ဒီမိုကရေစီအခြေအနေများ ပိုမိုပြည့်စုံမှသာ တိုင်းပြည်တခုလုံး၏ လုံခြုံရေးကို အာမခံနိုင်လိမ့်မည်

အမြင်သဘောထား

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၈ / ၂၀၁၉)

နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးနှင့် လုံခြုံရေးဌာနကြီးက ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ၊ ၁၆ ရက်နေ့ နေ့စွဲနဲ့ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းတွေ ပြည်ထောင်စုဝန်ကြီးဌာနတွေကို ပေးပို့တဲ့ “ လုံခြုံရေးနှင့် ပတ်သက်ပြီး ဂရုပြုဆောင်ရွက်ရန်ကိစ္စ ”ဆိုတဲ့ လျှို့ဝှက်ညွှန်ကြားချက်တစ်စောင်နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက လုံခြုံရေးနဲ့ပတ်သက်လို့ သူ့နိုင်ငံသားတွေကို သတိပေးကြေငြာချက်တစ်စောင်တို့ဟာ အွန်လိုင်းလူမှုစာမျက်နှာပေါ် ပျံ့နှံ့လာတယ်။
နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးနှင့်လုံခြုံရေးဌာနကြီးရဲ့ လျှို့ဝှက်ညွှန်ကြားချက်ကို ဘယ်သူတွေက ဘာရည်ရွယ်ချက်နဲ့ လူအများ အထိတ်တလန့်ဖြစ်အောင် အွန်လိုင်း လူမှုစာမျက်နှာတွေပေါ် ဖြန့်ထုတ်လိုက်သလဲဆိုတာ စဉ်းစားစရာပါ။
မြန်မာနိုင်ငံရဲ့အစိုးရရုံးစိုက်ရာ နေပြည်တော်အပါအဝင် မြို့ကြီးတွေမှာ တိုက်ခိုက်မှုတွေလုပ်ဖို့ စီစဉ်မှုတွေ ရှိနေတယ်ဆိုတာ သက်ဆိုင်ရာ အဖွဲ့စည်းအသီးသီးက ငြင်းဆိုထားကြတယ်။ စက်တင်္ဘာ ၁၆ – ၁၇ ပူးတွဲထုတ်ပြန်ချက်၊ စက်တင်္ဘာ ၂၂ ရက် ဆွေးနွေးပွဲ ရရှိချက် (၇) ချက်၊ ၂၇ ရက်နေ့ KNU ရဲ့ ကြေညာချက် စတဲ့ သဘောထားတွေကို ထောက်ရင်လည်း ဒီလို ဖြစ်နိုင်စရာရှိတယ်ဆိုတာ အတော်သံသယဖြစ်စရာပါ။
အမှန်တကယ် ပြည်သူလူထုကို သိစေချင်တာဖြင့်ရင် နိုင်ငံတော်သမ္မတရုံးအနေနဲ့ သတင်းစာရှင်းလင်းပွဲကတဆင့် ဖြစ်စေ၊ နိုင်ငံပိုင် သတင်းမီဒီယာများမှ တဆင့်ဖြစ်စေ ပြည်သူလူထုကို အသိပေးတင်ပြရမယ်လိုု့ ယူဆမိပါတယ်။ ဒီလိုသာ စနစ်တကျဆောင်ရွက်ရင် အခုလို ပြည်သူအများစု အထိတ်တလန့် ဖြစ်စရာ မရှိနိုင်လောက်ပါ။
မြို့ရွာအတွင်း၊ ရပ်ကွက်အတွင်း၊ အများပြည်သူအတွင်းမှာတော့ သမ္မတရုံးရဲ့လျှိှု့ဝှက်ညွှန်ကြားချက်နဲ့ အမေရိကန်သံရုံးရဲ့ လုံခြုံရေးဆိုင်ရာ သတိပေးချက်ဟာ ဆွေးနွေးစရာ ပြောစရာဆိုစရာ သတိပြုစရာအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ရပါတယ်။
ဒီနေ့အခြေအနေမှာ တိုင်းပြည်အတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ ပြည်သူအများစုရဲ့ စားဝတ်နေရေး အခြေအနေ ကျပ်တည်းနေချိန် ရှာရဖွေရ ခက်ခဲနေချိန်မှာ တစ်ဘက်က ဒီမိုကကရေစီ အခွင့်အရေးတွေ ပိုမို ဆုတ်ယုတ်လာသလိုမျိုး ရင်ဆိုင်ကြုံတွေ့နေကြရတာ၊ ဒီလို လုံခြုံရေးဆိုင်ရာအခြေအနေ ဆိုးဝါးနေသယောင် သတင်းတွေဟာ အခြေခံပြည်သူတို့ရဲ့ ဘဝတွေကို ကျီးလန့်စာစားအခြေအနေဆီရောက်အောင် ဝါးကူထိုးတာမျိုး ဖြစ်နေပါတယ်။
ဒီနေ့ကာလ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာမှ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝလုံခြုံရေးအခြေအနေတွေ ပိုမိုဆိုးဝါးနေရသလို ဖြစ်နေရတယ်။ အခုလည်း စစ်လက်နက်တွေနဲ့ ပစ်ခတ်ခြိမ်းခြောက်တဲ့ လုံခြုံရေးအန္တရာယ်ပါ ရှိလာသလို ဖြစ်နေတယ်။ ရခိုင်ဒေသဖြစ်ရပ်တွေက သက်သေပါပဲ။
မိမိတို့ပါတီ ပြန်လည်မှတ်ပုံတင်တဲ့အချိန်၊ တိုင်းပြည် စတင်ပွင့်လင်းလာခါစကာလ၊ ပြည်သူအများစုက တိုင်းပြည် ပြောင်းလဲတော့မယ်လို့ မျှော်လင့်ခဲ့ကြတဲ့ကာလ၊ နိုင်ငံရေးပါတီတွေ လက်နက်ကိ်ုင်အင်အားစုတွေ အားလုံးလိုလိုပဲ ငြိမ်းချမ်းရေးအတွက် အားတက်သရော ဝိုင်းဝန်းကြိုးပမ်းနေကြစဉ်ကာလမျိုးမှာတုန်းက အခုလိုမျိုး လက်နက်ကိုင် ခြိမ်းခြောက်မှုမျိုးတွေ မကြားခဲ့ရဖူးပါဘူး။
အခုလိုမျိုး ငြိမ်းချမ်းရေးဖြစ်စဉ် မရေမရာနဲ့ လမ်းပျောက်လုလုဖြစ်နေ၊ တိုင်းပြည်တွင်းမှာလည်း ဒီမိုကရေစီရေး ဖွံ့ဖြိုးတိုးတက်မှုတွေလည်း ရပ်တန့်နောက်ဆုတ်နေသလို ဖြစ်တဲ့အခြေအနေမျိုးမှာ အခုလို အကြမ်းဖက်ခြိမ်းခြောက်မှုမျိုး၊ မလုံခြုံမှုမျိုးတွေ သဘာဝကျကျ ပြည်သူတို့ ကြုံတွေ့လာရတာပဲ ဖြစ်တယ်။ လူထုရဲ့ လူမှုလက်တွေ့မှာ မျှော်လင့်ချက်တွေ မှေးမှိန်ပြီး လမ်းစပျောက်သလို ခံစားကြရတဲ့ အနေအထားဟာ အကြမ်းဖက်မှုတွေ၊ အယုံအကြည်ပျက်မှုတွေ၊ မလုံခြုံမှုတွေ ဆီ တွန်းပို့နေရာရောက်တယ်လို့ ထောက်ပြချင်ပါတယ်။ သမိုင်းမှာ ဖဆပလကွဲ – စစ်အုပ်စုခေါင်းထောင် – ဒီမိုကရေစီ ဘောင်ကျဉ်း – ပြည်တွင်းစစ်တာရှည် – တိုင်းပြည် ပျက်စီး – အမျိုးသားပြိုကွဲမှုဖြစ် – အစိုးရတွေက လူထုကို မကာကွယ်နိုင် – ဘက်ပေါင်းစုံ လုံခြုံမှုမဲ့ ဆိုတဲ့ ဆိုးကျိုးသံသရာ ရှည်ခဲ့ဖူးပါပြီ။ အခုလည်း အစိုးရက လူထုကို အသိမပေးဘဲ အမေရိကန်သံရုံးက သူ့ပြည်သူကို အသိပေးမှ သိခွင့်ရ – အထိတ်တလန့်တွေ၊ အစိုးရိမ်လွန်ကဲမှုတွေ ကြီးရ ဖြစ်လာနေတာဟာ ဖိနှိပ်ကန့်သတ်မှုတွေ၊ ပိုပြီး မလုံခြုံမှုတွေဆီကို တွန်းပို့နေသလို ဖြစ်နေပါတယ်။
ဆိုလိုချင်တာက ငြိမ်းချမ်းရေးဖြစ်စဉ် မျှော်လင့်ချက် ယုတ်လျော့လာလေလေ၊ ဒီမိုကရေစီ ဘောင်ကျဉ်းလေလေ ပြည်သူတို့ရဲ့ နေ့စဉ်ဘဝလုံခြုံရေး (Daily Peace) အပါအဝင် လုံခြုံရေးအခြေအနေတစ်ခုလုံးကို အာမခံနိုင်တဲ့အခြေအနေ ကင်းမဲ့လာလေပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် တာဝန်ရှိ အာဏာပိုင်တွေအနေနဲ့ ပြည်သူ့ဘဝလုံခြုံရေး၊ ကျီးလန့်စာစားအခြေအနေအောက်က လွတ်မြောက်ရေးနဲ့ တိုင်းပြည်တည်ငြိမ်ဖွံ့ဖြိုးရေးတွေကို အသေအချာ အာမခံနိုင်ဖို့ဆိုရင်၊ ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်ကောင်းမွန်လာရေး၊ ဒီမိုကရေစီလွတ်လပ်ခွင့်များ ပိုမိုပွင့်လင်း ထွန်းကားလာရေးတို့ကို အလေးဂရုပြုဆောင်ရွက်သင့်ကြောင်း တင်ပြလိုက်ရပါတယ်။ ။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

၂၀၁၉ ခုနှစ်၊ စက်တင်္ဘာလ (၂၈) ရက်။

[ngg src=”galleries” ids=”684″ display=”basic_thumbnail”]