တောင်သူလယ်သမားညီလာခံနှင့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အခမ်းအနား

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

၂၀၁၉၊ ဒီဇင်ဘာ ၂၁-၂၂။ ရန်ကုန်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၁၊ ၂၂ ရက်နေ့များတွင် ဒဂုံမြို့သစ်အရှေ့ပိုင်း၊ မကွေးပရိယတ္တိစာသင်တိုက်၌ တောင်သူလယ်သမားညီလာခံနှင့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အခမ်းအနားတရပ်ကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုညီလာခံသို့ တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၀ ခု ရှိ မြို့နယ် ၄၀ မှ တောင်သူလယ်သမားကိုယ်စားလှယ်များ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ ၁၉၇၄၊ ၇၅၊ ၇၆ နိုင်ငံရေးအင်အားစု အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ စုစုပေါင်း ၁၃၀ ကျော် တက်ရောက်ခဲ့ကြပါသည်။
ထိုညီလာခံသို့ DPNS ပါတီကိုယ်စား ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးငွေလင်း တက်ရောက်၍ ပါတီ၏ တောင်သူလယ်သမားများနှင့် မြေယာပြဿနာများအပေါ်ထားရှိသည့် သဘောထားများကို ဆွေးနွေးခဲ့ပြီး ပါတီမှပေးပို့သည့် သဝဏ်လွှာကိုလည်း ဖတ်ကြားခဲ့ပါသည်။
ညီလာခံတက်ရောက်သူများက ခေါင်းစဉ် ၄ ခုအပေါ် အုပ်စု ၄ ခုခွဲပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါသည်။ ဆွေးနွေးမှုရရှိချက်များအပေါ်အခြေခံပြီး ဂဠုန်ဆရာစံဦးဆောင်သည့် တောင်သူလယ်သမားတော်လှန်ရေးကြီး စတင်သည့် ဒီဇင်ဘာ ၂၂ ရက်ကို ဂုဏ်ပြုသည့်အနေဖြင့် တောင်သူလယ်သမားနေ့ဟု တရားဝင်သတ်မှတ်ဂုဏ်ပြုရန်၊ မြေလွတ်မြေလပ်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေသည် တောင်သူလယ်သမားထုအကျိုးစီးပွားကို အကာအကွယ်မပေးနိုင်သည့်အတွက် လုံးဝဖျက်သိမ်းရန်၊ အကြောင်းအမျိုးမျိုးပြပြီး တရားစွဲဆိုထောင်ချထားသော တောင်သူလယ်သမားများကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ရန်နှင့် မတရားသိမ်းဆည်းထားသော လယ်ယာမြေများကို ပိုင်ရှင်အစစ်အမှန်လက်ထဲသို့အရောက် အမြန်ဆုံး ပြန်လည်ပေးအပ်ရန်၊ အမျိုးသားမြေဥပဒေရေးဆွဲရေးလုပ်ငန်းစဉ်တွင် တောင်သူလယ်သမားများအပါအဝင် လူထုအသံ၊လူထုသဘောထား ပါဝင်မှုမရှိသေးသည့်အတွက် ယာယီရပ်ဆိုင်းထားရန် စသည့်အချက် ၄ ချက်ကို ညီလာခံကြီးမှ တညီတညွတ်တည်း ဆုံးဖြတ်တောင်းဆိုခဲ့ကြပါသည်။

[ngg src=”galleries” ids=”750″ display=”basic_thumbnail” thumbnail_width=”160″ thumbnail_crop=”0″]