အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

ဂုဏ်ပြုသဝဏ်လွှာ ထုတ်ပြန်ချက်များ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့်
အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခဲ့သည်မှာ ယနေ့ (၂၇၊ ၉၊ ၂၀၂၄)ရက်နေ့တွင် ၃၆ နှစ် တင်းတင်း ပြည့်ခဲ့ပြီ ဖြစ်သည်။ အဖွဲ့ချုပ်၏ ၃၆ နှစ်ကြာ ဖြတ်သန်းခဲ့ရသည့် သမိုင်းသည် ပေးဆပ်မှုများ၊ စွန့်လွှတ် မှုများ၊ ရုန်းကန်တိုက်ပွဲဝင်မှုများဖြင့် ခက်ခဲကြမ်းတမ်းလှသည့်သမိုင်း ဖြစ်ပါသည်။ စစ်အာဏာရှင် အဆက်ဆက် အဖွဲ့ချုပ်ကို နင်းချေဖျက်သိမ်းပစ်ရန် အကြိမ်ကြိမ် ကြံစည် ကျူးလွန်ခဲ့သည့်အောက်မှ လူထုကြီးနှင့်အတူ ရုန်းထပြီး ယနေ့အထိ ရဲရင့်တည်ကြည်စွာ တိုက်ပွဲဝင်နေသည့် သမိုင်းဖြစ်သည်ဟု မိမိတို့ပါတီက တန်ဖိုးထားပါသည်။
ယနေ့ ဆင်နွှဲနေကြသည့် နွေဦးတော်လှန်ရေးကြီးနှင့်တကွ ရှည်လျားသည့် အဖွဲ့ချုပ်သမိုင်းတလျှောက် အသက်များ၊ ဘဝများ ပေးဆပ်ခဲ့ကြသည့် အဖွဲ့ချုပ်ခေါင်းဆောင်များ၊ အဖွဲ့ချုပ်အဖွဲ့ဝင်များကိုလည်း လေးစား တန်ဖိုးထားစွာ ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။
လက်ရှိ အနေအထားမှာ တော်လှန်ရေး၏ ဒီရေမြင့်သစ်တခုကို ရောက်ရှိနေသည်ဟု မိမိတို့ပါတီက ရှုမြင် ပါသည်။ အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံရေးလှည့်ကွက် အမျိုးမျိုးကို ထုတ်သုံးပြီး ၎င်းတို့အာဏာကို ဆက်လက် ထိန်းသိမ်းထားနိုင်ရန် အစွမ်းကုန် အားထုတ်နေသည့် ကာလလည်း ဖြစ်သည်။ တွေ့ဆုံဆွေးနွေးရေး အတုများ၊ ရွေးကောက်ပွဲအတုများ ဖန်တီးပြီး တော်လှန်ရေးကြီးကို လမ်းကြောင်းလွှဲရန်၊ ထွက်ပေါက်ရှာရန် ကြိုးပမ်း အားထုတ်လာနိုင်သည့် ကာလဖြစ်သည်ဟု မိမိတို့ပါတီက ရှုမြင်ပါသည်။
စစ်အုပ်စုက မည်သို့ပင် လှည့်ကွက်များ ကျင့်သုံး လုပ်ဆောင်လာသည်ဖြစ်စေ မိမိတို့ အင်အားစုအသီးသီး အနေဖြင့် နွေဦးတော်လှန်ရေးကြီး၏ ရည်မှန်းချက် ၃ ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်သည်အထိ ညီညီ ညွတ်ညွတ်ဖြင့် တိုက်ပွဲအရှိန်ကို မြှင့်ကြရမည်ဟု အခိုင်အမာ ယုံကြည်ပါသည်။
မိမိတို့ပါတီ အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ၊ မိတ်ဖက်အင်အားစုအသီးသီးနှင့်အတူ၊ လူမျိုးစုံ ပြည်သူလူထုကြီးနှင့်အတူ တော်လှန်ရေး အောင်ပွဲခံသည်ထိ ကျရာအခန်းမှ အစွမ်းကုန် ကြိုးပမ်း သယ် ဆောင်သွားမည်ဟု ကတိသစ္စာပြုလျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ဗဟိုဦးဆောင်ကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်။