လက်ရှိ နိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ သတင်းထုတ်ပြန်ချက်

ပါတီလှုပ်ရှားမှုများ

လက်ရှိနိုင်ငံရေးအခြေအနေအရပ်ရပ်အပေါ် အမြင်အယူအဆ သဘောထားများ ဆွေးနွေးညှိနှိုင်းပွဲတရပ်ကို ၂၀၁၇ ခုနှစ် သြဂုတ်လ၊ ၂၇-၂၈-၂၉ ရက်နေ့များတွင် ပုဇွန်တောင်မြို့နယ် မဟာဗန္ဓုလလမ်းနှင့် ၅၇ လမ်းထောင့်ရှိ လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဋ္ဌာနချုပ်ရုံးတွင် ပြုလုပ်ခဲ့ကြပါသည်။

ဤဆွေးနွေးညှိနှိုင်းပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆိုရှယ်ဒီမိုကရက်တစ်ညီညွတ်ရေးတပ်ဦး၊ ဆရာကြီးသခင် ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၇၄-၇၅-၇၆ နိုင်ငံရေးအင်အားစု၊ ကိုကိုးကျွန်းပြန် နိုင်ငံရေးအင်အားစု၊ ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့၊ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက်၊ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂ၊ ဗမာနိုင်ငံလုံး ဆိုင်ရာ တောင်သူလယ်သမားကွန်ရက်၊ နိုင်ငံရေးအကျဉ်းသားဟောင်းများကွန်ရက်(အထက်ဗမာပြည်)၊ ဉာဏ်လင်းသစ် သုတေသနစာကြည့်တိုက်၊ စစ်မှန်သောပြည်သူ့ကျေးကျွန်အဖွဲ့၊ လူ့ဘောင်သစ်လူငယ်၊ ၉၆-၉၈ ကျောင်းသားလှုပ်ရှားမှုမှ ကျောင်းသူ-ကျောင်း သားများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ ပူးပေါင်း၍ အထူးဖိတ်ကြားသူများအဖြစ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ဗကသများအဖွဲ့ချုပ်နှင့် နိုင်ငံရေးလေ့လာသုံးသပ်သူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုသည် ပြန့်ကျဲလျက်ရှိပြီး တိုင်းပြည်အား ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်း ညီညွတ်ရေး လမ်းကြောင်းပေါ်သို့ ခိုင်ခိုင်မာမာ သယ်ဆောင်ရောက်ရှိနိုင်ရေးအတွက် အကျပ်အတည်းများ၊ စိန်ခေါ်မှုများနှင့် ကြုံတွေ့နေရသည်ဟု ဆွေးနွေးညှိနှိုင်းပွဲက သုံးသပ်ကြပါသည်။
ဒီမိုကရက်တစ်အင်အားစုများအနေဖြင့် ယနေ့ကာလတွင်
(က) ဆက်စပ် စုစည်း စုဖွဲ့မှုအရလည်းကောင်း
(ခ) ၎င်းမှတဆင့် တိုးတက်သည့်ဒီမိုကရက်တစ် နိုင်ငံရေးလှုပ်ရှားမှုများ ဖေါ်ဆောင်ရာတွင်လည်းကောင်း
အရှိန်မြှင့်၍ အကောင်အထည်ဖေါ်ဆောင်ရွက်ရန် မြန်မာ့လူ့အဖွဲ့အစည်း၏ နိုင်ငံရေးအခြေအနေအရပ်ရပ်က အရေးတကြီး တောင်းဆိုနေကြောင်း ယခုဆွေးနွေးပွဲတွင် သုံးသပ်ခဲ့ကြပါသည်။

ထို့ကြောင့် ဒီမိုကရက်တစ်အင်အားစု အသီးသီးအကြား ဆက်စပ်မှု၊ စုစည်းမှုများကို ပိုမို ကျယ်ပြန့်စွာ ဆက်လက် ဆောင်ရွက် သွားရန်၊ ဆက်စပ်မှုရှိရှိ စုစည်းမှုရှိရှိဖြင့် တိုးတက်သည့် ဒီမိုကရက်တစ်နိုင်ငံရေးလှုပ်ရှားမှုများ အားကောင်းစွာ ပေါ်ပေါက်လာရေး ကြိုးပမ်းသွားရန်၊ ထိုသို့ကြိုးပမ်းပြီး အကောင်အထည်ဖေါ်ကြရာ၌လည်း နိုင်ငံရေးအရ နည်းနာကြွယ်ကြွယ်၊ ခြေလှမ်းရှိရှိ၊ လက်ဦးမှုရှိရှိ ကိုယ်ပိုင်လမ်းစဉ်၊ လုပ်ငန်းစဉ်များဖြင့် ထိုးထွင်းရှေ့ဆက်သွားရန်၊ ထိုမှတဆင့် ကာလတခုတွင် တိုးတက်သည့် ဒီမိုကရက်တစ် အင်အားစုတစ်ရပ်အား အခိုင်အမာတည်ဆောက်ပြီး ယနေ့ကာလ နိုင်ငံရေးတာဝန်များကို ကြိုးပမ်းဆောင်ရွက်သွားရန် ရည်ရွယ်ထားကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

လက်ရှိ နိုင်ငံရေးအခြေအနေဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ

[ngg_images source=”galleries” container_ids=”254″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]