ပါတီ၏ အလံတော်အောက်တွင် ညီညွတ်ခိုင်မြဲစွာ ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးတာဝန်များကို သယ်ပိုးထမ်းရွက်ကြပါရန် ဖိတ်ခေါ်ခြင်း

၂၀၁၄ခုနှစ် မေလ (၁၈) ရက်

ပါတီရဲဘော်များ၊ ပါတီကို ချစ်ခင်တန်ဖိုးထားသူများ၊ ပါတီလိုလားသူများနှင့် ပါတီ၏ လုပ်ဖေါ်ကိုင်ဖက်များခင်ဗျား

မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို တရားဝင်နိုင်ငံရေးပါတီတရပ်အဖြစ် ပြည်တွင်းတွင် ပြန်လည်ရပ်တည်လှုပ်ရှားနိုင် ရေးအတွက် မိမိတို့သည် ၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီလ (၅)ရက်နေ့မှစတင်ပြီး လိုအပ်သည့် ကနဦးဆောင်ရွက်ရန်လုပ်ငန်းများအား ပါတီ၏ ဂုဏ်သိက္ခာကို အသက်တမျှထိန်းသိမ်းရင်း စနစ်တကျ ဆောင်ရွက်ခဲ့ကြပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခြင်း၊ နိုင်ငံတော်သမ္မတထံသို့ စာ ရေးသားပေးပို့ခြင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းအပါအ၀င် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်ကိစ္စ များကို ဆောင်ရွက်ခဲ့ကြပါသည်။ တဖက်တွင်လည်း မိမိတို့သည် ပါတီစည်းရုံးရေးလုပ်ငန်းများကို ပြည်တွင်းရှိ ပါတီစုစည်းရေးကော်မတီ များနှင့်အတူ နိုင်ငံအနှံ့ အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။

သို့ဖြစ်၍ ပါတီသည် ပါတီသက်တမ်းတလျောက်လုံးအတွင်း ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ရုန်းကန်လှုပ်ရှားရင်း ပါတီအလံကို လွှင့်ထူ သယ်ဆောင်ခဲ့ကြသော ပါတီရဲဘော်များဖြင့် ပါတီခေါင်းဆောင်မှုကို အောက်ပါအတိုင်း အခိုင်အမာ တည်ဆောက်နိုင်ခဲ့ကြပြီ ဖြစ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီဝင်များ

၁။ ဦးအောင်မိုးဇော် သဲကုန်းမြို့
၂။ ဦးမြင့်နိုင်(ခွန်ရဲသွေး) တောင်ကြီးမြို့
၃။ ဦးငြိမ်းချမ်း မန္တလေးမြို့
၎။ ဦးငွေလင်း သန်လျင်မြို့
၅။ ဦးသီဟထွဋ်ခင်(ဦးသီဟ) ပြည်မြို့
၆။ ဒေါ်နှင်းနှင်းမွှေး သာကေတမြို့
၇။ ဦးထွဋ်ဦးလှိုင် စစ်ကိုင်းမြို့
၈။ ဦးဇော်ဇော်ထွန်း တောင်ငူမြို့
၉။ ဦးတိုးတိုးထွန်း မြောင်းမြမြို့
၁၀။ ဒေါ်နိုးနိုးထက်စံ တောင်ငူမြို့
၁၁။ ဦးကျော်ကျော်စိုး မန္တလေးမြို့
၁၂။ ဉ်ီးအောင်မျိုးဦး(ရင်နီ) မြောက်ဥက္ကလာပမြို့
၁၃။ ဦးဝင်းမြင့်ဦး (ဦးနေမျိုး) တောင်ကြီးမြို့
၁၄။ ဦးကျော်မိုးလှိုင် မုံရွာမြို့
၁၅။ ဦးမျိုးလွင်(ကျော်မိုးလွင်အောင်) သံတွဲမြို့
၁၆။ ဦးနေဝင်း(ဦးညီညီ) ကျောက်တံတားမြို့
၁၇။ ဦးမင်းနိုင် မြောက်ဒဂုံမြို့
၁၈။ ဦးတင်ကိုအောင် မန္တလေးမြို့
၁၉။ ဒေါ်တင်တင်ချို အောင်လံမြို့
၂၀။ ဦးညီညီအောင် မန္တလေးမြို့
၂၁။ ဦးအောင်နိုင်ဦး မကွေးမြို့

သို့သော် မိမိတို့ ယခုစုစည်းထားနိုင်သည့် ခေါင်းဆောင်မှုသည် ပဏာမ စုစည်းချက်မျှသာ ဖြစ်သည်ဟု မိမိတို့က ခံယူပါ သည်။ ပါတီဝင်ရဲဘော်များ၊ ပါတီဝင်ရဲဘော်ဟောင်းများ၊ ပါတီမိတ်ဆွေများ၊ ပါတီလိုလားသူများနှင့် နယ်ပယ်အသီးသီးရှိ လူထုလူတန်း စားအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေသော လုပ်ဖေါ်ကိုင်ဖက်များဖြင့် ပါတီ၏ခေါင်းဆောင်မှုကို ပါတီစည်းရုံးရေးမူများနှင့်အညီ ဆက်လက်တိုးချဲ့သွားရန် အခိုင်အမာ ဆုံးဖြတ်ချက် ချထားကြပါသည်။

ယနေ့ဆိုလျင် ပါတီသည် တရားဝင်နိုင်ငံရေးပါတီတရပ်အဖြစ် တည်ထောင်ခွင့် ရရှိပြီး ဖြစ်ပါသည်။

မိမိတို့ပါတီအနေဖြင့်

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကို အပြည့်အဝအာမခံနိုင်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သော ပြည်နယ်ပေါင်းစုပြည်ထောင်စုကြီး တည်ဆောက်ရေး၊ အစဉ်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့ အစည်းတည်ဆောက်ရေး စသည့် မိမိတို့ပါတီ၏နိုင်ငံရေးဦးတည်ချက် (၅) ရပ်ကို ခြေလှမ်းရှိရှိ အကောင်အထည်ဖေါ်ဆောင် သွားလိုပါသည်။
” ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဟူသည့် ပါတီ၏ဆောင်ပုဒ်ကို ကိုင်စွဲပြီး လူမျိုးစုံမြန်မာပြည်သူများကို အတက်ကြွဆုံး အလုပ်အကျွေး ပြုသွားလိုပါသည်။
မိမိတို့ပါတီဝင်များအတွင်း အပြန်အလှန်တန်ဖိုးထားမှု၊ အပြန်အလှန်အသိအမှတ်ပြုမှုတို့ဖြင့် ညီညွတ်ရေးကို အစွမ်းကုန် တည်ဆောက်ပြီး မိမိတို့ပါတီအလံတော်အား အမြင့်မားဆုံးလွှင့်ထူသွားလိုပါသည်။
 ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားနိုင်ငံရေးအင်အားစုများ၊ ဒီမိုကရက်တစ်အင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံ ရေးတက်ကြွလှုပ်ရှားသူများအားလုံးနှင့် အရင်းနှီးဆုံး လက်တွဲဆောင်ရွက်သွားလိုပါသည်။
လူထုလုပ်ငန်းများကို ဆောင်ရွက်ရင်း၊ အဖိနှိပ်ခံ လူမျိုးစုံ ပြည်သူများဘက်ကရပ်တည်ရင်း ပြည်သူလူထုကိုအလုပ်အကျွေးပြု သည့်၊ ပြည်သူလူထုကအမှန်တကယ်အားထားယုံကြည်သည့် ပါတီတရပ်ဖြစ်လာရေးအတွက် အစွမ်းကုန် တည်ဆောက် သွားလိုပါသည်။
မိမိတို့ပါတီကို စနစ်တကျစည်းရုံးတည်ဆောက်လျက် သင့်လျော်သောအချိန်တခုတွင် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကြီးတရပ် ခေါ်ယူကျင်းပသွားလိုပါသည်။
သို့အတွက် ပါတီရဲဘော်များ၊ ပါတီကိုချစ်ခင်တန်ဖိုးထားသူများ၊ ပါတီလိုလားသူများနှင့် ပါတီ၏လုပ်ဖေါ်ကိုင်ဖက်များအားလုံးအား ပါတီ၏အလံ တော်အောက်တွင် အမြန်ဆုံးလာရောက်စုရုံးကြပါရန်နှင့် ညီညွတ်ခိုင်မြဲစွာ ပူးပေါင်းလက်တွဲ၍ ယနေ့ကာလ အမျိုးသားရေးတာဝန် များကို မိမိတို့နှင့်အတူတကွ သယ်ပိုးထမ်းရွက်ပေးကြပါရန် မိမိတို့က တည်ကြည်လေးနက်စွာဖြင့် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်အပ်ပါ သည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)

Continue Reading

ပြည်ခရိုင် လယ်သမားထု၏ ဆန္ဒဖေါ်ထုတ်ပွဲအား ကြိုဆိုထောက်ခံခြင်း

၂၀၁၄ ခုနှစ် ၊ မတ်လ ၊ ၂၉ ရက်။

၁။ မြန်မာပြည်လယ်သမားထုသည် နိုင်ငံအဖြစ် စတင်ထူထောင်ခဲ့ကြရာ (၁၁)ရာစုကာလမှပင် ယနေ့အထိ အနိုင်ကျင့် ဗိုလ်ကျ ခံရမှု၊ သွေးစုတ်ချယ်လှယ်ခံရမှု၊ နိမ့်ကျသောထုတ်လုပ်မှုပုံစံကြောင့် စီးပွားရေးဘဝချို့တဲ့မှု၊ သဘာဝဘေးရန် မြေရှင်၊ငွေရှင် တို့၏ သီးစားခ၊ အတိုးကြီးချေးငွေ စသည်တို့၏ နှိပ်စက်ဒဏ်၊ အုပ်ချုပ်ရေး အာဏာစက် အဆက်ဆက်၏တာဝန်မဲ့မဲ့ လစ်လျူရှုခံရမှုဒဏ် စသည့်ဖိစီးမှုပေါင်းစုံအောက်ဝယ် လူချင်းမမျှသော လူမှုဘဝနိမ့်ကျခြင်းဒဏ်ချက်အမျိုးမျိုးကို စဉ်ဆက်မပြတ် ခံစားခဲ့ကြရသည်။

၂။ ယနေ့ကာလ ဒီမိုကရေစီ အသွင်ကူးမှုဖော်ဆောင်နေကြောင်း ကြွေးကြော်နေသည့် အစိုးရလက်ထက်တွင်လည်း မကြာမီ ပြောင်းလဲ၊ရောက်ရှိလာဘွယ်ဖြစ်သည့် စီးပွားအခွင့်အလမ်းတို့အတွက် ဓနဥစ္စာ၊အခွင့်အာဏာတို့ကို အသုံးချပြီး အသင့်ပြင်နေကြကုန်သော စီးပွားရေးခရိုနီများ၊အာဏာပိုင်အဖွဲ့အစည်းများ၊အထွေထွေ အပြားပြားသော စီမံကိန်းများက မြေသိမ်း၊ယာသိမ်း အနိုင် ကျင့်မှုများကို အရက်စက်ဆုံး ကျူးလွန်ခံနေကြရပေသည်။ ၎င်း ဖိစီး၊နှိပ်စက်ဒဏ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းရေးအတွက် ဥပဒေဖြင့် လုံလောက်သော အကာအကွယ်ပေးမှုလည်း မခံစားရ၊ တကိုယ်ချင်း၊တစုချင်း ဖြစ်နိုင်သမျှ ဥပဒေဘောင်တွင်းကြိုးပမ်းမှု အားလုံးလိုလိုသည်လည်း တည်ဆဲဥပဒေများကို ချိုးဖောက်နေသည်ဟု စွပ်စွဲခံရလျက် ပြစ်ဒဏ်အမျိုးမျိုး စီရင်ခံနေကြရသည်။ ကျေးလက်လူ့အဖွဲ့အစည်း၏ မိသားစုအသက်မွေးဘဝ ပြိုကွဲလျက် အရွယ်ကောင်း၊လုပ်အားရှိ လယ်သမားမိသားစုဝင်များမှာ မြေယာများကိုစွန့်ခွာပြီး မြို့ပြ လက်လုပ်လက်စားများအဖြစ် အဆက်မပြတ် မပြောင်းချင်ဘဲ ပြောင်းလဲနေကြရသည်။

၃။ ပြည်ခရိုင်တွင်း လယ်သမားများမှာလည်း စီမံကိန်းများ၊ သ/မ အမည်ခံ ငွေရှင်များ၊ ဒေသတွင်းတပ်ဖွဲ့များ၏ အဓမ္မမြေယာ သိမ်းဆည်းခံရမှုကြောင့် ဧကသောင်းချီသောမြေယာဆုံးရှုံးမှု၊ မိသားစုဝင်သောင်းချီ၍ စီးပွားရေးဘဝ လူမှုရေးဘဝ ပျက်စီးမှုများခံစား နေကြရပြီး ပြန်လည်ရရှိရေး ကြိုးပမ်း၊အားထုတ်ရာအဆင့်တိုင်း၌ ဖိနှိပ်မှု၊မတရားမှုပေါင်းစုံကို အကာအကွယ်မဲ့စွာ ရင်ဆိုင်ခဲ့ကြရလေသည်။ လယ်သမားများနှင့် လယ်သမားအရေးကူညီအကျိုးဆောင်သူ အမြောက်အမြား ဖမ်းဆီး၊ရိုက်နှက်၊တရားစွဲဆိုခံကြရခြင်း၊ ထောင်သွင်းအကျဉ်းချခံရခြင်း၊ အချို့ အသက်ဆုံးရှုံးသည်ထိ တာဝန်မဲ့မဲ့ အနိုင်ကျင့်၊နှိပ်စက်ခံနေကြရခြင်းများနှင့် ရင်ဆိုင်နေကြရ ပေသည်။

၎။ ၎င်း ပြည်ခရိုင် လယ်သမားထုကြီးက မိမိတို့ အခွင့်အရေး ရှိသည်နှင့်အညီ၊ “ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိ ရေး၊ ဖမ်းဆီးခံ လယ်သမားများ ပြန်လွှတ်ပေးရေး၊ လယ်သမားအခွင့်အရေး ကာကွယ်သည့် ဥပဒေပေါ်ပေါက်ရေး၊ လယ်သမား အရေး ပြဿနာများ ဖြေရှင်းရာတွင် တရားမျှတ၍၊ ဒီမိုကရေစီနည်းကျစွာ ယဉ်ကျေးစွာ ဆွေးနွေး၊ဖြေရှင်းရေး ” ဆိုသည့် မိမိတို့ လိုလားချက်များကိုစုစည်းညီညွတ်စွာ တောင်းဆို၊ဆန္ဒပြကြခြင်းအား မိမိတို့ပါတီက အပြည့်အ၀ ထောက်ခံ၊ကြိုဆိုပါသည်။ ဆက်လက်၍ မပြီးပြတ်နိုင်သေးသော လယ်ယာမြေနှင့် လယ်သမားလူထုအရေးများကို စံနစ်တကျ ကိုင်တွယ်၊ဖြေရှင်း နိုင်ရေး၊ လယ်သမား လူတန်းစားပြဿနာအဝဝကို ရင်ဆိုင်၊ဖြတ်ကျော်နိုင်ရေးတို့အတွက် ယခုစုစည်းညီညွတ်မှုကို ဆက်လက် ထိန်း သိမ်းလျက် မိမိတို့ လယ်သမားလူထုကြား သွေးစည်းမှု အခိုင်အမာရယူပြီး လွတ်လပ်သော ဒေသဆိုင်ရာ လယ်သမားသမဂ္ဂ ကြီးတရပ် စုဖွဲ့၊ပေါ်ပေါက်လာနိုင်သည်ထိ ကြိုးပမ်း၊အောင်မြင်ကြလိမ့်မည် ဟုလည်း ယုံကြည်၊မျှော်လင့်ပါသည်။

၅။ ပြည်ထောင်စုအစိုးရ၊ ပဲခူးတိုင်းဒေသကြီးအစိုးရ၊ ခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူများအပါအ၀င် အာဏာပိုင်အဆင့်ဆင့်အနေဖြင့် မိမိနိုင်ငံသားတို့၏ အခြေခံအခွင့်အရေးများကိုလေးစား၊အသိအမှတ်ပြုလျက်၊ တရားနည်းလမ်းကျစွာ၊ဒီမိုကရေစီနည်းကျစွာ၊ ယဉ် ကျေး ထောက်ထားစွာလက်ခံ ဖြေရှင်းပေးကြပါရန် မိမိတို့ပါတီက အလေးအနက် တိုက်တွန်း၊တောင်းဆိုလိုက်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)

Continue Reading