“ ရခိုင်အရေးသည် ပြည်ထောင်စုအရေး ဖြစ်သည် ” ရခိုင်ပြည်နယ် လေ့လာရေးခရီးစဉ် သွားရောက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

ဇွန်၊ ၁၈၊ ၂၀၁၉။ စစ်တွေမြို့။


“ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်” ခေါင်းစဉ်ဖြင့် ငြိမ်းချမ်းရေးစကားဝိုင်းကို ၂၀၁၉၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင်လည်းကောင်း၊ “စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းကို ၂၀၁၉၊ ဇွန်လ ၂ ရက်နေ့တွင်လည်းကောင်း ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းဆွေးနွေးပွဲများ၏ နောက်ဆက်တွဲလှုပ်ရှားမှုအဖြစ် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်(UNA)၊ ညီညွတ်သော အမျိုးသားဒီမိုကရေစီအဖွဲ့(UNDO)၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄-၇၅-၇၆ နိုင်ငံရေး အင်အားစု၊ လူ့ဘောင်သစ်ဒီမိုကရစ်တစ်ပါတီ(DPNS)၊ လူ့ဘောင်သစ်လူငယ်(YNS)၊ မြန်မာနိုင်ငံ ကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂမျာအဖွဲ့ချုပ်တို့မှ ကိုယ်စားလှယ် ၁၄ ဦး ပါဝင်သည့်အဖွဲ့သည် ဇွန်လ ၁၇ ရက်နေ့မှ ၂၁ ရက်နေ့အထိ ရခိုင်ပြည်နယ်လေ့လာရေးခရီးစဉ်ကို သွားရောက်ခဲ့ကြပါသည်။

လေ့လာရေးအဖွဲ့သည် ဇွန်လ ၁၈ ရက်နေ့ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးသို့ သွားရောက်ခဲ့ကြရာ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင်၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးအောင်ကျော်ဇံ၊ စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်တို့က လက်ခံတွေ့ဆုံခဲ့ကြပါသည်။ တွေ့ဆုံရာတွင် လေ့လာရေးအဖွဲ့ လာရောက်ရသည့် ရည်ရွယ်ချက်၊ ရခိုင်ဒေသတွင် လက်ရှိဖြစ်ပွါးနေသော အခြေအနေများနှင့် ပတ်သက်၍ အစိုးရအဖွဲ့၏ ဆောင်ရွက်ထားရှိမှုများ၊ ရှေ့လုပ်ငန်းစဉ်များ စသည်တို့ကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

နေ့လည်ပိုင်းတွင် စစ်တွေဒေသခံလူထုနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် စီစဉ်ထားခဲ့သော်လည်း ထွေအုပ်နှင့် နယ်လုံဝန်ကြီးတို့၏ တားမြစ်ဖိအားပေးမှုကြောင့် ပြုလုပ်နိုင်ခဲ့ခြင်း မရှိပေ။

လေ့လာရေးအဖွဲ့သည် ညနေပိုင်းတွင် ရခိုင်ပြည်နယ်လွှတ်တော်ရုံးသို့ သွားရောက်ခဲ့ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှက လက်ခံတွေ့ဆုံခဲ့ပါသည်။ ယင်းသို့တွေ့ဆုံရာတွင် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ဖြစ်ပွားခဲ့သောဖြစ်စဉ်များ၊ တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံများ နေရပ်စွန့်ခွာမှုနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်မှ ဆောင်ရွက်နေမှု၊ လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများကြောင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်မည့် ရခိုင်ပြည်နယ်စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးဆိုင်ရာအခြေအနေများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

[ngg src=”galleries” ids=”612″ display=”basic_thumbnail”]