ရွေးကောက်ပွဲဥပဒေများကို ပြင်ဆင်သည့် ဥပဒေကြမ်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၇- ၉- ၂၀၁၉။ ရန်ကုန်။

ပုဇွန်တောင်မြို့နယ်ရှိ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း (YSPS)၏ အစည်းအဝေးခန်းမတွင် ၇၊၉၊၂၀၁၉ ရက်နေ့ နံနက် ၉း၃၀ နာရီမှ ညနေ ၃း၃၀ နာရီအထိ အလုပ်ရုံဆွေးနွေးပွဲတခုပြုလုပ်ရာ ပါတီမှ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်း တက်ရောက်ခဲ့ပါသည်။
ဆွေးနွေးပွဲသည် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပဉ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)၊ အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေ ပဉ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)၊ တိုင်းဒေသကြီးနှင့်ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ ပဉ္စမအကြိမ် ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)တို့ကို လေ့လာကြပြီး မူကြမ်းအတိုင်း ထားသင့်သည်များ၊ ပြင်ဆင်ဖြည့်စွက်လိုသည်များ၊ ဖြုတ်ချပယ်ဖျက်လိုသည်များ၊ သီးခြားအကြံပြု ဖြည့်စွက်လိုသည်များကို ဆွေးနွေးစုစည်းကြခြင်း ဖြစ်ပါသည်။
ဆွေးနွေးပွဲကို ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း (YSPS)က ကမကထပြု ဖိတ်ကြားဆောင်ရွက်ခြင်းဖြစ်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ စည်းလုံးညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အဖွဲ့ဝင်အဖွဲ့အစည်းများ၊ Myanmar Legal Aid Network(MLAW)၊ Myammar Justice Center(MJC) နှင့် New Myanmar Foundation(NMF) အပါအဝင် လူထုအခြေပြုအရပ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြပါသည်။
တက်ရောက်သူများက ဒီမိုကရေစီစံနှုန်း၊ လူ့အခွင့်အရေးစံနှုန်း၊ ဖက်ဒရယ်ပြည်ထောင်စုစံနှုန်း၊ အားလုံးပါဝင်နိုင်မှု စံနှုန်းများအပေါ် အခြေခံပြီး မူကြမ်းများကို ဆန်းစစ်ခြင်း၊ ဖြည့်စွက်ခြင်း၊ အကြံပြုခြင်းများ ပြုလုပ်ခဲ့ကြပါသည်။
ဆွေးနွေးပွဲ၏ စုစည်းရရှိချက်များကို ၁၆၊ ၉၊ ၂၀၁၉ ရက်နေ့တွင် ထပ်မံဆွေးနွေး အချောပြုစုကြပြီး လာမည့် ပြည်သူ့လွှတ်တော်အစည်းအဝေးသို့ ပေးပို့တင်ပြ အကြံပြုသွားကြမည် ဖြစ်ပါသည်။

[ngg src=”galleries” ids=”668″ display=”basic_thumbnail”]