ပါတီတံဆိပ်

ဆက်သွယ်ရန်

အမှတ်(၁၂၄)၊ စတုတ္ထထပ်၊ မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်မြို့။
အီးမေးလ် – hqdpns@gmail.com
Facebook – Democratic Party for a New Society

February 2015
M T W T F S S
« Jan   Mar »
 1
2345678
9101112131415
16171819202122
232425262728  

(၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့သို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

အနယ်နယ်အရပ်ရပ်တွင် ကျင်းပနေကြသော (၆၇) ကြိမ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားများကို မိမိတို့ လူ့ဘောင် သစ်ဒီမိုကရက်တစ်ပါတီက မွန်အမျိုးသားထုတရပ်လုံးနှင့်ထပ်တူထပ်မျှ ဂုဏ်ယူတန်ဖိုးထားပါကြောင်း လှိုက်လှဲဝမ်းမြောက်စွာ နှုတ်ခွန်း ဆက်သအပ်ပါသည်။ ဒီမိုကရေစီဆိတ်သုဉ်းမှု၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကင်းမဲ့မှုတို့ကြောင့် ဖြစ်ပွားနေသော ပြည်တွင်းစစ် ဒဏ်ကို မွန်အမျိုးသားများအပါအ၀င် ပြည်ထောင်စုဘွားတိုင်းရင်းသားတိုင်း ရာစုတ၀က်ကျော် ခါးဆီးခံခဲ့ကြရသည်ဟု မိမိတို့ပါတီက အလေးအနက် နားလည်ပါသည်။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးအတွက် ခုခံစစ်ကို ဆင်နွှဲနေသော လက်နက်ကိုင်တော်လှန်ရေးအင်အား စုများနှင့် လက်ရှိအစိုးရတို့အကြား အပစ်အခတ်ရပ်စဲရေး နှစ်ဖက်သဘောတူလက်မှတ်ထိုးပွဲတရပ် ကျင်းပပြုလုပ်ရန် ကြိုးပမ်းနေခြင်း သည် မိမိတို့နိုင်ငံအတွက် အရေးကြီးသည့် နိုင်ငံရေးခြေလှမ်းတရပ် ဖြစ်သည်ဟု မိမိတို့ပါတီက ရှုမြင်ပါသည်။ တပြည်လုံးအတိုင်းအတာဆောင်သော ခိုင်မာသည့်အပစ်အခတ်ရပ်စဲရေးကို ဆောင်ရွက်ပြီးသည်နှင့် တဆက်တည်း နိုင်ငံရေး အင်အားစုအသီးသီးပါဝင်ပြီး တန်းတူရည်တူ ဆွေးနွေးအဖြေရှာနိုင်သည့် ပြည်ထောင် စုညီလာခံကြီးတရပ်ကို ကျင်းပပြုလုပ်ကြရမည် ဖြစ်ပါသည်။ ထိုညီလာခံကြီးတွင် အပြန်အလှန် ညှိနှိုင်းဆွေးနွေးကြပြီး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀ အာမခံသည့်၊ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကိုအပြည့်အ၀အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုကြီးကို တည်ဆောက်နိုင်ရန်အတွက် တမျိုးသားလုံးဆိုင်ရာသဘောတူညီချက်တရပ်ကို ချမှတ်ကြရမည် ဖြစ်ပါသည်။ ထိုသဘောတူညီချက်ကို နိုင်ငံရေးလမ်းညွှန်အဖြစ်ကိုင်စွဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ခုနှစ်) ပြင်ဆင်ရေးအပါအ၀င် မိမိတို့နိုင်ငံတွင် ရင်ဆိုင်နေကြရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာ အရပ်ရပ်ကို ဖြေရှင်းကျော်လွှားကာ ငြိမ်းချမ်းပြီး အစဉ် ဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီခေတ်သစ်တရပ်ကို တည်ဆောက်ကြရမည်ဖြစ်သည်ဟု မိမိတို့ပါတီက အခိုင်အမာယုံကြည်ပါသည်။ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအနေဖြင့် မွန်အမျိုးသားများအပါအဝင် တိုင်းရင်းသား လူမျိုးစုံပြည်သူများနှင့် အတူ ဤလုပ်ငန်းစဉ်ကြီးအတွင်းမှာ ကျရာအခန်းကဏ္ဍမှ တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း မွန်အမျိုးသားများ၏ (၆၇)ကြိမ် မြောက် မွန်အမျိုးသားနေ့တွင် လေးနက်တည်ကြည်စွာ ကတိပြုလျှက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။ ဗဟိုဦးဆောင်ကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်) ၂၀၁၄ ခုနှစ်၊ ဖေေါ်ဝါရီလ (၁၅) ရက်

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့် အခမ်းအနားများသို့ ပေးပို့သော ဂုဏ်ပြုသ၀ဏ်လွှာ

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ နှစ်(၁၀၀)ပြည့် အခမ်းအနားများသို့ မိမိတို့လူ့ဘောင်သစ်ဒီမိုကရက် တစ်ပါတီက လှိုက်လှဲတန်ဖိုးထားစွာဖြင့် ဤဂုဏ်ပြုသ၀ဏ်လွှာကို ပေးပို့လိုက်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂ (All Burma Students Union) ဥက္ကဋ္ဌ၊ အိုးဝေမဂ္ဂဇင်း အယ်ဒီတာ၊ တို့ဗမာအစည်းအရုံးအထွေထွေအတွင်းရေးမှူး၊ ဗမာပြည်ကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး၊ ဗမာ့ထွက်ရပ်ဂိုဏ်း အတွင်းရေးမှူး၊ ဗမာ့ကာကွယ်ရေးတပ်မတော်စစ်သေနာပတိချုပ်၊ ပြည်သူ့ရဲဘော်အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ဖက်ဆစ်ဆန့်ကျင်ရေးပြည်သူ့ လွတ်မြောက်ရေးအဖွဲ့ချုပ် (ဖဆပလ) ဥက္ကဋ္ဌ စသည့်တာဝန်များဖြင့် သမိုင်းခေတ်ကာလအဆက်ဆက်က ပြဋ္ဌာန်းလိုက်သော သမိုင်း ရေးတာဝန်များကို ဦးလည်မသုန် ကိုယ်ကျိုးမဖက် ထမ်းရွက်ခဲ့ပါသည်။ ပြည်သူလူထု၏ အသက်အိုးအိမ်ကိုကာကွယ်စောင့်ရှောက်ပြီး ပြည်သူကိုအလုပ်အကျွေးပြုသည့် ပြည်သူ့တပ်မတော် တရပ်ကို တည်ဆောက်ခဲ့နိုင်ရုံမက အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အလေးထားစွာဖြင့် ပင်လုံစာချုပ်ကို ချုပ်ဆိုပြီး အမျိုးသားညီညွတ်ရေးကို တည်ဆောက်နိုင်ခဲ့ပါသည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးတလျောက်လုံးတွင် မဟာမိတ်အင်အားစုအသီးသီးနှင့် အခိုင်အမာလက်တွဲပြီး လူမျိုးစုံပြည်သူတို့၏ ထောက်ခံဝန်းရံပေးမှုဖြင့် လွတ်လပ်ရေးကို မရအရ ယူပေးနိုင်ခဲ့သည့်အတွက် အမျိုး သားခေါင်းဆောင်ကြီးအဖြစ် ပြည်သူလူထုတရပ်လုံးက ယနေ့ထက်တိုင် လေးစားတန်ဖိုးထားနေကြခြင်း ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်နှင့်မြန်မာပြည်သူလူထု၏အကျိုးကို တည့်တည့်မတ်မတ်မျက်နှာမူပြီး ကြိုးပမ်းဆောင် ရွက်ခဲ့မှုများနှင့် စွန့်လွှတ်ပေးဆပ်ခဲ့မှုတို့အား လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုလျက် မိမိတို့ပါတီအနေဖြင့် ယနေ့ကာလ အမျိုးသားရေး တာဝန်များတွင် ကျရာအခန်းမှ တက်ကြွစွာ ကြိုးပမ်းထမ်းရွက်သွားရန် အလေးအနက် အဓိဋ္ဌာန်ပြုပါသည်။ ဗဟိုစည်းရုံးရေးကော်မတီ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဋ္ဌာနချုပ်) ၂၀၁၅ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁၃) ရက်