင့် ဖွဲ့စည်းသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖြစ်ရမည်။ ပြည်ထောင်စုလွှတ်တော်တွင် လွှတ်တော် ၂ ရပ် ထားရှိရမည်။ 

၅) လူနည်းစုများ၏အခွင့်အရေးများ Minority Rights  

ပြည်ထောင်စုအဖွဲ့ဝင်ပြည်နယ်များအတွင်း နေထိုင်ကြသော တိုင်းရင်းသားလူနည်းစုများ၏ အခွင့်အရေးများအား ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အတိအလင်း ကာကွယ်ပြဋ္ဌာန်ပေးရမည်။ 

၆) ဒီမိုကရေစီအခွင့်အရေး၊ အခြေခံလူ့အခွင့်အရေးနှင့် ကျား-မဆိုင်ရာ တန်းတူညီမျှမှု Democracy, Human Rights & Gender Equality 

ဘာသာအယူဝါဒ၊ အသားအရောင်၊ လိင်ကွဲပြားမှုများကို အခြေခံသော ခွဲခြားဆက်ဆံခြင်း မရှိစေဘဲ အခြေခံလူ့အခွင့် အရေးများ၊ ဒီမိုကရေစီအခွင့်အရေး၊များကို ကာကွယ်ပြဋ္ဌာန်းပေးရမည်။ 

၇) ဘာသာရေးကို အခြေမခံသော နိုင်ငံ Secular State  

ဘာသာရေးကို အခြေမခံသော နိုင်ငံတော် ဖြစ်စေရမည်။ 

၈) ပါတီစုံဒီမိုကရေစီစနစ် Multi-party Democracy System  

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတွင် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးစေရမည်။ 

ထို့အပြင် 

၁) Civilian Supremacy အရပ်ဖက်အုပ်ချုပ်မှုအောက်တွင် ပြည်ထောင်စုတပ်မတော် ထားရှိရေး 

၂) ပြည်နယ်သစ်များ ဖွဲ့စည်းရေး 

၃) က – သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး 

     ခ – အမျိုးသမီးများနှင့် ကလေးများဆိုင်ရာ ကာကွယ်စောင့်ရှောက်ရေးနှင့် တိုးတက်မြင့်မားရေးအတွက်  

          အထူးလုပ်ဆောင်ချက်များ အကောင်အထည်ဖေါ်ဆောင်ရွက်ရေး 

     တို့ကို ဖက်ဒရယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရာတွင် မပျက်မကွက် ထည့်သွင်း ပြဋ္ဌာန်း ရေးဆွဲရ 

မည်။ 

ယခုအခါ မိမိတို့ပါတီအပါအဝင် မိတ်ဆွေအင်အားစုများအတွင်း ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် (မူကြမ်း)၊ ဖက်ဒ ရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေ (မူကြမ်း) များ စတင်ပြုစုနေကြပြီ ဖြစ်သည်။ 

လယ်ယာမြေ သိမ်းဆည်းမှုများနှင့်ပတ်သက်သော သဘောထား 

မြန်မာပြည် လူဦးရေ၏ ၇၀% ကျော်သည် တောင်သူလယ်သမားနှင့် လယ်ယာစီးပွားရေးအပေါ် မှီခိုနေရသူများ ဖြစ်သည်။ လယ်ယာမြေ ပြဿနာသည် တိုင်းပြည်စီးပွား ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသည့်ပြဿနာ ဖြစ်သည်။  

လယ်လုပ်သူ လယ်ပိုင်ရေးအတွက် ဆောင်ရွက်ရမည် ဖြစ်သည်။ သင့်တင့်သော လယ်ယာမြေပိုင်ဆိုင်မှုကို ခွင့်ပြုရမည် ဖြစ်သော်လည်း မြေရှင်ကြီးစံနစ် မထွန်းကားစေရေး ဥပဒေများ ပြဋ္ဌာန်းကာကွယ်ရန် လိုအပ်သည်။ 

တိုင်းပြည်အကျိုးစီးပွားအတွက် မဖြစ်မနေလိုအပ်သော စီမံကိန်းများအတွက် သိမ်းဆည်းရမည့်အခြေအနေ ဖြစ် ပေါ်လခဲ့ပါက  ထိုဒေသခံ ပြည်သူများ၏ သဘောထားနှင့် ဆန္ဒများအပေါ် အခြေခံ၍ ဆောင်ရွက်သင့်သည်။ ဒေသခံ  

ပြည်သူတို့၏ လူမှုစီးပွားရေးဘဝ နစ်နာမှုများကို ပြန်လည်ထူ ထောင်ပေးရန် အာမခံချက်များကိုပါ ထည့်သွင်း ဆောင် ရွက်သည့် အစီအစဉ်များ ပါဝင်ရပေမည်။ 

  အနာဂတ်ပြည်ထောင်စုတွင် လယ်ယာမြေဥပဒေ၊ တောင်သူလယ်သမားအခွင့်အရေးကာကွယ်ရေးနှင့် အကျိုးစီးပွါး မြှင့်တင်ရေးဥပဒေ၊   မြေလွတ် မြေလပ် မြေရိုင်းများ စီမံခန့်ခွဲမှုဥပဒ၊ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေ၊ မြေ သိမ်းဥပဒေ၊ အမျိုးသားမြေအသုံးချမှုမူဝါဒ၊ မြေ/စစ်ကော်မတီဆိုင်ရာ နည်းဥပဒေများ စသည့် မြေယာဆိုင်သော ပြဋ္ဌာန်းချက်အားလုံးသည်  ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ အပါအဝင် နိုင်ငံလုံးဆိုင်ရာ လယ်သမားညီလာခံ ကဲ့သို့သော ဆွေးနွေးပွဲကြီးများမှ ချမှတ်ခြင်းသာဖြစ်သင့်သည်ဟု ယုံကြည်သည်။ ထိုသို့ ပေါ်ပေါက်စေရန် ဆောင် ရွက်သွားမည်။ 

 လယ်ယာမြေ ပိုင်ဆိုင်မှုအပေါ် သဘောထား 

လယ်ယာမြေပြဿနာသည် တိုင်းပြည်စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသော ပြဿနာတစ်ရပ်ဖြစ်သည်။ လယ်လုပ်သူ လယ်ပိုင်ရေးအတွက် ဆောက်ရွက်ရမည်ဖြစ်သည်။ သင့်တင့်သော လယ်ယာမြေပိုင်ဆိုင်မှုကို ခွင့်ပြု မည်ဖြစ်သော်လည်း မြေရှင်ကြီးစနစ်မထွန်းကားစေရန် တိကျ ပြတ်သား၍ အသက်ဝင်သော ဥပဒေများ ပြဋ္ဌာန်း ကာ ကွယ်ရန် လိုအပ်သည်။ လယ်ယာမြေပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရမည်ဟု မိမိတို့ပါတီက သဘောထားသည်။ 

အလုပ်သမားလှုပ်ရှားမှုများနှင့်ပတ်သက်သော သဘောထား 

အစိုးအဆက်ဆက်၏ လက်အောက်တွင် မြန်မာ့အလုပ်သမားများသည် လုပ်အားခ၊ အလုပ်ချိန်၊ လုပ်ငန်းခွင် လုံခြုံ ရေးနှင့် လူမှုဖူလုံရေးခံစားခွင့်များအပါအဝင် အလုပ်သမား အခြေခံအခွင့်အရေးများ အားလုံးလိုလို ဆုံးရှုံးခဲ့ရသည့် အခြေအနေဖြစ်ခဲ့သည်။  

ယခုအခါ အလုပ်သမားအခွင့်အရေးများနှင့် အခြေခံရပိုင်ခွင့်များအတွက် တိုက်ပွဲဆင်ကြသော အလုပ်သမားတိုက် ပွဲများမှသည် နွေဦးတော်လှန်ရေးအတွင်း “စစ်အာဏာကို အဆုံးသတ်၍ ပြည်သူ့အာဏာဖြင့် အစားထိုး နိုင်ရေး” နိုင်ငံ ရေးတိုက်ပွဲအဆင့်အထိ တိုးတက် ဖြစ်ပေါ်ခဲ့ပြီဖြစ်သည်။  

နွေဦးတော်လှန်ရေးအတွင်း တိုက်ပွဲဝင်ခဲ့ကြသည့် အလုပ်သမားများအတွက် ထိုက်သင့် မျှတသော ဂုဏ်ပြု အစီ အစဉ်များ၊ အကျိုးနစ်နာမှု ကုစားရေး အစီအမံများ လိုအပ်ပေသည်။ 

အနာဂတ်ပြည်ထောင်စုတွင် အလုပ်သမားများအတွက် သိသာပြောင်းလဲသော တိုးတက်မှုများ ရှိလာစေရန် အလုပ် သမားများဘဝကို မြှင့်တင်ပေးမည့်၊ အလုပ်သမား အခြေခံအခွင့်အရေးများကို ကာကွယ်ပေးမည့် အလုပ်သမားဥပဒေ များ လိုအပ်လျက်ရှိသည်။ 

အလုပ်သမားတစ်ဦး၏ အခြေခံလစာသည် ၎င်းအလုပ်သမားနှင့် အနည်းဆုံး မှီခိုသူ ၂ ဦးတို့အတွက် ဖူလုံစေရ မည်ဖြစ်ပြီး၊ ငွေကြေးဖောင်းပွမှုနှုန်းနှင့်အညီ အခြေခံလုပ်ခလစာအား နှစ်စဉ်တိုးတက် သတ်မှတ်သင့်သည်။ အလုပ်သ မားတစ်ဦး၏ တစ်နေ့အလုပ်ချိန် ၈ နာရီ၊ တစ်ပတ်အလုပ်ချိန် နာရီ ၄၀ ဆိုသည့်အချက်ကိုလည်းကောင်း၊ လုပ်ငန်းခွင် သာယာရေး၊ အလုပ်သမားများ၏ ကျန်းမာရေးနှင့် အခြား ရသင့်ရထိုက်သော လူမှုဖူလုံရေး အထောက်အပံ့များ အတွက်လည်းကောင်း ဥပဒေဖြင့် အာမခံပေးနိုင်ရန် လိုအပ်ပါသည်။  

နောက်ဆုံး အသုံးပြုခဲ့ကြသည့် အလုပ်သမားအဖွဲ့အစည်းဥပဒေ/နည်းဥပဒေများ၊ အလုပ်သမားရေးရာအငြင်း ပွားမှု ဖြေရှင်းရေးဥပဒေ/ နည်းဥပဒေများမှာ လက်တွေ့ အလုပ်သမားရေးရာ ပြဿနာများ မျှတမှုရှိရှိ ဖြေရှင်း နိုင်ရေးနှင့်  အလုပ်သမား အခြေခံရပိုင်ခွင့်များ အကာအကွယ်ရရှိစေရေးအတွက် ပြန်လည် သုံးသပ် ပြင်ဆင်သင့် သည်။ ထိုသို့ သုံးသပ်ပြင်ဆင်ကြရာတွင် အလုပ်သမားများ၏ ကိုယ်စားလှယ်များ၊ အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူများ၊ ဥပဒေပညာ ရှင်များပါ ပါဝင် သုံးသပ် ရေးဆွဲသင့်ပါသည်။ 

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပေါ် သဘောထား 

လက်ရှိ မိမိတို့တိုင်းပြည်တွင်း အခြေအနေများအရ မည်သည့်ရင်းနှီးမြှုပ်နှံမှုမဆို အသစ်ထပ်မံ ဝင် ရောက်ရန် ခဲယဉ်းနေပေလိမ့်မည်။ ရှိနှင့်ပြီး ရင်းနှီးမြှုပ်နှံမှုအများအပြားပင် စစ်အာဏာသိမ်းမှု၊ တိုက်ပွဲများ၊ ကပ်ရောဂါ စသည့် အခြေအနေများကြောင့် ဆုတ်ခွာ ရုပ်သိမ်းလျက် ရှိကြသည်။ 

အနာဂတ်ပြည်ထောင်စုတွင် …. 

တိုင်းပြည်၏ အမျိုးသားစီးပွားရေး ပြန်လည်ထူထောင်ရေးနှင့် အစဉ်ဖွံ့ဖြိုးတိုးတက်သော နိုင်ငံသစ် တည်ဆောက်  

ရေးတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် လိုအပ်ချက်တစ်ရပ် ဖြစ်သည်။ 

အမျိုးသားစီးပွားရေးကို အထောက်အကူဖြစ်စေမည့် အပြန်အလှန်အကျိုးစီးပွားအပေါ် အခြေခံသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို လက်ခံမည်။ နိုင်ငံသားတို့၏ လူမှုရေးဘဝ လုံခြုံစိတ်ချနိုင်ရေးအတွက် ပံ့ပိုးခြင်း၊ အသေး စားနှင့် အလတ်စားလုပ်ငန်းများအား မြေတောင်မြှောက်ပေးခြင်းနှင့် ဥပဒေစည်းမျဉ်းများဖြင့် အကာအကွယ်ပေးခြင်း တို့ကို ပြုလုပ်ရန် လိုအပ်သည်။။ 

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပေါ် သဘောထား 

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ဖြစ်ပေါ်နေသော အကျိုးဆက်များသည် လူသားမျိုးနွယ်တစ်ရပ်လုံး၏ ရှင်သန်မှု နှင့် ဂေဟစနစ်ကို အန္တရာယ်ပြုလျက်ရှိနေပေသည်။   

သဘာဝအရင်းအမြစ်များကို ထုတ်ယူသုံးစွဲရာတွင် ဒေသခံပြည်သူလူထု၏ သဘောဆန္ဒအပေါ်တွင်လည်းကောင်း၊ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများ၏ အမြင်သဘောထားများအပေါ်တွင်လည်း ကောင်း၊ နိုင်ငံတကာစံချိန်စံညွှန်းများအပေါ်တွင်လည်းကောင်း အခြေခံရမည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့် ရှောက်ရေးလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်သွားရန် လိုအပ်သည်။  

အကြမ်းဖက်ဝါဒနှင့်ပတ်သက်သော သဘောထား 

အကြမ်းဖက်ဝါဒ၊ အကြမ်းဖက်မှုနှင့် အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးလှုပ်ရှားမှုများ ကမ္ဘာအနှံ့တွင် တည်ရှိနေကြ သည်။ တပြိုင်နက်တည်းမှာ ကမ္ဘာ့နေရာအသီးသီးတွင် အုပ်စိုးသူအစိုးရတို့၏ဖိနှိပ်မှုကြောင့် အမျိုးသားအသီးသီးတို့ ၏ ကိုယ်ပိုင်ပြဌာန်းခွင့်၊ တန်းတူရေးနှင့် ဒီမိုကရေစီအခွင့်အရေးတို့ ဆုံးရှုံးနေကြရပေသည်။ ထိုဆုံးရှုံးနေသော အခွင့်အရေး များရရှိရေးအတွက် အဖိနှိပ်ခံတို့ဘက်က ခုခံစစ်ပွဲများကို ဆင်နွဲနေကြရသည်။ ထို့အတွက် အဖိနှိပ်ခံ တို့၏ ခုခံစစ်ပွဲ များနှင့် အကြမ်းဖက်ဝါဒအား မရောထွေးသင့်ပေ။ 

အာဏာသိမ်းစစ်အုပ်စု၏ ပစ်ခတ် သတ်ဖြတ်မှုများသည် အကြမ်းဖက်ဝါဒကို ကိုယ်စားပြုသည်။ 

မိမိတို့ပါတီအနေဖြင့် အကြမ်းဖက်ဝါဒကိုဆန့်ကျင်ပြီး အဖိနှိပ်ခံတို့၏ ခုခံစစ်ပွဲများအား ထောက်ခံသည်။  

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအပေါ် သဘောထား 

မူးယစ်ဆေးဝါးပြဿနာသည် အရေးတကြီးတိုက်ဖျက်ရန်လိုအပ်သည့် ပြဿနာကြီးတစ်ရပ်ဖြစ်သည်။ စစ်တမ်း  

များအရ မြန်မာနိုင်ငံသည် ဘိန်းအများဆုံးထွက်ရှိသည့် နိုင်ငံများအနက် နိုင်ငံတစ်နိုင်ငံအဖြစ် ကမ္ဘာတွင် နာမည်ဆိုး နှင့် ကျော်ကြားလျက်ရှိသည်။ 

ပါတီအနေဖြင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ စိုက်ပျိုးမှု၊ ထုတ်လုပ် ဖြန့်ချိမှု၊ သုံးစွဲမှုများကို ဥပဒေဖြင့် တိတိကျကျ ပြဋ္ဌာန်းလျက် ကာကွယ် တားဆီးသွားရမည်။ 

နိုင်ငံတကာအကူအညီများနှင့်ပတ်သက်သော သဘောထား 

နိုင်ငံတကာအကူအညီများနှင့်ပတ်သက်၍ ပြည်သူလူထုအနေဖြင့် အမှန်တကယ်လိုအပ်လျက်ရှိသည်။ 

တိုင်းပြည်အနေဖြင့်ဆိုပါမူ လိုအပ်ပင် လိုအပ်သော်လည်း လက်ရှိ မိမိတို့တိုင်းပြည်၌ တရားဝင်အစိုးရတရပ်က အုပ်ချုပ်နေခြင်း မဟုတ်၍၊ နိုင်ငံတကာမှ အကူအညီများသည် ပြည်သူလူထုအတွက် အကျိုးရှိ မရှိ၊ လိုအပ်နေသော နေရာများသို့ လက်တွေ့ရောက် မရောက်ကို ပြည်သူလူထုကိုယ်တိုင် စနစ်တကျစောင့်ကြည့်၊ စနစ်တကျ စုံစမ်း စစ်ဆေး၍ ပိုမို အကျိုးဖြစ်ထွန်းမှု ရှိလာစေရေးအတွက် ပြည်သူ့အခြေပြု အင်အားစုများက ကမကထပြု ကြိုးပမ်း ကြရ မည် ဖြစ်သည်။  

အနာဂတ်ပြည်ထောင်စုတွင်မူ အထက်ပါ လုပ်ငန်းတာဝန်များသာမက အစိုးရအနေဖြင့်လည်းကောင်း၊ သက်ဆိုင် ရာ နိုင်ငံအသီးသီးအနေဖြင့်လည်းကောင်း၊ သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးအနေဖြင့်လည်းကောင်း တိုင်းပြည်အ  

တွက်ပေးအပ်သည့် အကူအညီများနှင့်ပတ်သက်၍ အများပြည်သူလေ့လာနိုင်ရန် စာရင်းဇယားများကို စနစ်တကျ ထုတ်ပြန်ပေးရမည်ဖြစ်သည်။ 

ပြည်သူများက နိုင်ငံတကာအကူအညီများအပေါ်တွင် မှီခိုလွန်းသည့်အခြေအနေသို့ ရောက်ရှိမသွားစေရန်နှင့် အကူ အညီများအား အလွဲသုံးစားပြုလုပ်မှုများမှ ကာကွယ်နိုင်ရန်တို့အတွက် လိုအပ်သည့် ပညာပေးရေးလုပ်ငန်းများ၊ စောင့် ကြည့်လေ့လာသည့်လုပ်ငန်းများအား မိမိတို့ပါတီအနေဖြင့် လူထုအခြေပြု လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင် ရွက်နိုင်ရေး ကြိုးပမ်းသွားမည်ဖြစ်သည်။ 

အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများအပေါ် သဘောထား 

အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုများသည် အဖိနှိပ်ခံပြည်သူတစ်ရပ်လုံး၏ လွတ်မြောက်ရေးလှုပ်ရှား မှုများနှင့် တဆက်တစပ်တည်းဖြစ်သည်။ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ တန်းတူရေး တိုက်ပွဲများနှင့်လည်း တဆက် တစပ်တည်း ဖြစ်သည်။ ယခုဆိုလျှင် အမျိုးသမီးများအပါအဝင် လူ့အလွှာပေါင်းစုံ၊ လူမျိုးပေါင်းစုံတို့ကို ရက်စက် ကြမ်းကြုတ်စွာ ဖိနှိပ်မှုကြောင့် လူမျိုးစုံပြည်သူများက စစ်အာဏာရှင်ကို ဆန့်ကျင် ခုခံကြသည့် နွေဦးတော်လှန် ရေးကြီး တိုင်းပြည်နှင့်အဝှမ်း ဆင်နွှဲလျက်ရှိသည်။ အမျိုးသမီးအခွင့်အရေးဆိုင်ရာ လှုပ်ရှားမှုသည် နွေဦးတော်လှန် ရေး၏ တိုက်ပွဲအစိတ်အပိုင်းတရပ်ပင် ဖြစ်သည်။ 

ထိုကြောင့် ပါတီအနေဖြင့် အမျိုးသမီးအခွင့်အရေးဆိုင်ရာလှုပ်ရှားမှုများနှင့် လက်တွဲဆောင်ရွက်သွားမည်။ 

တပြိုင်နက်တည်းတွင် လူ့အဖွဲ့အစည်းအတွင်းတည်ရှိနေသော အဖကြီးစိုးမှုနှင့် မဟာဖိုဝါဒတို့ကို တိုက်ဖျက်သွားရ မည်။ ထိုပြဿနာသည် လူ့အဖွဲ့အစည်းအတွင်း တည်ရှိနေသော ပြဿနာဖြစ်သောကြောင့် လူ့အဖွဲ့အစည်းအတွင်း ပါဝင် သော လူသားအားလုံး လက်ခံဖြေရှင်းရမည်ဖြစ်သည်။ 

HIV, AIDS, COVID-19 တို့နှင့် ပတ်သက်သော သဘောထား 

HIV, AIDS နည်းတူ COVID-19 သည် လူသားမျိုးနွယ်တစ်ရပ်လုံးအား ခြိမ်းခြောက်လျှက်ရှိသော ရောဂါဆိုးကြီးများ ဖြစ်သည်။ ယနေ့အထိ မြန်မာနိုင်ငံအစိုးရများအနေဖြင့် ကာကွယ်ရေးကဏ္ဍ အသုံးစရိတ်အား အလွန်အကျွံ သုံးစွဲနေ သော်လည်း ပညာရေးနှင့် ကျန်းမာရေးကဏ္ဍများတွင်မူ သိသာထင်ရှားစွာ တိုးမြှင့်သုံးစွဲခြင်း မရှိချေ။ HIV, AIDS, COVID-19 တို့နှင့်ပတ်သက်၍ ထိရောက်သော ပညာပေးမှုနှင့် တိုက်ဖျက်မှုများကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင် သလို အကူအညီ အထောက်အပံ့ရစေနိုင်သည့် ပူးပေါင်းဆောင်ရွက်မှုမျိုးများလည်း အားတက်သရော လုပ်ဆောင်ခြင်း မတွေ့ရချေ။  

မိမိတို့ပါတီအနေဖြင့် HIV, AIDS, COVID-19 တို့နှင့်ပတ်သက်၍ ပညာပေးရေး၊ တိုက်ဖျက်ရေး၊ တားဆီး ရေးတို့အား လူထုနှင့် ပူးပေါင်းကာ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် လုပ်ဆောင်သွားမည်။ 

အစိုးရစီမံကိန်းများ အပေါ်သဘောထား 

  လက်ရှိ စစ်အာဏာသိမ်းအစိုးရသည် တရားဝင်ခြင်းမရှိသဖြင့် ၎င်းတို့တွင် မည်သည့်စီမံကိန်းမျိုးကိုမှ တရားဝင်  

အကောင်အထည်ဖေါ်ခွင့် မရှိပါ။ 

ထိုပြင် ယနေ့ကာလအထိ သမိုင်းတလျှောက်တွင် မိမိတို့တိုင်းပြည်အတွင်း စစ်မက်ဖြစ်ပွားရာဒေသများ (ပြည်တွင်း စစ် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေရာဒေသများ) ၌ သဘာဝသယံဇာတ ထုတ်ယူရောင်းချမှု စီမံကိန်းများ  ပိုမို တိုးချဲ့ ထုတ်ရောင်းလေ့ရှိကြပြီး၊ အဆိုပါစီမံကိန်းအားလုံးသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများ ဖြစ်ကြသည်။ ၎င်းစီမံကိန်းများကို ထိန်းချုပ် ကန့်သတ်နိုင်ရေး နည်းလမ်းရှာ၊ အားထုတ်ကြရပေမည်။ 

အနာဂတ်ပြည်ထောင်စုတွင်မူ အစိုးရက အကောင်အထည်ဖေါ်ဆောင်ရွက်သည့် စီမံကိန်းအားလုံးနှင့် အစိုးရယန္တ ရားအဆင့်ဆင့်၏ ဆောင်ရွက်မှုများကို အများပြည်သူ သိရှိ ဝေဖန်နိုင်ရန် ပွင့်လင်း မြင်သာမှုရှိရှိ ဆောင်ရွက်ရေးကို  မိမိ တို့ပါတီက ကြိုးပမ်းအားထုတ်သွားမည်။ 

***** ***** ***** 

[(၂ – ၆၊ ၁၂၊ ၂၀၂၁) ရက်များတွင် ကျင်းပသည့် ဗဟိုစည်းရုံးရေးကော်မတီအစည်းအဝေး ၁/၂၀၂၁ တွင် အတည်ပြုသည်။]