ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ

ပါတီလှုပ်ရှားမှုများ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုစည်းရုံးရေးကော်မတီနှင့် ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီမှ တာဝန်ရှိသူများသည် ၂၀၁၆ ဧပြီလ ၂၀ ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ဆိပ်ကမ်းသာလမ်းရှိ ပါတီဌာနချုပ်ရုံးခန်းတွင် တွေ့ဆုံဆွေးနွေးခဲ့ကြပါသည်။

ဆွေးနွေးမှုတွင် လူ့ဘောင်သစ်ဒိီမိုကရက်တစ်ပါတီ အထွေထွေအတွင်းရေးမှူး ဦးငွေလင်းက အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသော ဗကသများအဖွဲ့ချုပ်ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ၊ ဝန်းရံပြည်သူများကို မိမိတို့ပါတီက လှိုက်လှိုက်လှဲလှဲ ကြိုဆိုဂုဏ်ပြုပါကြောင်း ဦးစွာ ပြောကြားခဲ့ပါသည်။

၎င်းနောက် လက်ရှိဖြစ်ထွန်းနေသော နိုင်ငံရေးအခြေအနေများသည် များစွာရှုပ်ထွေးလျက်ရှိကြောင်း၊ ဗကသများအဖွဲ့ချုပ်နှင့် အာဏာရပါတီတို့အကြား ယုံကြည်မှု ထိခိုက်ပျက်ပြားသွားစေရန် ပြောဆိုရေးသားနေမှုများ ရှိနေသည်ကို အမြော်အမြင်ကြီးကြီးဖြင့် ကျော်လွှားသွားကြရမည်ဟု ပါတီဘက်က အကြံပြုလိုပါကြောင်း၊ သမိုင်းအဆက်ဆက် တာဝန်ကြေခဲ့သည့် ဗကသများအဖွဲ့ချုပ်၏ အစဉ်အလာအတိုင်း ဆက်လက်ကြိုးပမ်းသွားကြလိမ့်မည်ဟု ယုံကြည်ပါကြောင်း အလေးအနက်ထား တင်ပြပြောဆိုခဲ့ပါသည်။

ဗကသများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး မဖြိုးဖြိုးအောင်ကလည်း ပါတီက ယခုကဲ့သို့ တန်ဖိုးထားဖိတ်ကြားဆွေးနွေးသည်ကို ကျေးဇူးအထူးတင်ပါကြောင်း ဦးစွာ ပြောဆိုပြီး ဗကသများအဖွဲ့ချုပ်၏ သဘောထားရပ်တည်ချက်များကို ပြန်လည်ရှင်းလင်းတင်ပြပေးခဲ့ပါသည်။

ကိုသီဟဝင်းတင်၊ ကိုမင်းသွေးသစ်နှင့် မဟန်နီဦးတို့ကလည်း လက်ရှိနိုင်ငံရေးအခြေအနေများနှင့် လတ်တလော ဆောင်ရွက်ရန် ရည်ရွယ်ထားသည်များကို ဆက်လက်ဆွေးနွေးပေးကြပါသည်။

ထို့နောက် နှစ်ဖက်တာဝန်ရှိသူများက လက်ရှိနိုင်ငံရေးအခြေအနေများကို စဉ်ဆက်မပြတ် လေ့လာသွားကြရန်နှင့် အခါအားလျော်စွာ တွေ့ဆုံကြပြီး အမြင်ဖလှယ်သွားကြရန် သဘောတူခဲ့ကြပါသည်။