“ငြိမ်းချမ်းရေးကို တကယ်လုပ်ပါ။ လူထုကို မလှည့်စားပါနဲ့’’

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

[လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် – ၆/၂၀၁၉]


စစ်ပွဲတွေ ချက်ချင်းရပ်ပါ၊ ထိုးစစ်၊တိုက်စစ်တွေ ချက်ချင်းရပ်ပါ၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာပါလို့ အကြိမ်ကြိမ် တောင်းဆိုခဲ့ကြတယ်။ ရခိုင်ပြည်သူတွေ နေ့စဉ်နဲ့အမျှ ရင်ဆိုင်ခံစားနေရတဲ့ဒုက္ခတွေအတွက် သမ္မတကြီး ကိုယ်တိုင် ကိုင်တွယ်ဆောင်ရွက် ဖြေရှင်းပေးပါလို့ နိုင်ငံရေးပါတီတွေနဲ့ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းတွေက အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ကြတယ်။ ဒါပေမဲ့ ဘာတုန့်ပြန်မှုမှ မရခဲ့ဘူး။ စစ်ပွဲတွေ ပိုကြမ်းလာတယ်၊ အင်တာနက် လိုင်းတွေ ဖြတ်ပစ်လိုက်တယ်။ စစ်တားဆီးရေးလှုပ်ရှားသူတွေ ဖမ်းဆီးခံရတယ်။ ရခိုင်ပြည်မြောက်ပိုင်းကလူထုတွေ ပိုပြီး ထိခိုက်သေကျေလာပြီး စစ်ဘေးဒုက္ခသည်တွေသာ ပိုပိုပြီး တိုးပွားလာခဲ့တယ်။
တပ်က စစ်ပွဲတွေကို ရခိုင်ပြည်မြောက်ပိုင်းစစ်မျက်နှာမှာ ကြမ်းသည်ထက် ကြမ်းပြလာတာကြောင့် ရှမ်းပြည် မြောက်ပိုင်းစစ်မျက်နှာ စပေါ်လာခဲ့တယ်။ အလားတူပဲ ရှမ်းပြည်မြောက်ပိုင်းမှာလည်း အရပ်သားတွေ ထိခိုက်သေကျေ ဖြစ်ကြရတယ်။ သြဂုတ် ၁၅ ကနေ စက်တင်ဘာ ၃ ရက်နေ့အထိ ရှမ်းပြည်မြောက်ပိုင်းမှာ မိုင်းထိသေဆုံးသူ ၈ ဦး၊ လက်နက်ကြီးကျသေဆုံးသူ ၅ ဦး၊ ဒဏ်ရာရသူ ၉ ဦး၊ ပျက်စီးသွားတဲ့တံတား ၄ စင်း၊ မီးလောင်ပျက်စီးအပါအဝင် ပစ်ခတ်တိုက်ခိုက်ခံရတဲ့ကား ၃၇ စီး၊ ပိတ်လိုက်ရတဲ့ စာသင်ကျောင်းပေါင်း ၁၂၀၊ စစ်ဘေးရှောင်ရသူ ၅၂၀၇ ဦး၊ ကုန်သွယ်ရေးထိခိုက်သွားတာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၂၀ လို့ သိရပါတယ်။
ဒါဟာ ဘာကြောင့်လဲ။ အဓိကကတော့ တပ်က စစ်ပွဲတွေကို ရပ်ဖို့ အားမထုတ်ဘဲ အချိန်ဆွဲနေတာကြောင့် ဖြစ် ပါတယ်။ NCA လမ်းကြောင်းကလွဲလို့ ဘာလမ်းကြောင်းမှ မရှိဘူးလို့ အသေဆုပ်ကိုင်ထားတယ်။ တပ်နေရာချထားရေး တွေ ညှိမရအောင်၊ အဖြေမရောက်အောင် တောင်းဆိုနေတယ်။ တွေ့ဆုံဆွေးနွေးပွဲနေရာကို ခက်ခဲအောင်၊ ညှိမရ အောင် လုပ်ထားတယ်။
ဒါတွေကြောင့် ပဏာမအဆင့် တွေ့ဆုံဖို့ဆိုတာတောင် ဟိုရွှေ့ဒီရွှေ့နဲ့ တော်တော်ကြီး ကြာသွားခဲ့ရပြီး ၂၀၁၉ သြဂုတ် ၃၁ ရက်နေ့ကျမှပဲ ကျိုင်းတုံမှာ ဆွေးနွေးဖြစ်တော့တယ်။
မိမိတို့ပါတီအနေနဲ့ ကျိုင်းတုံဆွေးနွေးပွဲနဲ့ ကျိုင်းတုံပူးတွဲကြေညာချက်ကို အခြေခံအားဖြင့် ကြိုဆိုပါတယ်။ စစ်ပွဲ တွေ ချက်ချင်း ရပ်တန့်ပြီး Bilateral Ceasefire Agreement လက်မှတ်ထိုးနိုင်အောင် ဦးတည်ဆွေးနွေးကြတယ်ဆိုတာ ကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲရဲ့အဆက်အဖြစ် စက်တင်ဘာ ၁၆၊ ၁၇ မှာ ဆက်လက်ဆွေးနွေးကြမယ်လိို့ ဆိုပါတယ်။
အဲဒီလို ဆွေးနွေးတဲ့အခါမှာ တပ်နေရာချထားရေးကိစ္စ၊ စစ်ပွဲတွေ ဆက်လက်မဖြစ်ပွားအောင် စည်းမျဉ်းစည်း ကမ်းတွေ သတ်မှတ်ရေးကိစ္စတွေကို လက်တွေ့ကျကျ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ မဖြစ်နိုင်တာ မဖြစ်သင့်တာတွေကို ဇွတ်အတင်း ဖိအားပေး လက်ခံခိုင်းပြီး ကြန့်ကြာစေတာမျိုးကို အထူး သတိပြုသင့်တယ်လို့ အလေးအနက် ထောက်ပြ ချင်ပါတယ်။
ပြည်သူတွေကို မျက်နှာမူပြီး၊ ငြိမ်းချမ်းရေးကို အလေးအနက် အာရုံထားပြီး ဆွေးနွေးအဖြေရှာဖို့ တောင်းဆိုပါ တယ်။ လူကြည့်ကောင်းရုံ ဟန်ပြမဟုတ်ဘဲ လူထုတွေ သွေးမျက်ရည်တစ်စက်မှ ထပ်ပြီး မကျရတော့အောင် တကယ့် စိတ်ရင်းနဲ့ ဆောင်ရွက်ကြဖို့ လိုအပ်ပါတယ်။
“ စစ်ပွဲလို့ မသုံးနှုန်းရ၊ တိုက်ပွဲလို့သာ သုံးနှုန်းရမယ်၊ စစ်ဘေးဒုက္ခသည်စခန်းလို့ မသုံးရ၊ စစ်ရှောင်စခန်းလို့သာ သုံးရမယ်၊ တိုက်ပွဲရှောင်စခန်းလို့ သုံးရမယ်”ဆိုတဲ့ တဖက်ကို ဂုဏ်သိက္ခာထိခိုက်စေတဲ့၊ လက်တွေ့ဖြစ်ရပ်တွေအပေါ် လေးနက်မှုလျော့ကျစေတဲ့ စကားလုံးသုံးစွဲမှုကအစ အပေါ်စီးယူလိုက်ရမှဆိုတဲ့ စိတ်ထားမျိုးနဲ့ လုံးဝ အလုပ်မဖြစ်နိုင်ပါ။ ကျိုင်းတုံဆွေးနွေးပွဲအပြီးမှာကိုပဲ စစ်ပွဲတွေ ဆက်ဖြစ်နေတာ၊ အရပ်သားထိခိုက်မှုတွေ ဆက်ရှိနေတာတွေအပေါ် တနိုင် ငံလုံးက အလွန်အမင်း စိတ်မသက်မသာ ဖြစ်ကြရပါတယ်။
မြန်မာနိုင်ငံရဲ့ လက်တွေ့က စစ်ပွဲတွေ ကြာလာတာနဲ့အမျှ လူထုက ဒုက္ခတွေ ပိုပိုပြီးသည်းသန်၊ စစ်ပွဲကို အမှီ ပြုပြီး ချမ်းသာတဲ့လူတစုကကျ ထားစရာမရှိတော့အောင် ပိုပိုပြီးချမ်းသာ ဆိုတာမျိုး ဖြစ်နေတယ်။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေစိတ်ထားနဲ့ ဇယားရွှေ့ရုံသာ ရွှေ့နေကြမယ်ဆိုရင်တော့ ငြိမ်းချမ်းရေးကို စီးပွားဖြစ် အကျိုးစီးပွားထုတ် လုပ်ရေးယန္တရားလို အသုံးချပြီး လူထုကိုလှည့်စားနေတာသာ ဖြစ်လိမ့်မယ်လို့ ထောက်ပြချင်ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
စက်တင်ဘာ ၅ ရက်၊ ၂၀၁၉။

မှီငြမ်းကိုးကား။
၁။ Eastern Review News Agency
၂။ ကျိုင်းတုံမြို့ဆွေးနွေးမှု ပူးတွဲသတင်းထုတ်ပြန်ချက် (၂၀၁၉ခုနှစ်၊ သြဂုတ်လ၊ ၃၁ရက်)

[ngg src=”galleries” ids=”665″ display=”basic_thumbnail”]