“ဖက်ဒရယ်ပညာရေးစနစ်နှင့် လူထုအခြေပြုလုပ်ငန်းများကို အားပေးမြှင့်တင်ခြင်း” ခေါင်းစဉ်ဖြင့် ကျင်းပသည့် NNER တတိယအကြိမ်ညီလာခံကို ၄၊၅၊၂၀၁၇ ရက်နေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ သာသနာ ၂၅၀၀ ကျောင်း၌ စတင်ပြုလုပ်ခဲ့ပါသည်။ ညီလာခံပထမနေ့တွင် ကိုယ်စားပြုကော်မတီနှင့် လုပ်ငန်းအဖွဲ့များ၏ အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးအဖွင့်အမှာစကားကို သဘာပတိ ဆရာကြီးနိုင်ငွေသိန်းနှင့် ဥက္ကဋ္ဌ ဒေါက်တာသိန်းလွင်တို့က ပြောကြားခဲ့ကြသည်။ ထို့နောက် ညီလာခံအစီအစဉ်များကို ဆွေးနွေးအတည်ပြုခြင်း၊ ကိုယ်စားပြုကော်မတီ အစီရင်ခံစာနှင့် ပညာရေးမူဝါဒဆိုင်ရာ ပြင်ဆင်ချက်များ၊ တင်သွင်းမည့်အဆိုများ၊ NNER ၏ မဟာမိတ်မူဝါဒတို့ကို တင်ပြဆွေးနွေးခဲ့ကြပါသည်။ နေ့လည်ပိုင်းတွင် ‘ပညာရေးအသုံးစရိတ်ကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် တိုက်တွန်းနှိုးဆော်ခြင်း’ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ APSBAE မှ Ms. Helen Dabue နှင့် Mr. Rene Raya တို့က နိုင်ငံတကာ အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြပါသည်။ အစည်းအဝေးသို့ NNER ကိုယ်စားပြုကော်မတီဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်တိုင်းအသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။