မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံးသတ်မှတ်ကြေညာပေးရန် နိုင်ငံရေးပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀ဝ ကျော် တောင်းဆို

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ


Daily ELEVEN Newspaper (5-6-2019)

ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံးသတ်မှတ်ကြေညာပေးရန် နိုင်ငံရေးပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀ဝ ကျော်က ဇွန် ၂ ရက်တွင် ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့ အနော်ရထာလမ်းနှင့် ဗိုလ်တထောင်ဘုရားလမ်းထောင့်ရှိ ရာမခရစ်သျှနာခန်းမတွင် ဇွန် ၂ ရက်က “ရခိုင်အရေးသည် ပြည်ထောင်စုအရေး ဖြစ်သည်” ဟူသော ခေါင်းစဉ်ဖြင့် ပြုလုပ်သော နိုင်ငံရေးစကားဝိုင်းတွင် နိုင်င်္ငံရေးပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းပေါင်း ၁၀ဝ ကျော်တို့က ပူးတွဲသဘောထားကြေညာချက်ထုတ်ပြန်ကာ ထိုသို့ တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

ရခိုင်အမျိုးသားများအပါအဝင် တိုင်းရင်းသားများက စစ်ရေးအရ တိုက်ခိုက်နေရခြင်းသည် ဒီမိုကရေစီရေး၊ တန်းတူအခွင့်အရေး ရရှိရေးအတွက် ခုခံတော်လှန်နေကြသော နိုင်ငံရေးပြဿနာများကြောင့်သာဖြစ်ပြီး တိုက်ပွဲများရပ်တန့်ရေးအတွက် အင်အားကြီးသည့် တပ်မတော်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)ကလည်း အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးရန် ၄င်းတို့က တောင်းဆိုသည်။

တပ်မတော်က တိုင်းစစ်ဌာနချုပ်နယ်မြေငါးခုတွင် အပစ်အခတ်ရပ်စဲရေး ကြေညာရာတွင်လည်းကောင်း၊ အပစ်ရပ်ကာလ သက်တမ်းတိုးမြှင့်ရာတွင်လည်းကောင်း ရခိုင်ဒေသကို ချန်လှပ်ထားခြင်းမှာ တရားမျှတမှုမရှိဟု ယူဆကြောင်း နိုင်ငံရေးပါတီအချို့နှင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ပူးတွဲသဘောထားကြေညာချက်တွင် ဖော်ပြခဲ့ပြီး လက်ရှိဖြစ်ပေါ်နေသော ပြဿနာများကို နိုင်ငံရေးပြဿနာအဖြစ် လက်ခံ၍ လွတ်လပ်မှု၊ တန်းတူမှု၊ အပြန်အလှန်လေးစားမှု၊ တရားမျှတမမှု အခြေခံများဖြင့် နိုင်ငံရေးစကားဝိုင်းတွင် အမြန်ဆုံးဆွေးနွေးအဖြေရှာရန် လိုအပ်ကြောင်း ၄င်းတို့၏ ပူးတွဲသဘောထားကြေညာချက်တွင် ဖော်ပြခဲ့သည်။

နိုင်ငံတကာနှင့် ဒေသဆိုင်ရာ နိုင်ငံကြီးများသည် ၄င်းတို့၏ နိုင်ငံရေး၊ စီးပွားရေး မဟာဗျူဟာရည်မှန်းချက်များဖြင့် အပြိုင်အဆိုင် လှုပ်ရှားဆောင်ရွက်နေကြချိန်တွင် မြန်မာနိုင်ငံအနေဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသားသွေးစည်းညီညွတ်ရေးဖြင့် အခွင့်အလမ်းကောင်းများ ရယူကြရမည်ဖြစ်ပြီး ထိုသို့မဟုတ်ပါက အဘက်ဘက်က ဘေးအန္တရာယ်ဆိုးများ ကျရောက်သော တိုင်းပြည်ဖြစ်သွားနိုင်သည့် အခြေအနေကို ပြည်သူအားလုံး အထူးသတိပြုကြရမည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် NCA ၊ ၂၁ ရာစု ပင်လုံသာမက နိုင်ငံရေးအင်အားစုအားလုံး ပါဝင်နိုင်သည့် အခြားဖြစ်နိုင်ခြေ နည်းလမ်းပေါင်းစုံကို လက်ခံပြီး ဆွေးနွေးအဖြေရှာကြရန်၊ သတင်းမီဒီယာများအား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပြုရန်၊ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဘာသာရေးခေါင်းဆောင်များ စသည့် ကိုယ်စားလှယ်များဖြင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရန်ကိုလည်း ၄င်းတို့က တောင်းဆိုခဲ့ကြသည်။

အဆိုပါ ပူးပေါင်းသဘောထားကြေညာချက်ကို ရခိုင်ဒီမိုကရစီအဖွဲ့ချုပ်(ALD)၊ စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)၊ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၊ ကယန်းပြည်သစ်ပါတီ၊ ကရင်အမျိုးသမီးအစည်းအရုံး၊ အသံ၊ ကယန်းအမျိုးသားပါတီ စသည့် နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများ စုစုပေါင်း ၁၂၂ ဖွဲ့တို့က စုပေါင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။