ရှမ်းပြည်ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့ နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနား

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ ဒီဇင်ဘာ ၁၁။ နောင်ထောဝ်၊ ရှမ်းပြည်နယ်။

ရှမ်းပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးအဖွဲ့(ရလလဖ)၏ “ရှမ်းပြည်ပဒေသရာဇ်စနစ် ဆန့်ကျင်တော်လှန်ရေးနေ့” နှစ် ၇၀ ပြည့် အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၉၊ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် ရှမ်းပြည်နယ်၊ နောင်ထောဝ်၌ ကျင်းပခဲ့ပါသည်။

၎င်းအခမ်းအနားသို့ ပါတီက ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် လူမျိုးပေါင်းစုံ ပြည်သူများ၏ အကျိုးအတွက် ကြိုးပမ်းဆောင်ရွက်နေသဖြင့် တူညီသော ဘုံဦးတည်ချက်များရှိသည့် မိမိတို့အဖွဲ့အစည်း (၂) ဖွဲ့သည် ချစ်ကြည်ရင်းနှီးသော မဟာမိတ်များအဖြစ် လွန်ခဲ့သည့် (၂၆) နှစ်ကျော်ကာလကပင် အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ကြသည်ကို ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ ထိုချစ်ကြည်ရင်းနှီး ပူးပေါင်းမှုကို ထိန်းသိမ်းလျက် လူမျိုးပေါင်းစုံပြည်သူများ၏ လွတ်လပ်မှု၊ တရားမျှတ တန်းတူမှုနှင့် သွေးစည်းချစ်ကြည်မှုများ တိုးတက်ခိုင်မာလာစေရေးကို နောင်အရှည်အမြင့် အတူလက်တွဲ ပူးပေါင်းဆောင်ရွက်သွားနိုင်ကြမည်ဟု မျှော်လင့်ယုံကြည်ကြောင်း၊ မြန်မာနိုင်ငံရှိ လူမျိုးပေါင်းစုံပြည်သူများသည် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုသစ်ကို တည်ဆောက်ရန် ကြိုးပမ်းနေကြသော်လည်း ၂၀ဝ၈ အခြေခံဥပဒေက အတားအဆီးအဖြစ် တည်ရှိနေကြောင်း၊ မြန်မာနိုင်ငံ လူမျိုးစုံပြည်သူတရပ်လုံး၏ မျှော်လင့်ချက်များ ပြည့်ဝစေရေးအတွက် မိမိတို့အဖွဲ့အစည်းနှစ်ဖွဲ့အကြားရှိ ချစ်ကြည်ရင်းနှီးမှုကို အခြေခံလျက် အရှည်သဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက မျှော်လင့်ပါကြောင်း ဖော်ပြပါရှိပါသည်။

၎င်းအခမ်းအနားသို့ နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအသင်းအဖွဲ့များ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ခဲ့ကြပါသည်။ DPNS တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဦးတိုးတိုးထွန်းနှင့် လူ့ဘောင်သစ်လူငယ် ကိုထက်နိုင်လင်းတို့လည်း အခမ်းအနားတက်ရောက်ပြီး မိမိတို့ပါတီ၏ သဘောထားအမြင်ကို ပြောကြားခဲ့ပါသည်။

[ngg src=”galleries” ids=”740″ display=”basic_thumbnail” thumbnail_width=”160″ thumbnail_crop=”0″]