AA အဖွဲ့ကို တန်းတူဆွေးနွေးခွင့်ပြုပြီး နှစ်ဖက်အပစ်အခတ်ရပ်စဲရန် လိုအပ်သည်ဟု ဆို

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

Newsweek ၊ ၆၊ ဇွန်၊ ၂၀၁၉။ ကြာသပတေး

ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသော တိုက်ပွဲများနှင့် ပတ်သက်၍ တပ်မတော်အနေဖြင့် သဘောထားကြီးစွာထားပြီး AA အဖွဲ့ကို တန်းတူအသိအမှတ်ပြုကာ နှစ်ဖက်အပစ်အခတ်ရပ်စဲရေး ဆွေးနွေးသင့်ကြောင်း ရခိုင်ဒေသခံဖြစ်သူ ဝံဖက်ဖောင်ဒေးရှင်း ရခိုင်ပြည်၏ အမှုဆောင်ဒါရိုက်တာ ခိုင်ကောင်းစံက ဇွန် ၂ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

“ရခိုင်အရေးသည် ပြည်ထောင်စုအရေး ဖြစ်သည်၊ စစ်ပွဲများ ချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” ဟူသည့် ခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရာမခရစ်သျှနာခန်းမတွင် ဇွန် ၂ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ရာ ယင်းနိုင်ငံရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သူ ခိုင်ကောင်းစံက ယင်းကဲ့သို့ ပြောကြားခဲ့ကြောင်း သိရသည်။

“ကျန်းမာရေးနဲ့ ပညာရေးတွေမှာ အားမဖြည့်ဘဲနဲ့ စစ်မှာပဲ တည်ဆောင်နေသမျှ ကာလပတ်လုံး ကျွန်တော်တို့ရဲ့ တိုင်းပြည်ဟာ ချွတ်ခြုံကျနေဦးမှာပါပဲ။ အဲဒါကြောင့် စစ်ပွဲတွေ ရပ်ဖို့ လိုပါတယ်။ အခု စစ်ပွဲတွေအတွက် သုံးစွဲနေရတဲ့ ငွေကြေးတွေဟာ တကယ်လို့ စစ်ပွဲကိုရပ်လိုက်လို့ရှိရင် စစ်မြေပြင်မှာ သုံးတဲ့ဟာ၊ စစ်လက်နက်တွေအတွက် သုံးတဲ့ ဟာတွေ မဖြစ်ဘဲနဲ့ ကျွန်တော်တို့ရဲ့ တိုင်းပြည်တည်ဆောက်ရေးကဏ္ဍတွေဖြစ်တဲ့ ကျန်းမာရေး၊ ပညာရေး စတဲ့ နေရာတွေမှာ အသုံးပြုရမယ့် ငွေကြေးတွေပါ။ ငွေကြေးဆုံးရှုံးတာက ပြန်ရှာလို့ ရနိုင်ပါတယ်။ အဲဒီလို ပြန်ရှာလို့ ရနိုင်ပေမယ့် ယုံကြည်မှုပျက်ပြားရင်တော့ ပြန်လည်တည်ဆောက်ရတာ ခက်ပါတယ်။ အဲဒါကြောင့် တပ်မတော်အနေနဲ့ သဘောထားကြီးပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရခိုင့်တပ်မတော်ကို တန်းတူညီတူဆွေးနွေးခွင့် အသိအမှတ်ပြုဖို့၊ နှစ်ဖက်အပစ်အခတ်ရပ်စဲဖို့ ဆွေးနွေးကြပါလိုပ ပြောကြားလိုပါတယ်”ဟု ခိုင်ကောင်းစံက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများကြောင့် ဒေသခံပြည်သူများမှာ စစ်ဘေးရှောင်စခန်းသို့ တိမ်းရှောင်နေရကြောင်း၊ လက်ရှိတွင် မိုးတွင်းကာလဖြစ်ခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူများမှာ အခက်အခဲများစွာ ရှိသဖြင့် တပ်မတော်အနေဖြင့် အပစ်အခတ် ရပ်စဲရေးကို ဆောင်ရွက်သင့်ကြောင်းလည်း ၄င်းက ထည့်သွင်းပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့်ပတ်သက်၍ စစ်ရေးအရ မဖြေရှင်းဘဲ နိုင်ငံရေးအရ စားပွဲဝိုင်းပေါ်တွင် ဆွေးနွေးအဖြေရှာသင့်ကြောင်း၊ ယင်းသို့ ဆောင်ရွက်နိုင်ရေးအတွက် အင်အားကြီးသူဘက်မှ သဘောထားကြီးစွာဖြင့် အပစ်အခတ်ရပ်စဲရေးကို ကြေညာသင့်ကြောင်း၊ ယင်းဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးခဲ့သူ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် AA အဖွဲ့တို့အကြား တိုက်ပွဲများဖြစ်ပွားမှုကြောင့် လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း စစ်ဘေးရှေင်ပြည်သူများမှာ ဦးရေ ၅၀ဝ၀ဝ ကျော်အထိ ရှိနေပြီဖြစ်ကြောင်း သိရသည်။