ပြန်လည်လွတ်မြောက်လာသည့် ကျောင်းသားများနှင့် ဝန်းရံပြည်သူများကို ကြိုဆို

ပါတီလှုပ်ရှားမှုများ

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး၊ ဒီမိုကရေစီပညာရေးအတွက် သပိတ်မှောက်ဆန္ဒပြသဖြင့် မတရားဖမ်းဆီးချုပ်နှောင်ခံထားရသည့် ကျောင်းသားများ၊ ဝန်းရံပြည်သူများသည် သာယာဝတီ၊ မြင်းခြံနှင့် အင်းစိန်အကျဉ်းထောင်တို့မှ   ၈- ၄- ၂၀၁၆ ရက်နေ့ ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့ကြပါသည်။
ပြန်လည်လွတ်မြောက်လာသူများက ရန်ကုန်မြေသို့ ပြန်ရောက်ရောက်ချင်း ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်သို့ သွားရောက်ဂါရဝပြုခဲ့ကြပါသည်။
ကျောင်းသားများနှင့် ဝန်ရံပြည်သူများကို ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူများ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းများ၊ ဗကသများအဖွဲ့ချုပ်အဖွဲ့ဝင်များနှင့် ပြည်သူများက ဆရာကြီးဂူဗိမာန်မှ တခဲနက် ဝမ်းသာလှိုက်လှဲစွာ ဆီးကြိုနှုတ်ဆက်ကြပါသည်။
ထိုနှုတ်ဆက်ပွဲတွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့ကိုယ်စား ဦးအောင်ထိုက်၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ရက်ကိုယ်စား ဦးထွန်းဝင်းငြိမ်းတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားခဲ့ကြပါသည်။
လွတ်မြောက်လာသူများကိုယ်စား ဗကသများအဖွဲ့ချုပ်မှ ကိုကျော်ကိုကို၊ မဖြိုးဖြိုးအောင်၊ ကိုမိုးထက်နေနှင့် မအိသဉ္ဇာမောင်တို့က ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကြပြီး ည ၁းဝ၀ နာရီကျော်တွင် ကြိုဆိုဂုဏ်ပြုပွဲ ပြီးဆုံးခဲ့ပါသည်။