မြောက်ဦးဒေသ စစ်မဲ့ဇုန်သတ်မှတ်ရေး အပါအဝင် တစ်ပြည်လုံးရှိ စစ်ရေးလှုပ်ရှားမှုများ ရပ်ဆိုင်းရန် အဖွဲ့အစည်း ၁၀ဝ ကျော်တောင်းဆို

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

Mon, 2019-06-03 04:18, စံတော်ချိန်သတင်းစာ

ရခိုင်ပြည်နယ် မြောက်ဦးဒေသကို စစ်မဲ့ဇုန်အဖြစ် သတ်မှတ်ကြေညာပေးရန်အပါအဝင် တစ်ပြည်လုံးရှိ စစ်ရေးလှုပ်ရှားမှုများအား ရပ်ဆိုင်း ပေးရန် နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများပါဝင်သော အဖွဲ့အစည်းပေါင်း ၁၀ဝ ကျော်က ဇွန် ၂ ရက်တွင် တောင်းဆိုလိုက်သည်။

”ရခိုင်အရေးသည် ပြည်ထောင်စုအရေးဖြစ်သည်၊ စစ်ပွဲများချက်ချင်းရပ်၊ နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာ” ဟူသောခေါင်းစဉ်ဖြင့် နိုင်ငံရေးစကားဝိုင်းကို ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ်ရှိ ရာမခရစ်သျှနာခန်းမတွင် ဇွန် ၂ ရက် မွန်းလွဲ ၁ နာရီက ကျင်းပခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် အဖွဲ့အစည်း ပေါင်း ၁၀ဝ ကျော်၏ ပူးတွဲသဘော ထားထုတ်ပြန်ကြေညာချက်ကို ဖတ်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းသဘောထား ကြေညာချက်တွင် တစ်ပြည်လုံးထိုး၊ တိုက်စစ်၊ စစ်ရေးလှုပ်ရှားမှုများအားလုံး (တပ်မတော်ဘက်က အစပြုပြီး) ရပ်ဆိုင်းရန်၊ ဃြဗ ၊ ၂၁ ရာစုပင်လုံသာမက နိုင်ငံရေးအင်အားစုများအားလုံးပါဝင်နိုင်သည့် အခြားဖြစ်နိုင်ခြေနည်းလမ်းပေါင်းစုံ လက်ခံပြီး ဆွေးနွေးအဖြေရှာကြရန်၊ သတင်းမီဒီယာအား လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ပြုရန်၊ အကြမ်းဖက် သောင်းကျန်းသူ၊ မတရားအသင်း စသည့်ပုဒ်မများဖြင့် ကန့်သတ်၊ ပစ်ပယ်၊ ပထုတ်၊ ချန်လှပ်ထားမှု အမိန့်ဥပဒေများ ပယ်ဖျက်ပေးရန်၊ မြောက်ဦးဒေသအား စစ်မဲ့ဇုန်အဖြစ် အမြန်ဆုံးသတ်မှတ် ကြေညာပေးရန်၊ အစိုးရ၊ တပ်၊ တိုင်းရင်းသားတော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်ဘာသာရေးခေါင်းဆောင်များ၊ တတ်သိပညာရှင်များစသည့် ကိုယ်စားလှယ်များဖြင့် နိုင်ငံရေးအရဆွေးနွေးအဖြေရှာရန် အလေးအနက်တောင်းဆိုကြောင်း ပါရှိသည်။

ထို့ပြင် တိုင်းပြည်သည် အလုပ်သမား၊ ဝန်ထမ်းများ လုပ်ခလစာနှင့် စားဝတ်နေရေးပြဿနာ၊ ကျေးလက်နေ တောင်သူလယ်သမား ပြည်သူများ၊ မြေယာ၊ သီးနှံ၊ သဘာဝဘေးနှင့် စားဝတ်နေရေးအထွေထွေပြဿနာများ၊ ပညာရေးစနစ်၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသားအခွင့်အရေးဆိုင်ရာပြဿနာများ၊ အခြေခံလက်လုပ်လက်စား လူတန်းစားများ၏ စားဝတ်နေရေးဘဝ ပြဿနာ၊ ပြည်သူများ၏ လုံခြုံရေးနှင့် ရာဇဝတ်မှု ထူပြောများပြားလာမှုပြဿနာ၊ ဥပဒေနှင့် တရားဥပဒေလွှမ်းမိုးတည်ငြိမ်မှုအားနည်းသည့် ပြဿနာများ တဖြည်းဖြည်းတိုးပွားလာနေကြောင်း၊ တပ်မတော်ထိပ်ပိုင်းခေါင်းဆောင်များအနေဖြင့် တိုင်းပြည်ရေးရာများတွင် နှစ် ၆၀ကျော် ပါဝင်ပတ်သက်ခဲ့မှု၏ သက်ရောက်မှုများအပေါ် အဘက်ဘက်က အသေအချာ သုံးသပ်သင့်ကြောင်း ယင်းသဘောထားကြေညာချက်တွင် အကြံပြုဖော်ပြထားသည်။

ဆက်လက်၍ တပ်မတော်သည် တိုင်းပြည်၏နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေးနယ်ပယ်များ၌ ဆုပ်ကိုင်ပတ်သက်နေမှုများမှ အမြန်ဆုံးဆုတ်ခွာပြီး နိုင်ငံတော်၏ အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးတာဝန်ကို နိုင်ငံတော်အစိုးရ လက်အောက်တွင်ဂုဏ်သိက္ခာရှိရှိ တာဝန်ထမ်းဆောင်စေလိုကြောင်း၊ တစ်ပြိုင်နက်တည်းတွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရန်၊ ဖျက်ရန်၊ အသစ်ရေးဆွဲရန် လှုပ်ရှားမှုတွင်လည်း ပူးပေါင်းပါဝင်ခြင်းဖြင့် အခွင့်အလမ်းကောင်းတစ်ရပ်ကို ရယူရန် ယင်းအဖွဲ့အစည်း တစ်ရာကျော်က ယင်းသဘောထားကြေညာချက်တွင်တိုက်တွန်းတောင်းဆိုထားသည်။

ယင်းပူးတွဲသဘောထားထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ”ချက်ချင်းရပ်ရမယ် ပြောနေလို့မရဘူး။ နှစ်ဖက်စလုံးရပ်ရလိမ့်မယ်။ အထူးသဖြင့် သြဇာရှိတဲ့၊ အာဏာရှိတဲ့ အင်အားကြီးတဲ့ လူတွေက ပိုပြီးတော့ သဘောထားကြီးစွာနဲ့ စရပ်ဖို့ကြေညာရမယ်လို့ ဒီလိုပဲ ထပ်ပြီးတော့ တောင်းဆိုရမှာဖြစ်ပါတယ်” ဟု ပြောဆိုသည်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၉ ခုနှစ် ဧပြီလကုန်အထိ မြန်မာနိုင်ငံအနှံ့ တိုင်းရင်းသားဒေသများတွင် တိုက်ပွဲပေါင်း ၁၅၂ ကြိမ် ဖြစ်ပွားခဲ့ပြီး ယင်း ၁၅၂ ကြိမ်အနက် ရခိုင်ပြည်နယ်တွင် ၁၀၃ ကြိမ်အထိတိုက်ပွဲ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ရခိုင်ပြည်နယ်တွင် ၁၀၃ ကြိမ်အထိတိုက်ပွဲ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

သတင်း၊ ဓာတ်ပုံ – နောင်လေး ။