ကချင်လွတ်လပ်ရေးတပ်မတော် ဗိုလ်သင်တန်းကျောင်းသားများ ကျဆုံးထိခိုက်ကြရမှုနှင့် ပတ်သက်၍ သဘောထားထုတ်ပြန်ကြေညာချက် (၃/၂၀၁၄)

၁၉-၁၁-၂၀၁၄ ရက်နေ့ နေ့လည် ၁၂း၃၀ နာရီခန့်က မြန်မာ့တပ်မတော်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်ကြောင့် ကချင် လွတ်လပ်ရေးတပ်မတော် (KIA) ဗိုလ်သင်တန်းကျောင်းမှ ကျောင်းသား၂၀ ဦး ပွဲချင်းပြီးကျဆုံးပြီး ၁၅ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြသည်ဟု သိရှိ ရပါသည်။

ထိုဖြစ်ရပ်ကြောင့် နိုဝင်ဘာလ ၂၁ ရက်နေ့အထိ ကျဆုံးသွားသူ ဗိုလ်လောင်း သင်တန်းသားပေါင်း ၂၃ ဦး ရှိသွား ပြီး ပလောင်(တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) မှ ၁၁ ဦး ၊ ရခိုင်အမျိုးသားတပ်မတော် (AA) မှ ၈ ဦး၊ ချင်းအမျိုးသားတပ်ဦး(CNF) မှ ၂ ဦး ၊ ဗမာ နိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) မှ ၂ ဦး တို့ ဖြစ် ကြောင်းကိုလည်း ကြားသိကြရပါသည်။ ကျဆုံးသွားသူ၊ ထိခိုက် ဒဏ်ရာရရှိသွားသူများအတွက် မိမိတို့ပါတီအနေဖြင့် ၎င်းတို့၏ မိသားစုများနှင့်ထပ်တူ၊ ဗိုလ်လောင်းသင်တန်းသားများ၏ မိခင်အဖွဲ့အစည်း များနှင့်ထပ်တူ များစွာ နှမြောတသ ကြေကွဲဝမ်းနည်း ဖြစ်ကြရပါသည်။

ခိုင်မာသောအပစ်အခတ်ရပ်စဲရေးနှင့် စစ်မှန်သောငြိမ်းချမ်းရေး တည်ဆောက်နိုင်ရန် ကြိုးပမ်းနေကြသည့်ကာလတွင် ယခုကဲ့သို့သော ဖြစ်ရပ် ဖြစ်ပွားသွားခြင်းသည် အပြန်အလှန်ယုံကြည်မှုတည်ဆောက်နေကြရသည့်ဖြစ်စဉ်ကို ထိခိုက်သွားစေနိုင်သဖြင့် မိမိတို့ပါတီက လွန်စွာ စိုးရိမ် မိပါသည်။

ဆောင်ရွက်နေဆဲ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အပစ်အခတ်ရပ်စဲရေး၊ စစ်မှန်သည့်ငြိမ်းချမ်းရေးတည် ဆောက်ရေးနှင့် အင်အားစု အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ထိခိုက်မှုမရှိစေရန်အတွက် တာဝန်ရှိသူအဆင့်ဆင့်မှ ဤ၀မ်းနည်းဖွယ် ဖြစ်ရပ်နှင့်ပတ်သက်၍ ပေါ့ပေါ့တန်တန်သဘောမထားဘဲ မှန်မှန်ကန်ကန် ဖြေရှင်းပေးရန် လိုအပ်သည်ဟု မိမိ တို့ပါတီက ရှုမြင်ပါသည်။

အမျိုးသားတန်းတူရေးနှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ကို အပြည့်အ၀အာမခံသည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက် လိုကြသော လူမျိုးစုံပြည်သူလူထုကြီး၏ ပြင်းပြထက်သန်သည့်ဆန္ဒသဘောထားများကို အလေးအစားထားသောအားဖြင့် ဤဖြစ်ရပ်အပေါ် ပြည်ထောင်စု အစိုးရနှင့်မြန်မာ့တပ်မတော်၏ တာဝန်ရှိသူအဆင့်ဆင့်က ထိရောက်ပြည့်စုံစွာ တာဝန်ယူမှုရှိစွာ ဖြေရှင်းပေးကြပါရန် မိမိတို့ပါတီက အလေးအနက် တိုက်တွန်းလိုက်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၂၂ ရက်။

Continue Reading

သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၁၄)

ပါတီ၏အလံတော်အောက်တွင် စတင် စုစည်းကြပါရန် လေးနက်တည်ကြည်စွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ ၂၄ ရက်နေ့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ မိမိတို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီအား မှတ်ပုံတင်အမှတ်စဉ် (၇၇) ဖြင့် မှတ်ပုံတင်ခွင့် ပြုခဲ့ပါသည်။

နှစ်ပေါင်း (၂၆)နှစ်ကျော်အတွင်း မိမိတို့ပါတီသည် ဥပဒေတွင်းနိုင်ငံရေးပါတီဘ၀ဖြင့် (၃) နှစ်သာနေခဲ့ကြရပြီး ကျန်နှစ်များကို ဖျက်သိမ်းခံ (သို့မဟုတ်) ဥပဒေပ နိုင်ငံရေးပါတီဘ၀ဖြင့် အကျဉ်းထောင်များအတွင်း၊ တောတောင်များ အတွင်း၊ နယ်စပ်ဒေသများနှင့် နိုင်ငံတကာတို့တွင် သဏ္ဍာန်အမျိုးမျိုးဖြင့် ဖြတ်သန်းခဲ့ကြရပါသည်။ ယခုအချိန်တွင် တရားဝင်နိုင်ငံရေးပါတီတရပ်အဖြစ် ပြည်တွင်းတွင်၊ လူထုကြားတွင် ပြန်လည်ရပ်တည်နိုင်ပြီ ဖြစ်သည်။

ဖြတ်သန်းခဲ့ရမှုအသီးသီးတွင် အသက်သွေးချွေးနှင့် ဘ၀တို့ ရင်းနှီးပေးဆပ်ခဲ့ကြသော ပါတီဝင် ရဲဘော်ရဲဘက် အသီးသီးတို့အား အလေးပြု၊ဦးညွတ်ပါကြောင်း ဦးစွာဖေါ်ပြလိုပါသည်။ တပြိုင်နက်တည်းတွင် ယနေ့နိုင်ငံရေး အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ ပါတီ၏ လတ်တလောနိုင်ငံရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လည်းကောင်း မိမိတို့၏အခြေခံအမြင်များကို ပြည်သူလူထုနှင့် မဟာမိတ်အင်အားစုများအား အောက်ပါအတိုင်း တင်ပြ အပ်ပါသည်။

လက်ရှိနိုင်ငံရေးအခြေအနေများနှင့် ပတ်သက်၍ –

၂၀၁၀ ခုနှစ် အထွေထွေရွေးကောက်ပွဲအပြီး စတင်ခဲ့သော နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲတချို့သည် ယခုအခါ ပြည်သူလူထုအတွင်းယုံကြည်မှု ကျဆင်းလျက်ရှိသည်။ လယ်သိမ်းယာသိမ်းကိစ္စရပ်များနှင့် လယ်သမားများ ဖမ်းဆီးခံနေရမှုများ၊ မဖြူနှင်းထွေးကဲ့သို့သော တက်ကြွလှုပ်ရှားသူများ ဖမ်းဆီးခံခဲ့ရမှုများ၊ ဘာသာရေးလူမျိုးရေးဆိုင် ရာပဋိပက္ခများ၊ ကိုအောင်ကျော်နိုင် (ခေါ်) ကိုပါကြီးကဲ့သို့သောသတင်းထောက်များ ဖမ်းဆီးခံရမှု၊ သတ်ဖြတ်ခံရမှုများ၊ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးမှု ရပ်တံ့နေလျက် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေမှုများ၊ ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအား ငြင်းဆိုနေမှုများ၊အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏လုပ်ပိုင်ခွင့်ကို တိုးမြှင့်တောင်းခံနေမှုများက ယနေ့ အပြောင်းအလဲဖြစ်စဉ်ကို နောက်သို့ပြန်လှည့်နေသည့် လက္ခဏာများဖြစ်နေပြီး ပြည်သူလူထုအတွင်း စိုးရိမ်သောက များကို ဖြစ်ပေါ်စေလျက် ယနေ့အပြောင်းအလဲဖြစ်စဉ်အားလည်းကောင်း၊ အပြောင်းအလဲဖြစ်စဉ်ကို ဦးဆောင်နေသူ များအားလည်းကောင်း ပြည်သူလူထုအနေဖြင့် ယုံကြည်မှုကျဆင်းလျက် ရှိပါသည်။

တိုင်းပြည်၏ဒီမိုကရေစီပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်ဖြင့် တိုးတက်နေစေရန် ငြိမ်းချမ်းတည်ငြိမ်မှုသည် အခရာကျသည်ဟု အလေးအနက်ယုံကြည်သည့်အလျောက် မိမိတို့ပါတီသည် ပြည်ထောင်စုအစိုးရနှင့် လက်နက်ကိုင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ၏ အပစ်အခတ်ရပ်စဲရေးဆွေးနွေးမှုများနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု ဖြစ် ပေါ်ရေးကြိုးပမ်းမှုများအား ကြိုဆိုပါသည်။ သို့သော် ထိုသို့ ကြိုးပမ်းမှုများနှင့် လုံလောက်သည်ဟု မိမိတို့ပါတီအနေဖြင့် မယူဆပါ။ ဤဖြစ်စဉ်ကြီးအတွင်းမှာ ဒေါ်အောင်ဆန်းစုကြည်ပါဝင်ရန်၊ ပြည်ထောင်စုအစိုးရအနေဖြင့် ဒေါ်အောင်ဆန်း စုကြည်နှင့်ပါ ကနဦးတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရန် လိုအပ်နေသည်ဟု မိမိတို့ပါတီက တင်ပြလိုပါသည်။

သို့မှသာ ပြည်သူလူထု၏ ယုံကြည်မှုကို ပြန်လည်မြှင့်တင်နိုင်မည်ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကိုလည်း ရှေ့သို့ ဆက်လက်သယ်ဆောင်နိုင်မည် ဖြစ်သည်။

ပါတီ၏ လတ်တလောနိုင်ငံရေးလုပ်ငန်းစဉ်အချို့နှင့် ပတ်သက်၍ –

၁။ (က) တိုင်းပြည်၏ ၇၀% ကျော်သော ပြည်သူများသည် ကျေးလက်နေပြည်သူများဖြစ်ပြီး ၎င်းတို့အနက် အများစုကြီးဖြစ်သည့် လုပ်ကွက်ငယ်လယ်သမားများနှင့် လယ်မဲ့ယာမဲ့များ ဆင်းရဲတွင်းဘ၀မှ လွတ်မြောက်ရေး၊၎င်းတို့ ၏ဘ၀ ရှင်သန်တိုးတက်ရေးတို့သည် တိုင်းပြည်၏ ရေရှည်တည်တံ့ခိုင်မြဲသည့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုက်ရိုက် ချိတ် ဆက်လျက်ရှိသည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ ထို့ကြောင့် လုပ်ကွက်ငယ်လယ်သမားများနှင့် လယ်မဲ့ယာမဲ့ များအား အခိုင်အမာကာကွယ်မြှင့်တင်နိုင်သည့်၊မိရိုးဖလာယဉ်ကျေးမှုထုံးတန်းအစဉ်အလာများအရ မြေယာအသုံး ချနေမှုများအား ကာကွယ်မြှင့်တင်ပေးနိုင်သည့် မြေယာမူဝါဒပေါ်ထွန်းရေးနှင့် ယင်းမြေယာမူဝါဒအား ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ အကာအကွယ်ပေးရေးတို့ကို အလေးထား၍ ဆောင်ရွက်သွားမည်။

(ခ) ထို့အပြင် လက်တွေ့လုပ်ငန်းများအား ဆောင်ရွက်ရာတွင် လယ်သမားတို့သည် ၎င်းတို့၏အခွင့်အရေး အား ၎င်းတို့ဘာသာတောင်းဆိုနိုင်သော၊ ၎င်းတို့၏ဘ၀အား ၎င်းတို့ဘာသာဖန်တီးနိုင်သော နိုင်ငံရေးအခြေအနေနှင့် ၀န်းကျင် လိုအပ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ မိမိတို့ပါတီအနေဖြင့် လွတ်လပ်သောလယ်သမားသမဂ္ဂများ၊ လယ်သမားအရေးတက်ကြွဆောင်ရွက်သူများနှင့် ခိုင်ခိုင်မာမာလက်တွဲဆောင်ရွက်နိုင်ရေးအား ကြိုးပမ်းအားထုတ်သွား မည်။

၂။ အလုပ်သမားများအတွက် အနိမ့်ဆုံးလုပ်ခလစာသတ်မှတ်နိုင်ရေး၊ လုပ်ငန်းခွင်လုံခြုံရေးနှင့်သာယာရေး၊ အလုပ် သမားထု၏ လူမှုဖူလုံရေးအာမခံချက်ရရှိရေး၊ အလုပ်အာမခံချက်ရှိရေးဆိုင်ရာ မူဝါဒများ အခိုင်အမာ ပေါ် ပေါက်လာရန်လိုအပ်သည်ဟု မိမိတို့ပါတီက ယုံကြည်သည်။ ထိုကိစ္စများအတွက် ပါတီအနေဖြင့်လည်းကောင်း၊ အလုပ် သမားသမဂ္ဂများ၊ အလုပ်သမားအရေးတက်ကြွဆောင်ရွက်သူများနှင့် လက်တွဲ၍လည်းကောင်း ကြိုးပမ်းဆောင်ရွက် သွားမည်။

၃။ (က) ဒီမိုကရေစီတည်ဆောက်ရေးဖြစ်စဉ်၌ ပညာရေးသည် အခြေခံလိုအပ်ချက်ကြီးတရပ်ဖြစ်သည့် အတွက် စာသင်ခန်းပြင်ပတွင် ရောက်ရှိနေသောကလေးသူငယ်များ စာတတ်မြောက်ရေးနှင့် ပညာဆက်လက်ဆည်းပူး နိုင်ရေးတို့အား တိုင်းပြည်၏ အရေးကြီးလုပ်ငန်းစဉ်တခုအဖြစ် မိမိတို့ပါတီက သဘောထားသည်။

(ခ) အလုပ်လက်မဲ့လူငယ်အများစုအတွက် အသက်မွေးဝမ်းကြောင်းပညာရပ်များ သင်ကြားပေးရေးသည် အလုပ်လက်မဲ့လျှော့ချရေးနှင့် ဆင်းရဲတွင်းမှ ရုန်းထွက်နိုင်ရေးအတွက် တိုင်းပြည်၏အရေးတကြီးလုပ်ငန်းစဉ်တရပ် ဖြစ် သည်ဟု မိမိတို့ပါတီက သဘောထားသည်။

(ဂ) တိုင်းပြည်၏ ပညာရေးအား မြှင့်တင်ရာတွင် ဆရာ/ဆရာမများ၊ ပညာရေးဝန်ထမ်းများသည် အခြေခံ ကျသည့်အလျောက် ဆရာ/ဆရာမများ၊ ပညာရေးဝန်ထမ်းများ၏ စားဝတ်နေမှု လုံလောက်စေရေးသည် တိုင်းပြည်မှ အာရုံစိုက် လုပ်ဆောင်ရမည့်လုပ်ငန်းစဉ်တရပ် ဖြစ်သည်ဟု မိမိတို့ပါတီက သဘောထားသည်။

(ဃ) ပညာရေးနယ်ပယ်တွင် ဗဟိုချုပ်ကိုင်မှုကို လုံးဝလျှော့ချရမည် ဖြစ်သည်။ နိုင်ငံတော်အနေဖြင့် အခြေခံ ပညာရေးအဆင့်အား အပြည့်အ၀ တာဝန်ယူရေးကို ဦးတည်ကြိုးပမ်းရမည်။

(င) လွတ်လပ်သည့် ကျောင်းသားသမဂ္ဂများပေါ်ထွန်းရေးသည် ကျောင်းသားထု၏ ပညာရေးဘ၀ တိုးတက် ဖွံ့ဖြိုးစေရေအတွက် အခြေခံအကျဆုံးဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်သည်။

၎။ စီးပွားရေးနယ်ပယ်တွင် လွတ်လပ်၍ တရားမျှတစွာယှဉ်ပြိုင်နိုင်သည့်ဝန်းကျင်တရပ် အခိုင်အမာ ဖန်တီး ပေးရန်လိုအပ်သည်။ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များပေါ်ထွန်းလာနိုင်ရေးအတွက် တိုင်းပြည်မှ အာရုံစိုက်ရန် လိုအပ်ည်။ တပြိုင်နက်တည်းတွင် တိုးတက်သည့် အခွန်စနစ်(Progressive Taxation)အား ပြဌာန်းပြီး အတိအကျ ဆောင်ရွက်ရမည်ဖြစ်သည်။

၅။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုဖြစ်စဉ်အား ပြည်သူလူထုမှ ယုံကြည်လာစေရန်၊ ပူးပေါင်းဆောင်ရွက်လာစေ ရန် အစိုးရဌာနအသီးသီး၏ဗဟိုချုပ်ကိုင်မှုအား လျှော့ချရမည်။ ပြည်ထောင်စုအဆင့်မှ ရပ်ကွက်ကျေးရွာအဆင့်အထိ အုပ်ချုပ်ရေးအဆင့်ဆင့်အား ပြည်သူလူထုက တိုက်ရိုက်ရွေးချယ်ရမည်ဟု မိမိတို့ပါတီက ယုံကြည်သည်။ ထိုသို့ ဖြစ် ပေါ်ရန် တောင်းဆိုဆောင်ရွက်သွားမည်။

ငြိမ်းချမ်းရေးတည်ဆောက်ရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးတို့နှင့် ပတ်သက်၍ –

ဖွဲ့စည်းပုံအခြေခံဥပဒေပြောင်းလဲရေးအတွက် လွှတ်တော်တွင်းတွင်လည်း လွှတ်တော်တွင်းသဏ္ဍာန်များဖြင့် ဆောင်ရွက် နေကြသည်ကို တွေ့ရှိရပါသည်။ ပြင်ကိုပြင်မှရမည်ဆိုသည့်အချက်ကို အခြေခံအားဖြင့် လွှတ်တော်အပါ အ၀င် အားလုံးက လက်ခံထားကြပြီဖြစ်သည်ဟု သုံးသပ်မိပါသည်။

မိမိတို့ပါတီအနေဖြင့် တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ်မှသာလျှင် ဖွဲ့စည်းပုံအခြေခံဥပဒေပြုပြင်ပြောင်းလဲရေးအား ပြည့်စုံလုံလောက်အောင် ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ ၎င်းဖြစ်စဉ်မှသာလျှင် အမျိုးသားပြန်လည်သင့် မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်း ရေးကိုဖေါ်ဆောင်နိုင်ပေလိမ့်မည်။ တိုင်းပြည်၏ အနာဂတ်နိုင်ငံရေးလမ်းကြောင်းမှန်ကို လည်း ချမှတ်နိုင်ပေမည်။ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကိုအပြည့်အ၀အာမခံသည့်၊ ဒီမိုကရေစီကို အပြည့် အ၀အာမခံသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြဌာန်းနိုင်လိမ့်မည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ လွှတ်တော်တွင်းလှုပ်ရှားမှုများနှင့် တွေ့ဆုံဆွေးနွေးမှုဖြစ်စဉ်ကို ဆက်စပ်ဆောင်ရွက်ကြရလိမ့်မည်ဟု ယူဆပါသည်။ ပါတီအနေဖြင့် ဤဖြစ်စဉ်အတွင်း အဆင့်တိုင်းတွင် ပါဝင်နိုင်ရေးအတွက် ဆောင်ရွက် ကြိုးပမ်းသွားမည်။

အားကောင်းသည့် နိုင်ငံရေးပါတီတရပ်အဖြစ် တည်ဆောက်ရေးနှင့် ပတ်သက်၍ –

ဒီမိုကရက်တစ်လူ့အဖွဲ့အစည်းတရပ် တည်ဆောက်ရေးတွင် ပြည်သူလူထု၏အကျိုးကို တည့်တည့်မတ်မတ် ကြည့်၍ဆောင်ရွက်သော ကျန်းမာသန်းစွမ်းသည့် နိုင်ငံရေးပါတီစနစ်နှင့် နိုင်ငံရေးပါတီများတည်ဆောက်ရန် လိုအပ် သည်ဟု မိမိတို့ပါတီက အခိုင်အမာယုံကြည်သည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီသည် ပြည်သူလူထုကို အမှန်တကယ်အလုပ်အကျွေးပြုနိုင်စွမ်းရှိသည့် နိုင်ငံရေးပါတီတရပ် ဖြစ်စေရန် ကြိုးပမ်းတည်ဆောက်သွားမည်။

ထိုသို့ ကြိုးပမ်းဆောင်ရွက်ရာတွင် ပါတီရဲဘော်များ၊ ပါတီရဲဘော်ဟောင်းများ၊ ပါတီလိုလားသူများအားလုံး အား ပါတီ၏အလံတော်အောက်တွင် စတင် စုစည်းကြပါရန် လေးနက်တည်ကြည်စွာဖြင့် ဖိတ်ခေါ်အပ်ပါသည်။

” ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဆောင်ပုဒ်ကို ကိုင်စွဲဆောင်ရွက်ကြ။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)
၂၀၁၄ခုနှစ် အောက်တိုဘာလ ၃၁ ရက်။

Continue Reading

(၂၆) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် သဘောထားထုတ်ပြန်ကြေညာချက်

ယနေ့ ၂၀၁၄ခုနှစ်၊ အောက်တိုဘာလ၊ (၁၄) ရက်နေ့သည် မိမိတို့ပါတီ၏သက်တမ်း (၂၆) နှစ်တင်းတင်း ပြည့်သောနေ့ ဖြစ်သည်။

ပါတီသက်တမ်း (၂၆) နှစ်တာအတွင်း နယ်မြေဒေသအသီးသီးတွင် သဏ္ဍာန်အမျိုးမျိုးနှင့် လူမျိုးစုံမြန်မာ ပြည်သူတို့၏အကျိုးစီးပွားကို မျက်နှာမူပြီး ပါတီ၏အလံတော်ကို ဦးလည်မသုန် သယ်ဆောင်ထမ်းရွက်ခဲ့ကြသော ပါတီ ၀င်ရဲဘော်မျိုးဆက်အသီးသီးကို ပါတီမှ အထူး အလေးအမြတ်ပြု တန်ဖိုးထားပါကြောင်း ဦးစွာ ဖေါ်ပြအပ်ပါသည်။

ယနေ့ကာလသည် ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် (၁) နှစ်ခန့်သာ လိုတော့သည့်ကာလ ဖြစ်သည်။ သို့သော် ယနေ့အချိန်အထိ မြန်မာနိုင်ငံလူဦးရေ၏ (၇၀) ရာခိုင်နှုန်းရှိသည့် တောင်သူလယ်သမားများ၏ ဘ၀အခြေအနေမှာ မလုံမခြုံ ဖြစ်နေရဆဲဖြစ်သည်။ယနေ့အထိ မြေသိမ်းယာသိမ်းခံနေကြရပြီး သိမ်းဆည်းခံလယ် ယာမြေ ပြန်လည်ရရှိရေးကိစ္စမှာ ဖြေရှင်း၍မရသည့်ပြဿနာသဖွယ် ခက်ခဲမြဲ ခက်ခဲလျက် ရှိနေဆဲဖြစ်သည်။

ထိုနည်းတူ အလုပ်သမားများသည်လည်း အခြေခံရပိုင်ခွင့်များပင် ပြည့်မီအောင်မရရှိနိုင်ကြသေးပဲ အကြပ် အတည်းအမျိုးမျိုးနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။ မြို့နေအခြေခံလူထု၏ နေ့စဉ်ရှာဖွေစားသောက်မှုဘ၀အခြေအနေများသည်လည်း ကြမ်းတန်းနေဆဲ၊ ဆင်းရဲ ချမ်းသာ ကွာဟမှု၏ နောက်ဆက်တွဲဆိုးကျိုးများကို ကုန်းရုန်းပြီး ခါးဆည်းခံနေကြရဆဲဖြစ်သည်။

ကျောင်းသားလူငယ်များသည်လည်း ကျောင်းသားထု၏ကံကြမ္မာကို အာမခံနိုင်သည့် အမျိုးသားပညာရေး မူဝါဒတရပ် အခိုင်အမာချမှတ်နိုင်ရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရဆဲဖြစ်သည်။ တရားဥပဒေစိုးမိုးရေးနှင့် လွတ်လပ်သည့်တရားရေးမဏ္ဍိုင်တရပ်ထွန်းကားရေးသည်လည်း ချို့ယွင်းအားနည်း နေဆဲဖြစ်သည်။ ခိုင်မာသည့်အပစ်အခတ်ရပ်စဲရေးနှင့် စစ်မှန်သည့်ငြိမ်းချမ်းရေးကိုတည်ဆောက်ရန် ကြိုးပမ်းနေကြသည်ဆို သော်လည်း ဆက်လက်ညှိနှိုင်းရန်ကျန်ရှိနေဆဲ၊ အခက်အခဲများကို ကျော်ဖြတ်ရန် အားယူနေရဆဲဖြစ်သည်။

ချုပ်၍ဆိုရလျင် ယနေ့ကာလဒီမိုကရေစီအပြောင်းအလဲဆိုသည်များသည် လူမျိုးစုံမြန်မာပြည်သူအများစုကြီး အဖို့ ပြောပလောက်အောင် သက်ရောက်မှုမရှိသေးသလို ဖြစ်နေသည်ဟု မိတို့ပါတီက ရှုမြင်ပါသည်။ ဤကဲ့သို့သောအနေအထားသည် ကျေနပ်လက်ခံစရာကောင်းသည့် အနေအထားတရပ် မဟုတ်ကြောင်း မိမိတို့ပါတီက အလေးအနက် ခံယူပါသည်။

ဤကဲ့သို့သောအနေအထားမှ မြန်နိုင်သမျှအမြန်ဆုံး ရုန်းထွက်ကြရပါလိမ့်မည်။ တစ်ရက်စော၍ ရုန်းထွက်နိုင်လျင် ပြည်သူလူထုအဖို့ တစ်ရက်သက်သာမည့်ကိစ္စဖြစ်သည့်အတွက် ဤတာ ၀န်သည် တမျိုးသားလုံးဆိုင်ရာ ယနေ့ကာလ နိုင်ငံရေးတာဝန်ဖြစ်သည်ဟု မိမိတို့ပါတီက ယုံကြည်ပါသည်။ ထို့အတွက် နိုင်ငံရေးအင်အားစုအသီးသီးအနေဖြင့် တိုင်းပြည်နှင့်ပြည်သူလူထုအကျိုးကို တည့်တည့်ဖြောင့် ဖြောင့် မျက်နှာမူပြီး လက်တွဲကြိုးပမ်းအဖြေရှာကြရမည် ဖြစ်ပါသည်။

နိုင်ငံရေးအင်အားစုအသီးသီးအနေဖြင့်-

၁။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အပြည့်အဝအာမခံနိုင်ရေး

 ၂။ ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးနှင့် စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ရေး

၃။အမျိုးသားများ၏တန်းတူရေးနှင့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပြည့်အ၀အာမခံနိုင်သော ဒီမိုကရက်တစ်ဖက်ဒရယ်
ပြည်ထောင်စုကြီး တည်ဆောက်နိုင်ရေးနှင့်

၎။အစဉ်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်းတရပ်တည်ဆောက်နိုင်ရေး စသည့် ရည်မှန်းချက်များကို အပြည့်
အ၀ ဖေါ်ဆောင်ပေးကြရပါလိမ့်မည်။

ထိုသို့ဆောင်ရွက်နိုင်ဖို့အတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုများအပါအ၀င် နိုင်ငံရေးအင်အားစုအားလုံး ပါဝင်သည့် တန်းတူရည်တူ တွေ့ဆုံဆွေးနွေးအဖြေရှာသည့် ပြည်ထောင်စုညီလာခံတရပ်ကို ကနဦးခြေလှမ်းတလှမ်းအဖြစ် မလွဲမသွေ ခေါ်ယူဆောင်ရွက်ကြရန် လိုအပ်သည် ဟု မိမိတို့ပါတီက အခိုင်အမာ ယုံကြည်ပါသည်။ ထိုသို့ဆောင်ရွက်နိုင်ရေးအတွက်လည်း အင်အားစုအသီးသီး အနေဖြင့် ဝိုင်းဝန်းကြိုးပမ်းကြပါရန် မိမိတို့ပါတီက အလေးအနက် တိုက်တွန်းအပ်ပါသည်။

ထိုဖြစ်စဉ်သည် အခက်အခဲများ၊ စိန်ခေါ်ချက်များ မြောက်မြားစွာရှိကောင်းရှိနိုင်ပါသည်။

မည်မျှပင် ခက်ခဲစေကာမူ မိမိတို့ပါတီအနေဖြင့် အခြားသော အင်အားစုများနှင့်အတူ၊ လူမျိုးစုံမြန်မာပြည်သူ တို့နှင့်အတူ ကျရာအခန်းမှ အတက်ကြွဆုံးလက်တွဲထမ်းရွက်သွားရန် အခိုင်အမာသန္နိဋ္ဌာန်ချမှတ်ထားပါကြောင်း (၂၆) နှစ်ပြည့် ပါတီတည်ထောင်ခြင်းနေ့အထိမ်းအမှတ် နိုင်ငံရေးဆွေးနွေးပွဲတွင် မိမိတို့ပါတီ၏သဘောထားကို အလေး အနက် တင်ပြအပ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)
၂၀၁၄ ခုနှစ်၊ အောက်တိုဘာလ (၁၄) ရက်။

Continue Reading

ပါတီ၏ အလံတော်အောက်တွင် ညီညွတ်ခိုင်မြဲစွာ ပူးပေါင်းလက်တွဲ၍ အမျိုးသားရေးတာဝန်များကို သယ်ပိုးထမ်းရွက်ကြပါရန် ဖိတ်ခေါ်ခြင်း

၂၀၁၄ခုနှစ် မေလ (၁၈) ရက်

ပါတီရဲဘော်များ၊ ပါတီကို ချစ်ခင်တန်ဖိုးထားသူများ၊ ပါတီလိုလားသူများနှင့် ပါတီ၏ လုပ်ဖေါ်ကိုင်ဖက်များခင်ဗျား

မိမိတို့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို တရားဝင်နိုင်ငံရေးပါတီတရပ်အဖြစ် ပြည်တွင်းတွင် ပြန်လည်ရပ်တည်လှုပ်ရှားနိုင် ရေးအတွက် မိမိတို့သည် ၂၀၁၂ခုနှစ်ဖေဖေါ်ဝါရီလ (၅)ရက်နေ့မှစတင်ပြီး လိုအပ်သည့် ကနဦးဆောင်ရွက်ရန်လုပ်ငန်းများအား ပါတီ၏ ဂုဏ်သိက္ခာကို အသက်တမျှထိန်းသိမ်းရင်း စနစ်တကျ ဆောင်ရွက်ခဲ့ကြပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်း ဦးဆောင်သောအဖွဲ့နှင့် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခြင်း၊ နိုင်ငံတော်သမ္မတထံသို့ စာ ရေးသားပေးပို့ခြင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးခြင်း၊ ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံဆွေးနွေးခြင်းအပါအ၀င် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်ကိစ္စ များကို ဆောင်ရွက်ခဲ့ကြပါသည်။ တဖက်တွင်လည်း မိမိတို့သည် ပါတီစည်းရုံးရေးလုပ်ငန်းများကို ပြည်တွင်းရှိ ပါတီစုစည်းရေးကော်မတီ များနှင့်အတူ နိုင်ငံအနှံ့ အတတ်နိုင်ဆုံး အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါသည်။

သို့ဖြစ်၍ ပါတီသည် ပါတီသက်တမ်းတလျောက်လုံးအတွင်း ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ရုန်းကန်လှုပ်ရှားရင်း ပါတီအလံကို လွှင့်ထူ သယ်ဆောင်ခဲ့ကြသော ပါတီရဲဘော်များဖြင့် ပါတီခေါင်းဆောင်မှုကို အောက်ပါအတိုင်း အခိုင်အမာ တည်ဆောက်နိုင်ခဲ့ကြပြီ ဖြစ်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီဝင်များ

၁။ ဦးအောင်မိုးဇော် သဲကုန်းမြို့
၂။ ဦးမြင့်နိုင်(ခွန်ရဲသွေး) တောင်ကြီးမြို့
၃။ ဦးငြိမ်းချမ်း မန္တလေးမြို့
၎။ ဦးငွေလင်း သန်လျင်မြို့
၅။ ဦးသီဟထွဋ်ခင်(ဦးသီဟ) ပြည်မြို့
၆။ ဒေါ်နှင်းနှင်းမွှေး သာကေတမြို့
၇။ ဦးထွဋ်ဦးလှိုင် စစ်ကိုင်းမြို့
၈။ ဦးဇော်ဇော်ထွန်း တောင်ငူမြို့
၉။ ဦးတိုးတိုးထွန်း မြောင်းမြမြို့
၁၀။ ဒေါ်နိုးနိုးထက်စံ တောင်ငူမြို့
၁၁။ ဦးကျော်ကျော်စိုး မန္တလေးမြို့
၁၂။ ဉ်ီးအောင်မျိုးဦး(ရင်နီ) မြောက်ဥက္ကလာပမြို့
၁၃။ ဦးဝင်းမြင့်ဦး (ဦးနေမျိုး) တောင်ကြီးမြို့
၁၄။ ဦးကျော်မိုးလှိုင် မုံရွာမြို့
၁၅။ ဦးမျိုးလွင်(ကျော်မိုးလွင်အောင်) သံတွဲမြို့
၁၆။ ဦးနေဝင်း(ဦးညီညီ) ကျောက်တံတားမြို့
၁၇။ ဦးမင်းနိုင် မြောက်ဒဂုံမြို့
၁၈။ ဦးတင်ကိုအောင် မန္တလေးမြို့
၁၉။ ဒေါ်တင်တင်ချို အောင်လံမြို့
၂၀။ ဦးညီညီအောင် မန္တလေးမြို့
၂၁။ ဦးအောင်နိုင်ဦး မကွေးမြို့

သို့သော် မိမိတို့ ယခုစုစည်းထားနိုင်သည့် ခေါင်းဆောင်မှုသည် ပဏာမ စုစည်းချက်မျှသာ ဖြစ်သည်ဟု မိမိတို့က ခံယူပါ သည်။ ပါတီဝင်ရဲဘော်များ၊ ပါတီဝင်ရဲဘော်ဟောင်းများ၊ ပါတီမိတ်ဆွေများ၊ ပါတီလိုလားသူများနှင့် နယ်ပယ်အသီးသီးရှိ လူထုလူတန်း စားအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်နေသော လုပ်ဖေါ်ကိုင်ဖက်များဖြင့် ပါတီ၏ခေါင်းဆောင်မှုကို ပါတီစည်းရုံးရေးမူများနှင့်အညီ ဆက်လက်တိုးချဲ့သွားရန် အခိုင်အမာ ဆုံးဖြတ်ချက် ချထားကြပါသည်။

ယနေ့ဆိုလျင် ပါတီသည် တရားဝင်နိုင်ငံရေးပါတီတရပ်အဖြစ် တည်ထောင်ခွင့် ရရှိပြီး ဖြစ်ပါသည်။

မိမိတို့ပါတီအနေဖြင့်

ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးကို အပြည့်အဝအာမခံနိုင်ရေး၊ ငြိမ်းချမ်းရေး၊ အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်ကို အာမခံနိုင်သော ပြည်နယ်ပေါင်းစုပြည်ထောင်စုကြီး တည်ဆောက်ရေး၊ အစဉ်ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့ အစည်းတည်ဆောက်ရေး စသည့် မိမိတို့ပါတီ၏နိုင်ငံရေးဦးတည်ချက် (၅) ရပ်ကို ခြေလှမ်းရှိရှိ အကောင်အထည်ဖေါ်ဆောင် သွားလိုပါသည်။
” ပြည်သူသာအမိ၊ ပြည်သူသာအဖ” ဟူသည့် ပါတီ၏ဆောင်ပုဒ်ကို ကိုင်စွဲပြီး လူမျိုးစုံမြန်မာပြည်သူများကို အတက်ကြွဆုံး အလုပ်အကျွေး ပြုသွားလိုပါသည်။
မိမိတို့ပါတီဝင်များအတွင်း အပြန်အလှန်တန်ဖိုးထားမှု၊ အပြန်အလှန်အသိအမှတ်ပြုမှုတို့ဖြင့် ညီညွတ်ရေးကို အစွမ်းကုန် တည်ဆောက်ပြီး မိမိတို့ပါတီအလံတော်အား အမြင့်မားဆုံးလွှင့်ထူသွားလိုပါသည်။
 ပြည်တွင်းပြည်ပရှိ တိုင်းရင်းသားနိုင်ငံရေးအင်အားစုများ၊ ဒီမိုကရက်တစ်အင်အားစုများ၊ လူထုအခြေပြုအဖွဲ့အစည်းများ၊ နိုင်ငံ ရေးတက်ကြွလှုပ်ရှားသူများအားလုံးနှင့် အရင်းနှီးဆုံး လက်တွဲဆောင်ရွက်သွားလိုပါသည်။
လူထုလုပ်ငန်းများကို ဆောင်ရွက်ရင်း၊ အဖိနှိပ်ခံ လူမျိုးစုံ ပြည်သူများဘက်ကရပ်တည်ရင်း ပြည်သူလူထုကိုအလုပ်အကျွေးပြု သည့်၊ ပြည်သူလူထုကအမှန်တကယ်အားထားယုံကြည်သည့် ပါတီတရပ်ဖြစ်လာရေးအတွက် အစွမ်းကုန် တည်ဆောက် သွားလိုပါသည်။
မိမိတို့ပါတီကို စနစ်တကျစည်းရုံးတည်ဆောက်လျက် သင့်လျော်သောအချိန်တခုတွင် နိုင်ငံလုံးဆိုင်ရာပါတီညီလာခံကြီးတရပ် ခေါ်ယူကျင်းပသွားလိုပါသည်။
သို့အတွက် ပါတီရဲဘော်များ၊ ပါတီကိုချစ်ခင်တန်ဖိုးထားသူများ၊ ပါတီလိုလားသူများနှင့် ပါတီ၏လုပ်ဖေါ်ကိုင်ဖက်များအားလုံးအား ပါတီ၏အလံ တော်အောက်တွင် အမြန်ဆုံးလာရောက်စုရုံးကြပါရန်နှင့် ညီညွတ်ခိုင်မြဲစွာ ပူးပေါင်းလက်တွဲ၍ ယနေ့ကာလ အမျိုးသားရေးတာဝန် များကို မိမိတို့နှင့်အတူတကွ သယ်ပိုးထမ်းရွက်ပေးကြပါရန် မိမိတို့က တည်ကြည်လေးနက်စွာဖြင့် လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်အပ်ပါ သည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဋ္ဌာနချုပ်)

Continue Reading

ပြည်ခရိုင် လယ်သမားထု၏ ဆန္ဒဖေါ်ထုတ်ပွဲအား ကြိုဆိုထောက်ခံခြင်း

၂၀၁၄ ခုနှစ် ၊ မတ်လ ၊ ၂၉ ရက်။

၁။ မြန်မာပြည်လယ်သမားထုသည် နိုင်ငံအဖြစ် စတင်ထူထောင်ခဲ့ကြရာ (၁၁)ရာစုကာလမှပင် ယနေ့အထိ အနိုင်ကျင့် ဗိုလ်ကျ ခံရမှု၊ သွေးစုတ်ချယ်လှယ်ခံရမှု၊ နိမ့်ကျသောထုတ်လုပ်မှုပုံစံကြောင့် စီးပွားရေးဘဝချို့တဲ့မှု၊ သဘာဝဘေးရန် မြေရှင်၊ငွေရှင် တို့၏ သီးစားခ၊ အတိုးကြီးချေးငွေ စသည်တို့၏ နှိပ်စက်ဒဏ်၊ အုပ်ချုပ်ရေး အာဏာစက် အဆက်ဆက်၏တာဝန်မဲ့မဲ့ လစ်လျူရှုခံရမှုဒဏ် စသည့်ဖိစီးမှုပေါင်းစုံအောက်ဝယ် လူချင်းမမျှသော လူမှုဘဝနိမ့်ကျခြင်းဒဏ်ချက်အမျိုးမျိုးကို စဉ်ဆက်မပြတ် ခံစားခဲ့ကြရသည်။

၂။ ယနေ့ကာလ ဒီမိုကရေစီ အသွင်ကူးမှုဖော်ဆောင်နေကြောင်း ကြွေးကြော်နေသည့် အစိုးရလက်ထက်တွင်လည်း မကြာမီ ပြောင်းလဲ၊ရောက်ရှိလာဘွယ်ဖြစ်သည့် စီးပွားအခွင့်အလမ်းတို့အတွက် ဓနဥစ္စာ၊အခွင့်အာဏာတို့ကို အသုံးချပြီး အသင့်ပြင်နေကြကုန်သော စီးပွားရေးခရိုနီများ၊အာဏာပိုင်အဖွဲ့အစည်းများ၊အထွေထွေ အပြားပြားသော စီမံကိန်းများက မြေသိမ်း၊ယာသိမ်း အနိုင် ကျင့်မှုများကို အရက်စက်ဆုံး ကျူးလွန်ခံနေကြရပေသည်။ ၎င်း ဖိစီး၊နှိပ်စက်ဒဏ်များကို ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းရေးအတွက် ဥပဒေဖြင့် လုံလောက်သော အကာအကွယ်ပေးမှုလည်း မခံစားရ၊ တကိုယ်ချင်း၊တစုချင်း ဖြစ်နိုင်သမျှ ဥပဒေဘောင်တွင်းကြိုးပမ်းမှု အားလုံးလိုလိုသည်လည်း တည်ဆဲဥပဒေများကို ချိုးဖောက်နေသည်ဟု စွပ်စွဲခံရလျက် ပြစ်ဒဏ်အမျိုးမျိုး စီရင်ခံနေကြရသည်။ ကျေးလက်လူ့အဖွဲ့အစည်း၏ မိသားစုအသက်မွေးဘဝ ပြိုကွဲလျက် အရွယ်ကောင်း၊လုပ်အားရှိ လယ်သမားမိသားစုဝင်များမှာ မြေယာများကိုစွန့်ခွာပြီး မြို့ပြ လက်လုပ်လက်စားများအဖြစ် အဆက်မပြတ် မပြောင်းချင်ဘဲ ပြောင်းလဲနေကြရသည်။

၃။ ပြည်ခရိုင်တွင်း လယ်သမားများမှာလည်း စီမံကိန်းများ၊ သ/မ အမည်ခံ ငွေရှင်များ၊ ဒေသတွင်းတပ်ဖွဲ့များ၏ အဓမ္မမြေယာ သိမ်းဆည်းခံရမှုကြောင့် ဧကသောင်းချီသောမြေယာဆုံးရှုံးမှု၊ မိသားစုဝင်သောင်းချီ၍ စီးပွားရေးဘဝ လူမှုရေးဘဝ ပျက်စီးမှုများခံစား နေကြရပြီး ပြန်လည်ရရှိရေး ကြိုးပမ်း၊အားထုတ်ရာအဆင့်တိုင်း၌ ဖိနှိပ်မှု၊မတရားမှုပေါင်းစုံကို အကာအကွယ်မဲ့စွာ ရင်ဆိုင်ခဲ့ကြရလေသည်။ လယ်သမားများနှင့် လယ်သမားအရေးကူညီအကျိုးဆောင်သူ အမြောက်အမြား ဖမ်းဆီး၊ရိုက်နှက်၊တရားစွဲဆိုခံကြရခြင်း၊ ထောင်သွင်းအကျဉ်းချခံရခြင်း၊ အချို့ အသက်ဆုံးရှုံးသည်ထိ တာဝန်မဲ့မဲ့ အနိုင်ကျင့်၊နှိပ်စက်ခံနေကြရခြင်းများနှင့် ရင်ဆိုင်နေကြရ ပေသည်။

၎။ ၎င်း ပြည်ခရိုင် လယ်သမားထုကြီးက မိမိတို့ အခွင့်အရေး ရှိသည်နှင့်အညီ၊ “ သိမ်းဆည်းခံလယ်ယာမြေများ ပြန်လည်ရရှိ ရေး၊ ဖမ်းဆီးခံ လယ်သမားများ ပြန်လွှတ်ပေးရေး၊ လယ်သမားအခွင့်အရေး ကာကွယ်သည့် ဥပဒေပေါ်ပေါက်ရေး၊ လယ်သမား အရေး ပြဿနာများ ဖြေရှင်းရာတွင် တရားမျှတ၍၊ ဒီမိုကရေစီနည်းကျစွာ ယဉ်ကျေးစွာ ဆွေးနွေး၊ဖြေရှင်းရေး ” ဆိုသည့် မိမိတို့ လိုလားချက်များကိုစုစည်းညီညွတ်စွာ တောင်းဆို၊ဆန္ဒပြကြခြင်းအား မိမိတို့ပါတီက အပြည့်အ၀ ထောက်ခံ၊ကြိုဆိုပါသည်။ ဆက်လက်၍ မပြီးပြတ်နိုင်သေးသော လယ်ယာမြေနှင့် လယ်သမားလူထုအရေးများကို စံနစ်တကျ ကိုင်တွယ်၊ဖြေရှင်း နိုင်ရေး၊ လယ်သမား လူတန်းစားပြဿနာအဝဝကို ရင်ဆိုင်၊ဖြတ်ကျော်နိုင်ရေးတို့အတွက် ယခုစုစည်းညီညွတ်မှုကို ဆက်လက် ထိန်း သိမ်းလျက် မိမိတို့ လယ်သမားလူထုကြား သွေးစည်းမှု အခိုင်အမာရယူပြီး လွတ်လပ်သော ဒေသဆိုင်ရာ လယ်သမားသမဂ္ဂ ကြီးတရပ် စုဖွဲ့၊ပေါ်ပေါက်လာနိုင်သည်ထိ ကြိုးပမ်း၊အောင်မြင်ကြလိမ့်မည် ဟုလည်း ယုံကြည်၊မျှော်လင့်ပါသည်။

၅။ ပြည်ထောင်စုအစိုးရ၊ ပဲခူးတိုင်းဒေသကြီးအစိုးရ၊ ခရိုင်အုပ်ချုပ်ရေးတာဝန်ရှိသူများအပါအ၀င် အာဏာပိုင်အဆင့်ဆင့်အနေဖြင့် မိမိနိုင်ငံသားတို့၏ အခြေခံအခွင့်အရေးများကိုလေးစား၊အသိအမှတ်ပြုလျက်၊ တရားနည်းလမ်းကျစွာ၊ဒီမိုကရေစီနည်းကျစွာ၊ ယဉ် ကျေး ထောက်ထားစွာလက်ခံ ဖြေရှင်းပေးကြပါရန် မိမိတို့ပါတီက အလေးအနက် တိုက်တွန်း၊တောင်းဆိုလိုက်ပါသည်။

ဗဟိုစည်းရုံးရေးကော်မတီ
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ(ဌာနချုပ်)

Continue Reading