NNER ၆ လပတ်အစည်းအဝေးနှင့် ပညာရေးဟောပြောဆွေးနွေးပွဲ

ပါတီလှုပ်ရှားမှုများ

ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) လုပ်ငန်းအဖွဲ့များ၏ ၆ လပတ် အစည်းအဝေးကို ၁-၁၀-၁၆ ရက်နေ့က မကွေးမြို့၊ နန်းထိုက်သူဟိုတယ်၌ ကျင်းပခဲ့ပါသည်။ NNER လုပ်ငန်းအဖွဲ့အသီးသီး၏ လုပ်ငန်းအစီရင်ခံစာများကို ဖတ်ကြားတင်သွင်းခဲ့ပြီး ကျောင်းသုံးပြဋ္ဌာန်းထားသည့် ဖတ်စာအုပ်များအပေါ် ဝေဖန်သုံးသပ်ခဲ့ကြပါသည်။ NNER ကိုယ်စားပြုကော်မတီကို ဖွဲ့စည်းခဲ့ပြီး တက်ရောက်လာသောကိုယ်စားလှယ်များက ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးအကြံပြုခဲ့ကြပါသည်။ ကိုယ်စားပြုကော်မတီ ပထမအကြိမ်အစည်းအဝေးကို ၁-၁၀-၁၆ ရက်နေ့ ညပိုင်းတွင် ကျင်းပခဲ့ရာ ကိုယ်စားပြုကော်မတီ၏ သက်တမ်းနှင့် လုပ်ငန်းတာဝန်များ၊ ရှေ့လုပ်ငန်းစဉ်များကို ဆွေးနွေးအတည်ပြုခဲ့ကြပါသည်။ ၂-၁၀-၁၆ ရက်နေ့တွင် “နိုင်ငံအသွင်ကူးပြောင်းမှုကာလအတွင်း ပညာရေးပြုပြင်ပြောင်းလဲမှု” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပွဲကို နန်းထိုက်သူဟိုတယ်၌ပင် ပြုလုပ်ခဲ့ပါသည်။ ပညာရေးသည် လူ့အခွင့်အရေး၊ အဆင့်မြင့်ပညာရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှု အခြေအနေ၊ နိုင်ငံအသွင် ကူးပြောင်းမှုကာလအတွင်း ပညာရေးပြုပြင်ပြောင်းလဲမှုဟူသည့် ခေါင်းစဉ်ကြီးသုံးခုဖြင့် ဆွေးနွေးခဲ့ကြပါသည်။အဆင့်မြင့်ပညာရေးကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုအခြေအနေ ခေါင်းစဉ်ဖြင့် ဆွေးနွေးကြရာတွင် ကိုဟန်သူ (မကွေးဆေးတက္ကသိုလ်၊ လူ့ဘောင်သစ် လူငယ် အတွင်းရေးမှူး)က ကျောင်းများ၌ အလွတ်ကျက်ဖြေစနစ်၊ ဆရာဗဟိုပြုသင်ကြားရေးနည်းစနစ်များကို ကျင့်သုံးခြင်းသည် အမှန်တကယ် ပညာတတ်မြောက်ရေးအတွက် အထောက်အကူမပြုကြောင်း၊ ကျောင်သားများကိုယ်တိုင်လက်တွေ့လေ့လာသင်ယူသည့် ကျောင်းသားဗဟိုပြုသင်ကြားရေးစနစ်ကို ပြောင်းလဲကျင့်သုံးမှသာလျှင် ပညာတတ်အစစ်များ ပေါ်ထွက်လာနိုင်မည် ဖြစ်ကြောင်းကို ဆွေးနွေးပေးခဲ့ပါသည်။