CJ Feed Myanmar စက်ရုံအလုပ်သမားသပိတ်သို့ သွားရောက် အားပေးဝန်းရံ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

နိုဝင်ဘာ ၂၊ ၂၀၁၉။ မှော်ဘီ။

မှော်ဘီမြို့နယ်၊ မြောင်းတကာစက်မှုဇုံ၊ ဖရဲခင်းလမ်းပေါ်ရှိ CJ Feed Myanmar တိရိစ္ဆာန်စာစက်ရုံအလုပ်သမားများက တောင်းဆိုချက် (၉)ချက်ကို တောင်းဆိုလျက် ၂၉၊ ၁၀၊ ၂၀၁၉ ရက်နေ့က စတင်၍ သပိတ်မှောက်ခဲ့ကြပါသည်။ စက်ရုံမှာ အလုပ်သမား ၁၀ဝ ကျော်ဖြင့် လည်ပတ်လျက်ရှိသည့် တောင်ကိုရီးယားအမျိုးသားပိုင်စက်ရုံဖြစ်ပြီး စက်ရုံသက်တမ်းမှာ ၁ နှစ်နှင့် ၃ လရှိပြီဟု သိရပါသည်။

ယခုအလုပ်အဖြုတ်ခံရသော အမျိုးသမီးလုပ်သား ၂ ဦးအပါအဝင် အလုပ်သမားသမား ၂၆ ဦးအနက် အများစုမှာ စက်ရုံတည်စကတည်းက ရက်ပျက်မရှိ လုပ်ကိုင်ခဲ့ကြသည့် အလုပ်သမားများဖြစ်ပြီး အနိမ့်ဆုံးလုပ်သက်ရှိသူသည်ပင်လျင် လုပ်သက် ၁၀ လ ကျော်ဟု သိရပါသည်။ အခြေခံအလုပ်သမားအခွင့်အရေးများ ရလိုမှုနှင့်ပတ်သက်၍ တင်ပြမေးမြန်းသည်ကို အကြောင်းပြု၍ ခေါ်ယူဆွေးနွေးခြင်း အလျဉ်းမရှိဘဲ တင်ပြသူအားလုံးကို အလုပ်မှ ထုတ်ပစ်ခဲ့ခြင်းဖြစ်သည်။ အလုပ်သမားများက မှော်ဘီမြို့နယ်အလုပ်သမားဦးစီးဋ္ဌာန ဖြန်ဖြေရေးရုံးသို့ တင်ပြအကူအညီတောင်းခံရာတွင် ဖြန်ဖြေရေးရုံးက တစ်ဦးချင်းအငြင်းပွားမှုဖြစ်၍ ၎င်းတို့နှင့်မဆိုင်ဘဲ တရားရုံးသို့ အမှုဖွင့်တိုင်ကြားရန်သာ စာထွက်ပြောဆိုလာသည့်အတွက် ၂၉၊ ၁၀၊ ၂၀၁၉ နံနက် ၇းဝ၀ နာရီမှစ၍ သပိတ်မှောက်ခဲ့ကြခြင်းဖြစ်ပါသည်။ သပိတ်စတင်သည့် ၂၉ ရက်နေ့ ညတွင် တိုင်းအလုပ်သမားဦးစီးဋ္ဌာနကလည်းကောင်း၊ ၃၁၊ ၁၀၊ ၂၀၁၉ ရက်နေ့တွင် လွှတ်တော်ကိုယ်စားလှယ်များကလည်းကောင်း အလုပ်ရှင်နှင့် လာရောက်ညှိနှိုင်းပေးကြသော်လည်း အလုပ်ရှင်ဘက်မှ လိုက်လျောခြင်းမရှိရုံမကဘဲ ဝင်ပေါက်တံခါးမကြီးကို ပိတ်ဆို့၍ သပိတ်စခန်းဖွင့်ထားသည့်အတွက် ဝင်လမ်းထွက်လမ်းပိတ်ဆို့မှုဖြင့် သပိတ်ခေါင်းဆောင် ၆ ဦးကို စက်ရုံပိုင်ရှင်ဘက်က အမှုဖွင့်တိုင်ကြားသည့်အဆင့်ထိ ဖြစ်လာခဲ့ပါသည်။

သို့အတွက် သပိတ်ကို စာနာထောက်ခံသောအားဖြင့် ၂၊ ၁၁၊ ၂၀၁၉ ရက်နေ့ နံနက်ပိုင်းက ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅ သပိတ်မှောက်အကျဉ်းကျ အလုပ်သမားဟောင်းကြီးများကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အလုပ်သမားရေးရာကော်မတီနှင့် လူ့ဘောင်သစ်လူငယ်တို့က သွားရောက်တွေ့ဆုံအားပေးခဲ့ကြပါသည်။ DPNS အလုပ်သမားရေးရာကော်မတီတာဝန်ခံ ဦးငွေလင်းက အလုပ်သမားများ၏ တောင်းဆိုချက် ၉ ချက်မှာ တကယ့်အခြေခံ အခွင့်အရေးများသာဖြစ်ကြောင်း၊ မပေးဘဲ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး သက်သက်မဲ့ ညစ်ပတ်နေခြင်းဖြစ်ကြောင်း၊ တဖက်က အလုပ်ရှင်နှင့်ညှိိနှုင်းရန် ပြင်ထားပြီး တောင်းဆိုချက်များရရှိသည်အထိ ညီညီညွတ်ညွတ်နှင့် သပိတ်ဆက်မှောက်သွားကြရန်လိုကြောင်း၊ မိမိတို့အင်အားစုအသီးသီးအနေနှင့် အတတ်နိုင်ဆုံး ဝန်းရံပေးသွားမည်ဖြစ်ကြောင်း အကြံပြု ဆွေးနွေးခဲ့ပါသည်။ ပါတီကိုယ်စား အလှူငွေလည်း ပေးအပ်ခဲ့ပါသည်။ အလုပ်သမားများကလည်း ယခုလို လာရောက်ဝန်းရံကူညီကြသည်ကို ကျေးဇူးတင်ရှိကြောင်း၊ မရမချင်း ဆက်တိုက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ကြပါသည်။

[ngg src=”galleries” ids=”718″ display=”basic_thumbnail”]