EC အစည်းအဝေး (၄/၂၀၁၉) ၏ လက်ရှိ နိုင်ငံရေးအခြေအနေ သုံးသပ်ချက်

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ
Current-Political-Situation-Report-to-CEC-4-2019-28-4-2019

ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေး (၄/၂၀၁၉) ၏ လက်ရှိ နိုင်ငံရေးအခြေအနေသုံးသပ်ချက်

(၂၈၊ ၄၊ ၂၀၁၉)

၁။ လက်ရှိ NLD အစိုးရအနေအထားမှာတရုတ်၊ ရုရှတို့အပေါ် နိုင်ငံရေး၊ စီးပွားရေးတို့အရမှီခိုမှု အားကြီးနေခြင်း၊ ရခိုင်အရေးအကြောင်းပြုလျက် အနောက်အုပ်စုနှင့် ဆက်ဆံရေးလုံးဝနီးပါး ပြတ်တောက်နေခြင်း၊ ရခိုင်ပြည်၊ ရှမ်းပြည်အချို့ဒေသများ၊ ကချင်ဒေသအချို့၊ ကရင်ဒေသအချို့တို့တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်း၊ လူထု၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများစသည့် ကဏ္ဍအသီးသီးတွင် ဒီမိုကရေစီဘောင် ကျဉ်းကျုံ့လာမှု၊ တိုင်းပြည်တွင်း ကြီးမားသောရင်းနှီးမြှုပ်နှံမှုစီမံကိန်းကြီးများနှင့် ပတ်သက်၍ ပွင့်လင်းမြင်သာမှု အားနည်းခြင်း၊ ငြိမ်းချမ်းရေးဖေါ်ဆောင်မှုလုပ်ငန်းစဉ် ရပ်တန့်နေခြင်း၊ လွှတ်တော်တွင်း ၂၀ဝ၈ ပြင်ဆင်ရေးလုပ်ငန်း၏ တိုးတက်မှုအလားအလာနည်းခြင်း၊ မြစ်ဆုံဆည်စီမံကိန်းကိစ္စနှင့် ပတ်သက်၍ လူထု၏ ဆန့်ကျင်လှုပ်ရှားလာမှုများစသည်တို့ကိုတွေ့မြင်ရသည်။

၂။ တိုင်းရင်းသားလူမျိုးစုများနှင့် နိုင်ငံရေးအင်အားစုများဝန်းကျင်တွင် အစိုးရနှင့် နိုင်ငံရေးအရွေ့အပေါ် ယုံကြည်မျှော်လင့်မှု အားနည်းခြင်း၊ စည်ပင်ရွေးကောက်ပွဲများ၌ မဲပေးသူအလွန်အမင်းကျဆင်းခြင်းတို့ကို အကျိုးဆက်များအဖြစ် တွေ့ရသည်။

၃။ NLD အစိုးရ၏ လတ်တလော ရှေ့ရှုဦးတည်ချက်သည် ၂၀၂၀ ရွေးကောက်ပွဲမဲအနိုင်ရရေးကို ဦးတည်နေသည်ဟု ခန့်မှန်းမိပါသည်။ တပြိုင်တည်းတွင် စစ်အာဏာရှင်အုပ်စု၏ ဦးတည်ချက်မှာ ၂၀၂၀ တွင် NLD မဲရရှိမှု နည်းပါးလျက်၊ ၎င်းတို့၏ လက်ဝေခံပါတီအများအပြားထံမဲများ ပြန့်ထွက်စေရေး၊ ၂၀၂၀ အလွန် လွှတ်တော်၌ ၎င်းတို့သဘောထားအသာစီးရနိုင်ရေးကို ဦးတည်သည်ဟု ခန့်မှန်းရပါသည်။

၄။ အလားအလာများကို အောက်ပါအတိုင်း ခန့်မှန်းမိပါသည်။

(က) တရုတ်၊ ဂျပန်၊ ရုရှ စသည့် အထောက်အပံ့ အကူအညီများ၊ ရင်နှီးမြှုပ်နှံမှုများကြောင့် တိုင်းပြည်စီးပွားရေးတွင် အပြင်ဗန်းအပြ (ဂျီဒီပီအညွှန်းကိန်းကဲ့သို့) တိုးတက်မှုများ မြင်တွေ့ရနိုင်သည်။

(ခ) အပစ်အခတ်ရပ်စဲရေးသက်တန်းတိုးမှု၊ NCA အခြေခံသော ငြိမ်းချမ်းရေးဖေါ်ဆောင်မှုများ၊ ဆွေးနွေးပွဲများဆက်လက်ရှိနေနိုင်သည်။

(ဂ) အောင်အောင်မြင်မြင် မဖြစ်သည့်တိုင် ၂၀ဝ၈ ပြင်ဆင်ရေးလှုပ်ရှားမှု၊ မြစ်ဆုံစီမံကိန်းနှင့် ပတ်သက်၍ ပါးပါးနပ်နပ်အသုံးချမှု၊ ပြည်သူအများစုက ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်လျှင် ပုဂ္ဂိုလ်ရေးအရဆက်လက် မျှော်လင့်အားထားနေမှု စသည်တို့မှာ အထက်ပါအခြေအနေများနှင့် ပေါင်းစပ်လျက် ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီမဲအများစုရရှိရေးကို ဖြစ်ပေါ်စေနိုင်သည်။

သို့သော် နှိုင်းယှဉ်ချက်အရမဲအပြတ်အသတ် နိုင်ခြေနည်းသည့်အတွက် ၂၀၂၀ အလွန် လွှတ်တော်တွင်း၌ NLD အနေဖြင့် ၎င်းအတွက် အားကောင်းသည့် မိတ်ဆွေကိုလက်တွဲရန် ကြိုးစားမှုလည်း ရှိလာနိုင်ပါသည်။

(ဃ) ပွင့်လင်းမြင်သာမှုမရှိသောစီမံကိန်းများ၊ အောက်ခြေပြည်သူအများစု၏ လူမှုစီးပွားရေးဘဝကိုအခြေခံကျကျ မြှင့်တင်နိုင်ခြင်းမရှိမှု၊ စစ်အာဏာစိုးမိုးမှု ဆက်လက်တည်မြဲနေမှု၊ လူထု၏ ဒီမိုကရေစီအခွင့်အရေးများလျစ်လျူရှုခံရမှု စသည်တို့ကြောင့် အခွင့်အရေးတောင်းဆိုလှုပ်ရှားမှုများလည်းဆက်လက် ရှိနေလိမ့်မည်ဖြစ်သည်။ ပြည်တွင်းစစ်အခြေအနေဆက်လက်ရှိနေပြီး တိုင်းရင်းသားလူမျိုးစုများ မျှော်လင့်သည့် ဒီမိုကရက်တစ်ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေးမှာ မရေမရာအနေအထားတွင်ပင် ဆက်လက်ရှိနေမည်ဟု ခန့်မှန်းမိသည်။

၅။ မိမိတို့ပါတီအနေဖြင့် အများစု ပြည်သူလူထုကြီး၏ အခြေခံအခွင့်အရေးများအတွက် တောင်းဆိုလှုပ်ရှား ရုန်းကန်မှုများတွင် ဆက်စပ်ပါဝင်၍ စည်းရုံးရေးအင်အားကိုတိုးချဲ့နိုင်ရန် ကြိုးပမ်းရမည်ဖြစ်သလို၊ တပြိုင်တည်းတွင် အထက်ပါ အခြေအနေနှင့် အလားအလာများအောက်တွင် ၂၀၂၀ ရွေးကောက်ပွဲကိုနည်းနာကြွယ်ကြွယ်၊ ရည်မှန်းချက်ရှိရှိ ဖြတ်သန်းနိုင်ရန် ပြင်ဆင်သင့်သည်ဟုတိုက်တွန်းအပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်ကော်မတီ

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (ဌာနချုပ်)

[ngg src=”galleries” ids=”640″ display=”basic_thumbnail”]