?

ဧရာဝတီတိုင်းဒေသကြီး စည်းရုံးရေးကော်မတီနှင့် အထွေထွေအတွင်းရေးမှူး တွေ့ဆုံဆွေးနွေး

ပါတီလှုပ်ရှားမှုများ

၂၉- ၉- ၂၀၁၆ ရက်နေ့တွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးငွေလင်းသည် ဧရာဝတီတိုင်းဒေသကြီး စည်းရုံးရေးကော်မတီရုံး၌ တိုင်းစည်းများနှင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။ ဆွေးနွေးပွဲသို့ တိုင်းစည်းရုံးရေးကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ဦးငွေလင်းက ဗဟိုစည်းရုံးရေးကော်မတီ အစည်းအဝေးရရှိချက်၊ ပါတီတည်ဆောက်ရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ရရှိချက်များကို အခြေခံပြီး ပါတီဋ္ဌာနချုပ် နောက်ဆုံးစုစည်းချက်များကို မိတ်ဆက်ပေးပါသည်။
ယနေ့ကာလ အခြေအနေတခုလုံးအပေါ် ထားရမည့်သဘောထား၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထားရမည့်သဘောထား၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရသစ်အပေါ် ထားရမည့်သဘောထား၊ လယ်သမားအရေး ဆောင်ရွက်ရန် ပြင်ဆင်ထားမှုများ၊ ပါတီ၏အခန်းကဏ္ဍနှင့် ၂၀၂၀ ပါတီမျှော်မှန်းချက်၊ ပါတီတည်ဆောက်ရေးဆိုင်ရာ အခြေခံ စဉ်းစားချက်များကို မိတ်ဆက်ပေးပါသည်။ ဧရာဝတီတိုင်းဒေသကြီး စည်းရုံးရေးကော်မတီဝင်များကလည်း ဒေသဆိုင်ရာ နောက်ဆုံးအခြေအနေများနှင့် ဆောင်ရွက်ထားမှုများကို တင်ပြကြပါသည်။
ဆက်လက်ပြီး ၂၀၁၆ ခုနှစ်အတွင်း ယခုအထိ ဖွဲ့စည်းပြီး မြို့နယ်စည်းကော်မတီများ ပြန်လည်စိစစ်စုဖွဲ့ပေးရန်၊ ဧရာဝတီတိုင်းဒေသကြီး စည်းကော်မတီ ပြန်လည်စုဖွဲ့ရန်၊ အထက်အောက်စီးဆင်းမှု ရှင်သန်နေစေရေးအတွက် ကြိုးပမ်းသွားရန် စသည့် လတ်တလောလုပ်ဆောင်သွားရန် လုပ်ငန်းများကို ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။