ဗိုလ်မှူးကြီးဗထူး ရာပြည့်အခမ်းအနားကျင်းပ

ပါတီလှုပ်ရှားမှုများ

ဗိုလ်လ်မှူးကြီးဗထူး ရာပြည့်အခမ်းအနားကို ၁၇- ၇- ၁၆ ရက် နေ့လည်က အမှတ် (၁၆)၊ နတ်မောက်လမ်း၊ တာမွေမြို့နယ်ရှိ ဗိုလ်မှူးဘရှင် ရည်ညွှန်းစာကြည့်တိုက်တွင် ကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ကျင်းပရေးကော်မတီဝင် ဒေါက်တာလှမြင့်က ရာပြည့်ပွဲကျင်းပရခြင်း အကြောင်းရင်းကို ရှင်းပြခဲ့ပါသည်။ ထို့နောက် မြန်မာနိုင်ငံစာရေး ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဆရာထက်မြက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်း၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ရက်မှ ဦးထွန်းဝင်းငြိမ်းတို့က အမှတ်တရစကားများ ပြောကြားခဲ့ကြပြီး ဆရာအောင်ဇင်မင်း၊ ဆရာမ မအိတို့က ကဗျာရွတ်ဆို ဂုဏ်ပြုခဲ့ကြပါသည်။
ပါတီအထွေထွေအတွင်းရေးမှူး ဦးငွေလင်းက အမှတ်တရစကား ပြောကြားရာတွင် ဗိုလ်မှူးကြီးဗထူးသည် နယ်ချဲ့ဆန့်ကျင်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးသမိုင်းတွင် စံထားထိုက်သည့် တပ်မှူးကြီး တဦးဖြစ်ကြောင်း၊ ကိုယ်ကျိုးမဖက်ဘဲ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ်ပေးဆပ်ခဲ့သော သူရဲကောင်းအာဇာနည် တဦးလည်းဖြစ်ကြောင်း၊ ပြည်သူ့တပ်မတော်အတွက် ဂုဏ်ယူထိုက်သည့် ပုဂ္ဂိုလ်၏ နှစ်တရာပြည့်နေ့အပေါ်  အလေးအမြတ်ထားဂုဏ်ပြုမှု နည်းပါးနေသည်ကို တွေ့ရသည့်အတွက် မိမိအနေဖြင့်  စိတ်မကောင်းဖြစ်မိကြောင်း၊ ဗိုလ်မှူးကြီးဗထူးတို့ခေတ်က တပ်မတော်သည် ပြည်သူတွေ၏ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးသည့် ပြည်သူ့ တပ်မတော် ဖြစ်ခဲ့ကြောင်း၊ ဗိုလ်နေဝင်းလက်ထက်မှာ တပ်ကို ဗိုလ်နေဝင်း၏ တလက်ကိုင်တပ်အဖြစ် ဖျက်ဆီးပစ်ခဲ့ကြောင်း၊ ဗိုလ်မှူးကြီးဗထူးကဲ့သို့သော ပြည်သူတွေက တသသ လွမ်းကျန်ရစ်ရမည့် တပ်မတော်သားကောင်းများ၊ တပ်မှူးကောင်းများ ပေါ်ထွက်လာစေရန် မိမိတို့ခေတ်တပ်ကို ဝိုင်းဝန်းတည့်မတ် ပြုပြင်ပေးကြရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားပြီး ဂုဏ်ပြုခဲ့ပါသည်။