သခင်ဗဟိန်း နှစ်တစ်ရာပြည့်အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ပါတီလှုပ်ရှားမှုများ

သခင်ဗဟိန်း(၁၉၁၇-၂၀၁၇) နှစ်တစ်ရာပြည့် အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ ယုဒဿန်ခန်းမတွင် ၂၇- ၆-၂၀၁၇ ရက် နေ့လည်မှ ညနေပိုင်းအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ရာပြည့်အခမ်းအနားကျင်းပရေးကော်မတီ နာယကတစ်ဦးဖြစ်သည့် ဆရာဦးအံ့မောင်(မုံရွာ) ပေးပို့သည့် ဂုဏ်ပြုအမှတ်တရစာကို ဖတ်ကြားခဲ့ပါသည်။ ကိုကိုးကျွန်းပြန်ရဲဘော်ကြီးဦးဖေအောင်၊ ဖက်ဆစ်တော်လှန်ရေးကာလ သခင်ဗဟိန်းနှင့် လုပ်ဖော်ကိုင်ဘက်ဟောင်း ဦးဝင်းနိုင်(ဖြူး)တို့ကလည်း သခင်ဗဟိန်း၏ နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်တော်လှန်ရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေး၊ လွတ်လပ်ရေးတို့အတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ပုံများကို အမှတ်တရ ဂုဏ်ပြုပြောကြားခဲ့ကြပါသည်။ မြနန္ဒာစာအုပ်တိုက်က ပြုစုသည့် အမျိုးသားညီညွတ်ရေးဗိသုကာ သခင်ဗဟိန်းစာတမ်းကို ကိုကိုးကျွန်းပြန်ဦးကျော်စိုးက ဖတ်ကြားတင်သွင်းခဲ့ပြီးနောက် သမိုင်းမှတ်တမ်းခွေကိုလည်း ပြသခဲ့ပါသည်။ ထို့နောက် နိုင်ငံရေး ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကိုကျော်ကိုကို(SDUF)က ကျောင်းသားခေါင်းဆောင်ကိုဗဟိန်း၊ ဦးအောင်မိုးဇော်(ဥက္ကဋ္ဌ-လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)က ဒို့ဗမာအစည်းအရုံးခေါင်းဆောင်သခင်ဗဟိန်း၊ ဆရာခမ်းဝင်းက အမျိုးသားသွေးစည်းညီညွတ်ရေးဗိသုကာရဲဘော်ဗဟိန်း ခေါင်းစဉ်များဖြင့် ဟောပြောဆွေးနွေးခဲ့ကြပါသည်။ အခမ်းအနားကျင်းပရေးကော်မတီကိုယ်စား ကျေးဇူးတင်စကားကို ဦးငွေလင်း(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ)က ပြောကြားပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ အဖွဲ့အစည်းအသီးသီးကပေးပို့သော ဂုဏ်ပြုသဝဏ်လွှာများကိုလည်း မှတ်တမ်းတင်ခဲ့ပါသည်။ အခမ်းအနားသို့ ရွှေဝါရောင်သံဃာတော်များ၊ ဆရာကြီးခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ညီညွတ်သောအမျိုးသားဒီမိုကရေစီအဖွဲ့၊ ကရင်အမျိုးသမီးအစည်းအရုံး၊ ဒီမိုကရေစီနှင့်ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ဗမာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်၊ တောင်သူလယ်သမားကွန်ရက် အစရှိသည့် အဖွဲ့အစည်းများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် သခင်ဗဟိန်းကိုချစ်ခင်လေးစားသူများ စုစုပေါင်း ၃၀ဝ ခန့် တက်ရောက်ခဲ့ကြပါသည်။

[ngg_images source=”galleries” container_ids=”223″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]