လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၉/ ၂၀၁၉)

အမြင်သဘောထား

” နိုင်ငံသားများနှင့်ပတ်သက်လျှင် တာဝန်သိသိ တာဝန်ရှိရှိ ဆောင်ရွက်နိုင်မှသာ နိုင်ငံတော်အတွက် ဂုဏ်သိက္ခာရှိပါလိမ့်မည် “

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ နိုင်ငံရေးအမြင်သုံးသပ်ချက် (၉/ ၂၀၁၉)

လွန်ခဲ့သည့် နိုဝင်ဘာလဆန်းတွင် ဂမ်ဘီယာနိုင်ငံက နိုင်ငံချင်းချင်း စွဲဆိုနိုင်သည့် “လူမျိုးတုန်းသတ်ဖြတ်ခြင်းဆိုင်ရာ သဘောတူညီချက် ဖောက်ဖျက်မှု” ဖြင့် အပြည်ပြည်ဆိုင်ရာတရားရုံး၌ မြန်မာနိုင်ငံကို စွဲချက်တင်လိုက်ကြောင်း ကြားသိရပါသည်။

အဆိုပါအမှုကို တရားရင်ဆိုင်ရန် နယ်သာလန်ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးတွင် လာမည့် ဒီဇင်ဘာလ ၁၀၊ ၁၁၊ ၁၂ ရက်နေ့များတွင် မြန်မာနိုင်ငံက သွားရောက်စစ်ဆေးခံရမည်ဖြစ်ကြောင်း ကြားသိရပါသည်။ မိမိတို့မြန်မာနိုင်ငံမှ တာဝန်ရှိသူတစ်ဦးအဖြစ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က သွားရောက်စစ်ဆေးခံ၊ တရားရင်ဆိုင်မည်ဟုလည်း သိရပါသည်။ ထူးထူးခြားခြားဆိုသကဲ့သို့ နိုင်ငံနှင့် နိုင်ငံသားတို့၏ ဂုဏ်သိက္ခာထိခိုက်ရမှုအတွက် တာဝန်ရှိသည်အတိုင်း သွားရောက်စစ်ဆေးခံ အမှုရင်ဆိုင်မည့်သူအား ချီးကျူး၊ ချီးမွမ်းမှုများလည်း ကြားနေရပါသည်။ မည်သို့ဆိုစေ အပြည်ပြည်ဆိုင်ရာတရားရုံး၏ စည်းကမ်းအရ အမှုကို လက်ခံရင်ဆိုင်သူသည် တရားရုံး၏ ဆုံးဖြတ်ချက်ကို လိုက်နာရလိမ့်မည်ဟု သိရှိရပါသည်။

ရိုးရှင်းစွာပင် မိမိတို့နိုင်ငံ၊ မိမိတို့နိုင်ငံသားများ၏ ဂုဏ်သိက္ခာနှင့် ပုံရိပ်မှာ ကမ္ဘာ့အလယ်၌ အရှက်တကွဲ ကျဆင်းခဲ့ကြရပြီဖြစ်သည်။ အဆိုပါ စွပ်စွဲချက်၏ ရည်ညွှန်းကာလ၊ ရည်ညွှန်းဖြစ်ရပ်တို့မှာ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည် ဒေသအနှံ့အပြား (အထူးသဖြင့် ဘူးသီးတောင်၊ မောင်တောဒေသများတွင်) ဖြစ်ပွားခဲ့သည့် စိတ်မချမ်းမြေ့ဘွယ်ဖြစ်ရပ်များအပေါ် အခြေခံပါသည်။ ထိုစဉ်က မိမိတို့ပါတီအနေဖြင့် ပွင့်လင်းမြင်သာသော ဆောင်ရွက်မှုများရှိရန် လိုအပ်ခြင်း၊ ဒေသခံပြည်သူများနှင့်ရော နိုင်ငံတကာအသိုင်းအဝိုင်းနှင့်ပါ နားလည်မှုရှိရှိ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်ခြင်း၊ တိုင်းပြည်နှင့် ပြည်သူများ၏ ဂုဏ်သိက္ခာ ကျဆင်းဘွယ်ရာဖြစ်နေခြင်း စသည့်အချက်များအား သဘောထားထုတ်ပြန်ချက် ၆/၂၀၁၇ ဖြင့် ထောက်ပြခဲ့ပါသည်။

ထိုစဉ် ၂၀၁၇ ခုနှစ်ကာလဖြစ်စေ၊ ယနေ့ ICJ တွင် တရားစွဲဆိုခံရသည့်ကာလဖြစ်စေ မိမိတို့ နိုင်ငံသားပြည်သူများမှာ လူမျိုးတုန်းသတ်ဖြတ်မှုများ အမှန်တကယ်ဖြစ်ခဲ့ခြင်း – မဖြစ်ခဲ့ခြင်းနှင့်ပတ်သက်၍ မိမိတို့ လူမျိုးစုံ မြန်မာပြည်သူလူထုကြီးအနေဖြင့် သိရှိစစ်ဆေးနိုင်လောက်သည့် တိကျသော သတင်းအချက်အလက်များ ရနိုင်ခြင်းမရှိချေ။ သတင်းသမားများပင် ဖမ်းဆီး အပြစ်ပေးခံနေကြရသည့် အခြေအနေဖြစ်ရာ နိုင်ငံတကာအဝန်းအဝိုင်းနှင့် သတင်းမီဒီယာများ၏ ဖော်ပြချက်များမှာ အစိုးရနှင့် တပ်မတော်တို့၏ ထုတ်ပြန်ချက်များနှင့် ကွဲလွဲကြောင်းမျှလောက်သာ သိရှိကြရသည့်အနေအထား ဖြစ်သည်။

ထိုကြောင့် ယခုကဲ့သို့ နိုင်ငံတကာတရားရုံးတွင် စွဲချက်တင်ခံရခြင်း ကိစ္စရပ်အတွက် အစ-အဆုံး သိရှိလျက် လက်တွေ့ကြပ်မတ် ညွှန်ကြားခဲ့သော အာဏာလက်ရှိအစိုးရနှင့် မြေပြင်တွင် လုံခြုံရေး၊ နယ်မြေရှင်းလင်းရေးတာဝန်များ တိုက်ရိုက်ထမ်းဆောင်ခဲ့သည့် တပ်မတော်ခေါင်းဆောင်အဆင့်ဆင့်သည်သာ တာဝန်အရှိဆုံးဟု ထောက်ပြလိုပါသည်။ တာဝန်ရှိသည်အတိုင်း သွားရောက်စစ်ဆေးခံ အမှုရင်ဆိုင်ရခြင်းသည် ရှောင်လွှဲမရသည့် အဖြစ်အပျက်ဟုပင် သုံးသပ်မိပါသည်။ ထိုသို့ အမှုရင်ဆိုင်ကြရာ၌လည်း တရားလို-တရားပြိုင် ဟူသော ချဉ်းကပ်မှုမျိုးထက်၊ အမှန်တရားနှင့် လူမှုတရားမျှတမှုအတွက် နိုင်ငံချင်းချင်း ပူးပေါင်းဆောင်ရွက်လိုခြင်း အခြေခံဖြင့် ချဉ်းကပ်သင့်ကြောင်းကိုလည်း အကြံပြု တိုက်တွန်းလိုပါသည်။ သို့မှသာ နားလည်မှုများစွာ ကွာလှမ်းခဲ့ရသည့် နိုင်ငံတကာနှင့် ဆက်ဆံရေးအနေအထားအား ပြန်လည် အဖတ်ဆည်နိုင်လိမ့်မည် ဖြစ်ပါသည်။

ထိုမျှမက မိမိတို့ တစုံတရာမျှ မသိရှိ၊ မကျူးလွန်ကြရပါဘဲ ကျွန်ဝယ်ရာ အဆစ်ပါလျက် ဂုဏ်သိက္ခာ ထိခိုက်ကျဆင်း နေကြရသည့် နိုင်ငံသားပြည်သူတစ်ရပ်လုံးအားလည်း တာဝန်ရှိသူအသီးသီးက ဝန်ချ၊ တောင်းပန်ရန် တာဝန်ရှိသည့်အကြောင်း ထောက်ပြတိုက်တွန်းလိုပါသည်။

အဆုံးသတ်အားဖြင့် မြန်မာနိုင်ငံအနေဖြင့် မိမိသဘောတူ ထောက်ခံလက်မှတ်ရေးထိုးထားသော ဂျီနီဗာသဘောတူညီချက်များ၊ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကြေညာစာတမ်းပါ စံချိန်စံညွှန်းများ၊ မျိုးတုန်းသတ်ဖြတ်မှုဆန့်ကျင်ရေး သဘောတူညီချက်များ စသည်တို့အပေါ် လေးစားလိုက်နာရန် တာဝန်ရှိသည်ဆိုသည့်အချက်ကို ယခုအမှုအား ရင်ဆိုင် လျှောက်လဲမည့် တာဝန်ရှိအစိုးရ၏ ကိုယ်စားလှယ်အနေဖြင့် လေးလေးနက်နက် ဂရုပြုသင့်ပါကြောင်း အလေးအနက် တင်ပြနှိုးဆော်အပ်ပါသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၉ ခုနှစ်၊ ဒီဇင်္ဘာလ (၁) ရက်။

” နိုင်ငံသားများနှင့်ပတ်သက်လျှင် တာဝန်သိသိ တာဝန်ရှိရှိ ဆောင်ရွက်နိုင်မှသာ နိုင်ငံတော်အတွက် ဂုဏ်သိက္ခာရှိပါလိမ့်မည် “

[ngg src=”galleries” ids=”735″ display=”basic_thumbnail” thumbnail_width=”160″ thumbnail_crop=”0″]