တိုင်းပြည်အကျိုးကို ရှေ့ရှု၍ တပ်မတော်အား နိုင်ငံရေးမှ ဆုတ်ခွာရန် UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများ မေတ္တာရပ်ခံ

ပါတီလှုပ်ရှားမှုများ သတင်းဒိုင်ယာရီ

တိုင်းပြည်၏ အကျိုးကို တည့်တည့်ကြည့်ကာ နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွာရန် တပ်မတော်ကို စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA)နှင့် မိတ်ဖက်အဖွဲ့အစည်းများ၏ ညှိနှိုင်းဆွေးနွေးပွဲက မေတ္တာရပ်ခံတိုက်တွန်းသည်။

UNA က ဦးစီးကာ ၎င်းတို့၏ မိတ်ဖက်အဖွဲ့များနှင့် ပြုလုပ်ခဲ့သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ငြိမ်းချမ်းရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆွေးနွေးပွဲအပြီးတွင် ယခုကဲ့သို့ ထုတ်ပြန်တောင်းဆိုလိုက်ခြင်းဖြစ်သည်။ စတုတ္ထအကြိမ် ပြုလုပ်သော ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင် ဖေဖော်ဝါရီ ၂၆ နှင့် ၂၇ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး အဖွဲ့အစည်း ၂၀ တက်ရောက်ခဲ့သည်။

အနိမ့်ဆုံးအဆင့်အနေဖြင့် လက်ရှိတိုင်းပြည်၏ လုံခြုံရေးအခြေအနေအရပ်ရပ်ကြောင့် တပ်မတော်သည် နိုင်ငံရေးနယ်ပယ်မှ ဆုတ်ခွာရန် ခက်ခဲနေပါက မည်သည့်ကာလ၊ မည်သည့်အခြေအနေတွင် ဆုတ်ခွာမည်ဖြစ်ကြောင်းကို အချိန်ဇယားအတိအကျဖြင့် ပြည်သူများအား ကတိပြုပြောကြားရန်လည်း ၎င်းတို့က ဆိုသည်။

“အားလုံးကတော့ တိတိကျကျ သိချင်တယ်။ ရက်အတိအကျ သိချင်တယ်။ အဲဒီသဘောပါ” ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) အတွင်းရေးမှူးအဖွဲ့ဝင် ဦးစိုင်းညွန့်လွင်က ပြောသည်။

ထိုသို့ နိုင်ငံရေးမှ ဆုတ်ခွာမှသာ တိုင်းပြည်အေးချမ်း၍ ဖွံ့ဖြိုးတိုးတက်သော လမ်းကြောင်းပေါ်သို့ တက်လှမ်းနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယမန်နေ့ပွဲသို့ UNA အဖွဲ့ဝင် တိုင်းရင်းသားနိုင်ငံရေးပါတီ ၁၅ ပါတီအပါအဝင် ယင်း၏ မိတ်ဖက်အဖွဲ့အစည်းများဖြစ်သော အခြားနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ စုစုပေါင်း ၄၉ ဖွဲ့ တက်ရောက်ခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမရှိမှ နိုင်ငံရေးတွင် တပ်မတော်ပါဝင်နေခြင်းမှ ဆုတ်ခွာရန် အစီအစဉ်ရှိကြောင်း ရန်ကုန်တိုင်းစစ်ဌာနချုပ်တွင် ဖေဖော်ဝါရီ ၂၃ ရက်တွင် ကျင်းပခဲ့သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲ၌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းကြောင့် တိုင်းပြည်၏ အခြေအနေမှာ ဖွံ့ဖြိုးရေးလမ်းကြောင်းမှ ဘေးသို့ချော်လျက် ဘက်စုံအင်အားချည့်နဲ့သည့် အဆင်းရဲဆုံးနိုင်ငံတခုအဖြစ်သို့ ရောက်ရှိခဲ့ရခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအခြေအနေများကို သတိပြုရန် လိုအပ်ကြောင်း တပ်မတော်နှင့် အစိုးရတို့ကို တိုက်တွန်းသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းမှာ လွတ်လပ်ရေးနေ့မှစ၍ ယနေ့တိုင်ဖြစ်ကြောင်း၊ ၁၉၆၂ နောက်ပိုင်း တပ်မတော်က အာဏာသိမ်းယူလိုက်သည့်အခါ ယင်းအကျပ်အတည်းကို နိုင်ငံရေးနည်းလမ်းများဖြင့် ဆွေးနွေးအဖြေရှာရန် လမ်းပိတ်သွားခဲ့သည်ဟု ဆိုသည်။

လယ်ယာမြေနှင့်ပတ်သက်သည့် ဥပဒေဆိုင်ရာကိစ္စရပ်များ၊ အလုပ်သမားအခွင့်အရေးနှင့်ပတ်သက်သော ဥပဒေဆိုင်ရာ ကိစ္စရပ်များ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များ၊ ပညာရေးပြုပြင်ပြောင်းလဲရေးဆိုင်ရာ ကိစ္စပ်များ ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ဆိုင်ရာကိစ္စရပ်များ စသည်တို့မှာလည်း ဖွဲ့စည်းပုံအခြေခံဥပဒေအကျပ်အတည်းကြောင့်ဟု ဖော်ပြပါရှိသည်။