ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ( SNLD ) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ချက်များ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့ (၂၆၊ ၁၀၊ ၂၀၂၄) ရက်နေ့တွင် ၃၆ နှစ် တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။
SNLD ခေါင်းဆောင်များ၊ ပါတီဝင်များအားလုံး ကျန်းမာဘေးကင်းကြပါစေ၊ ရွှင်လန်းချမ်းမြေ့ ရှိကြပါစေ ကြောင်း ဦးစွာ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်။ ၃၆ နှစ်တာ ဖြတ်သန်းမှုသမိုင်းတလျှောက် အသက်များ၊ ဘဝ များ ပေးဆပ်ခဲ့ကြသည့် SNLD ခေါင်းဆောင်များ၊ ပါတီဝင်များအားလုံးကိုလည်း လေးစားတန်ဖိုးထားစွာ ဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ ကာလတွင်လည်း ကောင်း၊ ယနေ့ ဖက်ဒရယ်ဖော်ဆောင်ရေး ပြည်သူ့ကိုယ်စားလှယ်များကော်မတီ (PRCF) ကာလတွင်လည်းကောင်း ညီနောင်ပါတီအဖွဲ့အစည်းများနှင့် စုပေါင်းခေါင်းဆောင်မှုရှိစွာ၊ ရှေ့ဆောင် အားထုတ်မှုရှိစွာ ကြိုးပမ်းထမ်းရွက်ခဲ့မှု များအပေါ် မိမိတို့ပါတီက တန်ဖိုးထားစွာ မှတ်တမ်းတင်ထားပါသည်။
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်သည် ရှမ်းပြည်နယ်နှင့် ရှမ်းပြည်လူမျိုးပေါင်းစုံအတွက်သာမက နိုင်ငံနှင့် လူမျိုးစုံပြည်သူလူထုကြီးအတွက်ပါ အားထားရသည့်၊ အခရာကျသည့် နိုင်ငံရေးပါတီတရပ်ဖြစ်သည်ဟု မိမိတို့ပါတီက လေးလေးစားစား ရှုမြင်ပါသည်။ စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး၊ ၂၀၀၈ ခြေဥ အပြီး အပိုင် ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး တိုက်ပွဲကြီးကိုလည်း အောင်ပွဲရသည် အထိ ညီနောင်ပါတီများနှင့်အတူ ကြိုးပမ်းသယ်ဆောင်သွားနိုင်လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ပါသည်။
မိမိတို့ပါတီအနေဖြင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ၊ မိတ်ဖက်အင်အားစုအသီးသီးနှင့် အတူ၊ လူမျိုးစုံပြည်သူလူထုကြီးနှင့်အတူ ကျရာအခန်းမှ အစွမ်းကုန် ကြိုးပမ်းထမ်းရွက်သွားမည်ဟု ကတိသစ္စာပြု လျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၆ ရက်။