၅-၁၁-၂၀၁၇ နေ့ထုတ် စံတော်ချိန်နေ့စဉ်၊ အတွဲ ၅၊ အမှတ် ၁၆၄၅

သုံးသပ်ချက် အမြင်သဘောထား

နိုင်ငံရေးပါတီများ လွတ်လပ်စွာရှင်သန်ရေးတွင် အကန့်အသတ်များရှိနေဟု ဝေဖန်
ပါတီစုံဒီမိုကရေစီစနစ်တွင် နိုင်ငံရေးပါတီများ အားကောင်းရန်လိုပြီး လက်ရှိတွင် နိုင်ငံရေးပါတီများ လွတ်လပ်စွာရှင်သန်ရေးအတွက် အကန့်အသတ်များရှိနေကြောင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဝေဖန်လိုက်သည်။
ဝေဖန်ပြောကြား
နိုဝင်ဘာ ၄ ရက်က ရန်ကုန်မြို့ အောခစ်ဟိုတယ်တွင်ပြုလုပ်သည့် “မြန်မာ့နိုင်ငံရေး – ပါတီစုံစနစ်လား၊ တစ်ပါတီစနစ်လား” ခေါင်းစဉ်ဖြင့်ပြုလုပ်သည့် DVB Debate အစီအစဉ်တွင် လူ့ဘောင်သစ်ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဝေဖန်ပြောကြားခြင်းဖြစ်သည်။
ဒီမိုကရေစီနှင့် ဆန့်ကျင်နေ
နိုင်ငံရေးပါတီများ၏ သဘောထားထုတ်ပြန်ချက်နှင့် ကြေညာချက်များ ဥပဒေနှင့်မညီပါက အရေးယူသွား မည်ဟု ယခုရက်ပိုင်းအတွင်း ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက ပြောဆိုထားရာ အဆိုပါအကြောင်းအရာသည် ဒီမိုကရေစီနှင့် ဆန့်ကျင်နေသည်ဟု Debate ဝေဖန်မှုများလည်း ပြုလုပ်ခဲ့သည်။
ရှင်သန်ဖွံ့ဖြိုးဖို့လို
“နိုင်ငံရေးပါတီတွေက ယနေ့အခြေအနေအောက်မှာ လွတ်လွတ်လပ်လပ် ရှင်သန်ဖွံ့ဖြိုးဖို့လိုတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာ အဲဒီအခြေအနေ မရှိသေးဘူး။ နိုင်ငံရေးပါတီတစ်ခု ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ဖို့၊ သူ့ဘာသာ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ ပတ်ဝန်းကျင်ရှိ၊မရှိ စစ်ဆေးရပါလိမ့်မယ်။ ကျွန်တော် ထင်တယ်။ အခုက အကန့်အသတ်တွေ အများကြီး ရှိနေသေးတယ်။ လက်ရှိအစိုးရအနေနဲ့ပဲဖြစ်ဖြစ်၊ တိုင်းပြည်ကိုဦးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ပဲဖြစ်ဖြစ် ဒီကိစ္စကို သေသေချာချာ အလေးအနက်ထားဖို့ လိုတယ်လို့ ကျွန်တော်ထင်တယ်”ဟု ဦးအောင်မိုးဇော်က ပြောဆိုသည်။
သဘောပေါက်ရန်လို
တိုင်းပြည်က စင်စစ် ဒီမိုကရေစီအခြေအနေကို မရောက်ရှိသေးသည်ကို သဘောပေါက်ရန်လိုပြီး ဒီမိုကရေစီ အရေး လုပ်ဆောင်သည့် နိုင်ငံရေးအင်အားစုများနှင့် ဒီမိုကရေစီကို အဟန့်အတားလုပ်လိုသည့် အင်အားစု များကြားတွင် နိုင်ငံရေးပါတီများ ရှင်သန်ဖွံ့ဖြိုးနေရကြောင်းလည်း ၎င်းက ပြောဆိုသည်။
ဥပဒေအများအပြားရှိနေ
အာဏာရNLD အစိုးရအနေဖြင့် နိုင်ငံရေးပါတီများ ရှင်သန်ခွင့်၊ လွတ်လပ်စွာ ရေးသားဖော်ထုတ်ခွင့် များအတွက် ပြင်သင့်ပြင်ထိုက်သည့်ဥပဒေ အများအပြားရှိနေသည်ကို အာရုံစိုက်ရန် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့ ချင်းအမျိုးသားတပ်ဦး ဒု-ဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်းက တိုက်တွန်းသည်။
လုံးဝမလုပ်သင့်
‘လွတ်လပ်စွာစည်းရုံးခွင့်၊ လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာစီတန်းလှည့်လည်ခွင့် အဲဒါမျိုးက တကယ့်ဒီမိုကရေစီရဲ့ အခြေခံတွေ ဖြစ်ပါတယ်။ Statement ထုတ်တယ်ဆိုတာ လွတ်လပ်စွာရေးသားခွင့်၊ နိုင်ငံရေးပါတီထောင်တယ်ဆိုကတည်းက လွတ်လပ်စွာ ရေးသားခွင့်၊ ဟောပြောခွင့်၊ စည်းဝေးခွင့်မရှိဘဲ ဒီနိုင်ငံရေးပါတီက ဘယ်လိုမှ မရပ်တည်နိုင်ဘူး။ ဒီမိုကရေစီကို ဖွင့်တယ်ဆိုပြီးတော့ ဒီမိုကရေစီရဲ့ အခြေခံ အုတ်မြစ်ကို ပြန်လည်ရိုက်ဖျက်နေသလိုပဲ။ အဲဒါမျိုး လုံးဝမလုပ်သင့်ဘူး”ဟု ၎င်းက ပြောဆိုသည်။
သဘောတူ
နိုင်ငံရေးပါတီများ လွတ်လပ်စွာရှင်သန်ခွင့် အကန့်အသတ်၊ အတားအဆီးများရှိခြင်းကို အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၏ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးလွင်ကိုလတ်က သဘောတူသည်။
ပါတီတွေရှင်သန်ရေး
‘အတားအဆီး၊ အကန့်အသတ်ဆိုတာ ဥပဒေဆိုင်ရာ အတားအဆီး၊ အကန့်အသတ်တစ်ခုတည်းမဟုတ်ဘဲ တခြားသော အခြေအနေတွေမှာရှိတဲ့ အတားအဆီးအကန့်အသတ်တွေ အများကြီး ရှိနိုင်တယ်။ အချိန် တစ်ခုမှာတော့ ကျွန်တော်တို့ပြောမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့က ဒီမိုကရေစီကို တန်ဖိုးထား လို့။ ပါတီတွေရှင်သန်ရေးဟာ ဒီမိုကရေစီရဲ့ အသက်ပဲ။ အဲဒါကြောင့် ပါတီတွေ တွေ့နေရတဲ့ အခက်အခဲကို တစ်နေ့ သေချာပေါက် လွှတ်တော်ထဲ ပြောကိုပြောရမယ့်ကိစ္စပဲ”ဟု ၎င်းက ပြောဆိုသည်။
ပါဝင်ဆွေးနွေး
DVB Debate အစီအစဉ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ် ဦးလွင်ကိုလတ်၊ ချင်းအမျိုးသားတပ်ဦး ဒု-ဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မုန်းဆာခေါင်း၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးကျော်မြင့်တို့ ပါဝင်ဆွေးနွေးကြခြင်း ဖြစ်သည်။
(၅၊ ၁၁၊ ၂၀၁၇ နေ့ထုတ် စံတော်ချိန်နေ့စဉ်၊ အတွဲ ၅၊ အမှတ် ၁၆၄၅)

[ngg_images source=”galleries” container_ids=”288″ display_type=”photocrati-nextgen_basic_thumbnails” override_thumbnail_settings=”0″ thumbnail_width=”240″ thumbnail_height=”160″ thumbnail_crop=”1″ images_per_page=”20″ number_of_columns=”0″ ajax_pagination=”0″ show_all_in_lightbox=”0″ use_imagebrowser_effect=”0″ show_slideshow_link=”1″ slideshow_link_text=”[Show slideshow]” order_by=”sortorder” order_direction=”ASC” returns=”included” maximum_entity_count=”500″]